Sunday, July 27, 2014

မာစတာစပေါ့မှပေးသော သင်ခန်းစာ



အစိုးရသစ်လက်ထက်တွင် နိုင်ငံခြားသားပိုင်စက်ရုံတစ်ခု ပထမဆုံးအကြိမ် စက်ရုံပိတ်၍ ထွက်ပြေးသွားခဲ့သည်။ ကိုရီးယားနိုင်ငံသားပိုင် အဆိုပါစက်ရုံသည် မြန်မာနိုင်ငံတွင် ၂၀၁၃ မေလမှ စတင်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး တစ်နှစ်ကျော် အကြာတွင် အရှုံးပေါ်၍ ဥပဒေများချိုးဖောက်ကာ ပိုင်ရှင်ကဖုတ်ဖက်ခါထွက်ပြေး သွားခြင်းဖြစ်သည်။
စက်ရုံရုတ်တရက်ပိတ်၍ ထွက်ပြေးမှုကြောင့် စက်ရုံတွင် လုပ်ကိုင်နေသော အလုပ်သမားရှစ်ရာသာမက သူတို့နောက် တွင် မှီခိုနေသော မိသားစုများပါ အခက်အခဲနှင့် ကြုံတွေ့ခဲ့သည်။

စက်ရုံပိတ်ထွက်ပြေးသောကြောင့် အလုပ်သမားများက လုပ်ခလစာ တစ်လစာနှင့် စက်ရုံရုတ်တရက်ပိတ်သွား၍ နစ်နာကြေးများရရှိရန် အပါအ၀င် အချက်ရှစ်ချက်အား ကိုရီးယားသံရုံးရှေ့တွင် ဇူလိုင် ၁၇ ရက်က တစ်နာရီခွဲခန့်ကြာ ဆန္ဒပြတောင်းဆိုခဲ့သည်။ ယင်းကဲ့သို့ အလုပ်သမားများက ရပိုင်ခွင့်ကို ဆန္ဒပြတောင်းဆိုသောကြောင့် ဇူလိုင် ၂၁ ရက်တွင် အလုပ်သမားကိုယ်စားလှယ်များနှင့် ကိုရီးယားသံအမတ်တို့ ညှိနှိုင်းမှုများ ပြုလုပ်နေသည်။

မာစတာစပေါ့စက်ရုံပြဿနာသည် ပြည်ပရင်းနှီးမြှုပ်နှံသူများ၏ တာဝန်ယူမှု၊ တာဝန်ခံမှု အရေးကြီးကြောင်းသာဓကဖြစ် သည်။ ထို့အပြင် အစိုးရသစ်လက်ထက် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်လာရန်သာမက ၀င်ရောက်လာသော ရင်းနှီးမြှုပ်နှံ မှုကို စိစစ်ရန်အတွက် မာစတာစပေါ့စက်ရုံပြဿနာက ခေါင်းလောင်းထိုးသံ ဖြစ်လာသည်။

‘‘ပြည်ပရင်းနှီးမြှုပ်နှံမှုတွေကို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေအတိုင်းပဲ ခွင့်ပြုတယ်’’ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။

လက်ရှိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် နိုင်ငံခြားကုမ္ပဏီများသည် မည်သို့အလုပ်သမားခန့်ထားရမည်သာပါဝင်ပြီး လုပ်ငန်းဖျက်သိမ်းပါက အလုပ်သမားများ၏ အခွင့်အရေးနှင့် ပတ်သက်၍ မည်သို့နစ်နာကြေးပေးရမည်ဟု ထည့်သွင်းဖော်ပြ ထားခြင်းမရှိပေ။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေတွင် ပြည်ပကုမ္ပဏီများရင်းနှီးမြှုပ်နှံရာ၌ ပဋိညာဉ်စာချုပ်ပါ သက်တမ်းမကုန်ဆုံးမီ လုပ်ငန်း ရပ်စဲခွင့်ရ၍ စာရင်းရှင်းဖျက်သိမ်းရာတွင်လည်းကောင်း၊ လုပ်ငန်းပြီးဆုံး၍ စာရင်းရှင်းလင်းရာတွင်လည်းကောင်း နိုင်ငံတော်၏ တည်ဆဲဥပဒေနှင့်အညီ လိုက်နာကျင့်သုံးဆောင်ရွက်ရမည်ဟု ပါရှိသည်။ ရုတ်တရက်လုပ်ငန်းရပ်၍ သက်ဆိုင်ရာတိုင်းပြည်သို့ ပြန်သွားပါက မည်သို့ဆောင်ရွက်ရမည်ဟု အသေးစိတ်မပါရှိပေ။

