Sunday, July 27, 2014

ပြည်တွင်းနိုင်ငံရေး အင်အားစုများနှင့် ပါတီအဖွဲ့အစည်းများက ငြိမ်းချမ်းရေးဖြစ် စဉ်ကို စောင့်နေ၍ ရလဒ်ကောင်း ထွက်ပေါ်လာရန် လိုအပ်ဟု KNU ဥက္ကဋ္ဌပြောကြား



၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်လိုသူများ အပါအဝင် ပြည်တွင်းနိုင်ငံရေးအင်အားစု၊ ပါတီအဖွဲ့အစည်းများက ငြိမ်းချမ်းရေးဖြစ်စဉ်ကို စောင့်နေ၍ အစည်းအဝေးတွင် ရလဒ်ကောင်းထွက်ပေါ်လာရန် လိုအပ်ဟု ဇူ လိုင် ၂၆ ရက်က ကချင်ပြည်နယ် လိုင်ဇာမြို့၌ ပြုလုပ်သည့် NCCT အဖွဲ့ဝင် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီးခေါင်းဆောင်များ အစည်းအဝေး ဒုတိယနေ့တွင် KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ပြောကြားသည်။
ညီညွတ်ခြင်းရရှိရေးနှင့် တစ်နိုင်ငံလုံး အပစ်ရပ်စဲရေး လုပ်ငန်းစဉ်များ ဆောင်ရွက် ရန် NCCTအဖွဲ့ ဖွဲ့စည်းလုပ်ကိုင် လာသည်မှာ ရှစ်လကျော်လာပြီဖြစ်သော်လည်း မည်သည့်အချက်မှ ခိုင်ခိုင်မာမာမရသေးဘဲ ဆွေးနွေးနေရဆဲဖြစ်သည်ဟု ၎င်းကဆိုသည်။

ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးက “ဆက်လက်ဆွေးနွေးရန်ဖြစ်တဲ့ မူကြမ်းက(၁) ဝေါဟာရအသုံးပြုမှု(၂)ပါဝင်သည့် အကြောင်းအရာ (၃)အယူအဆပိုင်း ဆိုင်ရာတွေကို စသည်များကို အချိန်မည်မျှကြာ ဆက်လက်ဆွေးနွေးမယ်ကို ကျွန်တော်တို့ တစ်ယောက်ဆီက တပ်အပ်မပြောနိုင်ပါ။ တပ်အပ်ပြောနိုင်သည်မှာ တိုးတက်ဖြစ်ထွန်းမှုမရှိဘဲ ဖြစ်စဉ်ကြာ ရှည် ရပ်တန့်နေခြင်းသည် အားလုံးအတွက် မကောင်းနိုင်ခြင်းဖြစ်ပါတယ်” ဟု ဆိုသည်။

“အထူးသဖြင့် ပြည်တွင်းက နိုင်ငံရေးအင်အားစုတွေ၊ ပါတီအဖွဲ့အစည်းတွေ၊ ဖွဲ့စည်းပုံကို ပြင်လိုသူတွေက ကျွန်တော်တို့ဖြစ်စဉ်ကို စောင့်နေကြပါတယ်။ အမျိုးသား ရင်ကြားစေ့ပေးနိုင်မယ့် အရေးကြီးသည့် ယခုအစည်းအဝေးတွင် ရှေ့ခရီးဆက်နိုင်မယ့် ရလဒ်ကောင်း ထွက်ပေါ်လာဖို့ လိုအပ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့မှ ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသော NCCT အဖွဲ့နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) တို့အကြား အလွတ်သဘော အစည်းအဝေး လေးကြိမ်နှင့် တရားဝင်တွေ့ဆုံ ဆွေးနွေးမှုလေးကြိမ် စုစုပေါင်းရှစ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်ဖက်ကိုယ်စားလှယ်များ ညှိနှိုင်းရေးဆွဲထားသော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်မူကြမ်း (ဒုတိယအဆင့်) ကိုရရှိထားပြီး မူကြမ်းအချောသပ်နိုင်ရေး ထပ်မံတွေ့ဆုံဆွေးနွေး မည်ဖြစ်ကြောင်း သိရသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းစီရရှိထားသည့် ပဏာမ သဘောတူချက်များကို ထိန်းသိမ်းကြရန် အစည်းအဝေးသို့ တက်ရောက်လာ သည့် တိုင်းရင်းသားခေါင်းဆောင်များကို KNU ဥက္ကဋ္ဌ က တိုက်တွန်းပြောကြား သည်။

