Sunday, July 27, 2014

အူရီးဒူးဆင်းမ်ကတ် ဖြန့်ဖြူးပေးမည့် ကုမ္ပဏီခြောက်ခု ရွေးချယ်


အူရီးဒူးမြန်မာကုမ္ပဏီမှ ဆင်းမ်ကတ်များ စတင်ရောင်းချချိန်တွင် အသင့်ဖြစ်စေရန် အဓိကဖြန့်ဖြူးရောင်း ချပေးမည့် ဖြန့်ချိရေး ကုမ္ပဏီခြောက်ခုကို ခန့်အပ်လိုက်ပြီး ရန်ကုန်နှင့် အခြားတိုင်းနှင့်ပြည်နယ်ရှစ်ခုတွင် အသင့်ဝယ်ယူနိုင်မည်ဖြစ်ကြောင်း   သတင်းရရှိသည်။

မိုဘိုင်းဆင်းမ်ကတ်များ ရောင်းချပေးမည့် အစီအစဉ်ကို သြဂုတ်လတွင် တရားဝင် ထုတ်ပြန်ရောင်းချပေး မည်ဖြစ်ကာ အဓိကမြို့ကြီးသုံးမြို့ဖြစ်သော ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် စတင်ရောင်းချရာ၌ ၎င်းတို့နှင့်နီးစပ်သည့် မြို့များပါ အဆင်သင့်ဖြစ်စေရန် ကုမ္ပဏီခြောက်ခုကိုသာစတင်ခန့်အပ် လိုက်ခြင်းဖြစ်ကြောင်း အူရီးဒူးမြန်မာကုမ္ပဏီမှ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေးမန်နေဂျာ ဒေါ်သီရိကြာညို ကပြောသည်။

‘‘အခုက စစရောင်းမယ့်အချိန်မှာ မြို့ကြီးသုံးမြို့နဲ့ အဲဒီမြို့ပတ်ပတ်လည်က မြို့တွေကို Cover ဖြစ်အောင် ခန့်ထားတာပါ။ နောက်ပိုင်းလည်း ထပ်ပြီးချဲ့ထွင်သွားဦးမှာပါ။ အခုခန့်အပ်ထားတဲ့ကုမ္ပဏီနဲ့ သက်ဆိုင်ရာ ဒေသတွေက ရောင်းချင်တဲ့သူတွေက သူတို့ကို ဆက်သွယ်လို့ရပါတယ်’’ဟု ဒေါ်သီရိကြာညိုကပြောသည်။

ဖြန့်ဖြူးရောင်းချမည့် ကုမ္ပဏီခြောက်ခုမှာ Great Ayerwaddy တယ်လီကွန်၊ MDG မိုဘိုင်းကုမ္ပဏီလီမိတက် များ၊ Direct Consumer လီမိတက်၊ Capital Connect လီမိတက်၊ Kiwi & I ကုမ္ပဏီလီမိတက်၊ MDR Golden Myanmar Sea ကုမ္ပဏီလီမိတက်တို့ဖြစ်ကြောင်း အူရီးဒူးမြန်မာကုမ္ပဏီက ထုတ်ပြန်သည်။

ထိုကုမ္ပဏီခြောက်ခုမှ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်း တိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ မြို့နယ်များတွင် အူရီးဒူးမြန်မာ၏ ၀န်ဆောင်မှုများနှင့် ကုန်ပစ္စည်းများကို လက်လီကိုယ်စားလှယ်အဖြစ် ရောင်းချလိုပါက နယ်မြေအလိုက် သက်ဆိုင်ရာ ကုမ္ပဏီကို ဆက်သွယ်နိုင်ကြောင်း သိရသည်။

အဆိုပါကုမ္ပဏီများမှာ သက်ဆိုင်ရာ နယ်မြေဒေသ၊ မြို့နယ်များတွင် ရာနှင့်ချီ၍ ဖြန့်ချိရေးကိုယ်စားလှယ်များ ခန့်အပ်ထားရှိပြီး ထိုအရောင်းကိုယ်စားလှယ်များမှ အူရီးဒူးမိုဘိုင်းဆင်းမ်ကတ်များ၊ ငွေဖြည့်ကတ်များနှင့် ဈေးနှုန်းအမျိုးမျိုးသော လက်ကိုင်ဖုန်းများကို ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List