ထို့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနည်းဥပဒေတွင် ရင်းနှီးမြှုပ်နှံသူသည် မိမိဘဏ်စာရင်းရှိ နိုင်ငံခြားငွေကို ရင်းနှီးမြှုပ်နှံ ထားသော စီးပွားရေးလုပ်ငန်းများနှင့် မသက်ဆိုင်သည့် အခြားကိစ္စများအတွက် ထုတ်ယူသုံးစွဲခြင်း၊ ဘဏ်ငွေစာရင်း လွှဲပြောင်းခြင်းများမပြုရဟု ပါရှိသည်။

‘‘ပြည်တွင်းက ပါတနာမပါဘဲ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တော်တော်များများက လုပ်လေ့မရှိဘူး။ အကြံပေးအနေနဲ့တော့ ပါကြတယ်။ အမည်ခံမှာလည်း အခွင့်ရေးယူထားတဲ့အတွက် ပြဿနာဖြေရှင်းဖို့ တာဝန်ရှိတယ်’’ဟု ကုန်သည်စက်မှု အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက ပြောကြားသည်။ထို့ကြောင့် မြန်မာနိုင်ငံသို့ ပြည်ပမှ လာရောက် ရင်းနှီးမြှုပ်နှံသော လုပ်ငန်းရှင်အချို့သည် မြေငှား၊ စက်ရုံငှား၊ စက်ငှားပြီး လုပ်ကိုင်ကြသည်။ ထို့ကြောင့် လုပ်ငန်းရပ်ဆိုင်း လိုလျှင် ရုတ်တရက် ပြန်ထွက်သွားနိုင်သည်။ ထိုအတွက် စတင်ရင်းနှီးမြှုပ်နှံ မှုများ ပြုလုပ်စဉ်ကပင် ခိုင်မာမှုရှိစေရန် အာမခံများ ရယူထားရန်လိုကြောင်း လုပ်ငန်းရှင်အချို့က ပြောသည်။

‘‘ပိတ်ပြီးတော့ ထွက်သွားပြီဆိုရင်တော့ စက်တွေရောင်းပြီး ပေးလို့ရတယ်။ ဒါပေမဲ့ စက်တွေက ငှားထားတာဆိုရင်တော့ ဆုံးပြီပေါ့’’ဟု လှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးရှိ စက်မှုဇုန်များတွင် ယခင်အစိုးရလက်ထက်က ရုတ်တရက်စက်ရုံပိတ်၍ ပြန်သွားမှုများသည် တစ်နှစ်လျှင်တစ်ကြိမ်၊ နှစ်ကြိမ်ခန့်ရှိတတ်ပြီး ထိုသို့ပြဿနာများဖြစ်ပွားပါက ဖြေရှင်းမှုမှာလည်း ကာလကြာရှည်ခဲ့သည်။ ထိုကြောင့် ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ခွင့်ပြုရာတွင် စနစ်တကျစိစစ်ပြီးမှာသာ ခွင့်ပြုသင့်ကြောင်း စီးပွားရေးလုပ်ငန်း ရှင်များက အကြံပြုသည်။

ကိုရီးယားနိုင်ငံသား ရင်းနှီးမြှုပ်နှံသူထွက်ပြေးမှုသည် ယခုမှဖြစ်ပြီး ယခင်က အမည်ခံရင်းနှီးမှုများဖြစ်သော အင်ဒို၊ တရုတ်နိုင်ငံမှ လုပ်ငန်းရှင်များ ပြဿနာဖြစ်မှုက ပိုများခဲ့သည်။ ယင်းကဲ့သို့ လုပ်ငန်းပိတ်သိမ်းမှုများမှာ ပြင်ပသို့ သတင်း မထွက်ဘဲ ညှိနှိုင်းခြင်းဖြင့် ပြေလည်သွားခဲ့မှုများလည်း ရှိသည်။