ထို့ပြင် ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ဆက်နိုင်ရေးအတွက် ရွေးချယ်စရာ အချက်သုံးချက်ကို စဉ်းစားစေလိုကြောင်း၊ တစ်ခု မဟုတ်တစ်ခုကို သော်လည်းကောင်း ထုတ်နုတ်ပေါင်းစပ်ပြုခြင်းကို စဉ်းစားရွေးချယ်နိုင်သည်ဟု လည်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက ဆိုသည်။

အဆိုပါ အချက်သုံးချက်မှာ (၁) တန်းတူရေးမူကို အခြေခံသည့် လက်ရှိဆွေးနွေးညှိနှိုင်း နေဆဲဖြစ်သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုစာချုပ်ပါ အချက်များအတွက် သဘောတူညီမှုရယူ၊ လက်မှတ်ရေးထိုးပြီးသည်နှင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆက်သွားနိုင်ရေးဖြစ်ပြီး တပ်ပိုင်းဆိုင်ရာကိစ္စ၊ ကြားကာလကိစ္စ၊ လွတ်လပ်ပြီး ဘက်မလိုက်သော စောင့်ကြည့်ရေးယန္တရားနှင့် နှစ်ဖက်လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ တစ်ပါတည်းရယူခြင်း။ (၂) အန္တရာယ်များသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များ၏ ညီညွတ်ရေးအတွက် စိန်ခေါ်မှုဖြစ်သော အဆင်သင့်ဖြစ်သူ လက်မှတ်ထိုး၊ ကျန်နေသူများအတွက် စာအုပ်ဖွင့်ထားခြင်း။ (၃) တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်ရပ်ရေးကို ဆွေးနွေးညှိနှိုင်းနေခြင်းနှင့် တစ်ချိန်တည်းမှာပင် နိုင်ငံရေးမူဘောင်ရရှိရေး၊ နှစ်ဖက်လိုက်နာရမည့် စစ်ဘက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ သဘောတူညီချက်ရယူရေး စသည့်လုပ်ငန်းများကို တစ်ပြိုင်တည်း လုပ်ဆောင်လျက် နိုင်ငံရေးဆွေးနွေးမှုကို စတင်လုပ်ကိုင်ကြခြင်း စသည်တို့ဖြစ်သည်။

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက “အရေးကြီးသည်မှာ ငြိမ်းချမ်းရေးဖြစ်စဉ် ပိတ်ဆို့ရပ်တန့် မထားသင့်ပါ။ ဖြစ်စဉ်ရှေ့ဆက် နိုင်ရေးအတွက် နိုင်ငံရေးဆွေးနွေးခြင်းအဆင့်ကို အပစ်အခတ်ရပ်စဲရေးဖြစ်စဉ်နှင့် မျဉ်းပြိုင်ပြုလျက် စတင် ထားနိုင်ကြပါလျှင် မြန်မာနိုင်ငံရှိ သက်ဆိုင်ပါဝင်သူများအားလုံး၊ နိုင်ငံရေး ပါတီများအားလုံး၊ ပြည်သူများအားလုံးနဲ့ ပြည်သူ့အခြေပြု အဖွဲ့အစည်းများ အားလုံးအတွက် ကောင်းခြင်းကို ယူဆောင်လာမှာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List