လက်ရှိကိုရီးယားစက်ရုံ ပိတ်သိမ်းမှုသည် အလုပ်သမားဝန်ကြီးဌာနထက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်တွင် ပိုမိုတာဝန်ရှိကြောင်း လုပ်ငန်းရှင်အချို့ကပြောသည်။ ရင်းနှီးမြှုပ်နှံမှု စတင်လုပ်ကိုင်ခွင့်ပြုစဉ်က တစ်လစာအလုပ်သမားခ ကို အာမခံအနေဖြင့် ရယူထားသင့်ကြောင်း လှိုင်သာယာစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။ ထို့အပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့်လည်း စတင်ခွင့်ပြုစဉ်က အဆိုပြုထားသည့်အတိုင်း လုပ်ကိုင်ခြင်း ရှိ၊ မရှိကို အမြဲစစ်ဆေးရန် လိုအပ်ကြောင်း ၎င်းကအကြံပြုသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် လပေါင်းလေးဆယ်အတွင်း နိုင်ငံခြားသားသီးသန့်ရင်းနှီးမြှုပ်နှံမှု၊ နိုင်ငံသားနှင့် ဖက်စပ်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၃၀၃ ခုထိရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်ထိ ရှိသည်။

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာမှုသည် တိုင်းပြည်စီးပွားရေးနှင့် ပြည်သူများ အလုပ်အကိုင် အခွင့်အရေးများစွာ ရရှိရန်အတွက် အခြေအနေကောင်းတစ်ခု ဖြစ်လာသည်။ သို့သော် တရုတ်နိုင်ငံ၏ အပြောင်းအလဲကို ဦးဆောင်ခဲ့သူ တိန့်ရှောင်ဖိန်၏ ‘‘တိုင်းပြည်၏တံခါးကို ဖွင့်လိုက်ပါ၊ လေပြည်လေညင်းနဲ့အတူ အမှိုက်တွေလည်း ပါလာ လိမ့်မယ်’’ဟူသော စကားတစ်ခွန်းမှာ သတိပြုစရာ ဖြစ်လာသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှုများတွင် တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသော လုပ်ငန်းရှင်များ ရှိသကဲ့သို့ တာဝန်ယူမှု၊ တာဝန်ခံမှုမရှိသော လုပ်ငန်းရှင်များလည်း ရှိနေသည်။ ထို့ကြောင့် စိစစ် ရန်မှာ အစိုးရ၏တာဝန်သာ ဖြစ်သည်။

‘‘စကတည်းက ရင်းနှီးမြှုပ်နှံမှုကို တာဝန်သိ၊ တာဝန်ကျေ ရင်းနှီးမြှုပ်မှုဖြစ်အောင် တာဝန်ရှိသူတွေကကြိုပြင်ထားသင့် တယ်။ ဥပဒေပိုင်းဆိုင်ရာ ကွက်လပ်ဖြစ်နေ တာကိုလည်း အမြန်ဆုံးပြင်သင့်တယ်’’ဟု နိုင်ငံတော်သမ္မတ၏ စီးပွားရေး အကြံပေး ဒေါက်တာအောင်ထွန်းသက်က ပြောကြားသည်။

သို့သော် ရင်းနှီးမြှုပ်နှံသူအချို့သည် ဘဏ်၌ထည့်ထားသော နိုင်ငံခြားငွေကို ၀ယ်ယူမှုမျိုးစုံ အကြောင်းအမျိုးမျိုးပြ ပြန်လည်ထုတ်ယူမှုများလည်း ရှိသည်။ ထို့အပြင် လုပ်ငန်းရှင်အချို့က နိုင်ငံခြားငွေကို ထုတ်ယူရောင်းစားပြီး မြန်မာငွေအနည်းငယ် ပြန်ထည့်မှုများရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောကြားသည်။

‘‘လုပ်ငန်းရှင်တွေ ရုတ်တရက်ထွက်ပြေးတာ အုပ်ချုပ်ရေးပိုင်းမှာလည်း တာဝန်ရှိတယ်။ ဥပဒေမှာ သိပ်ပြီးတင်းကျပ် လွန်းရင်လည်း သူတို့က လာလုပ်မှာမဟုတ်ဘူး’’ဟု နိုင်ငံတကာကုမ္ပဏီများအတွက် ဥပဒေ အကျိုးဆောင်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးကပြော ပါသည်။

တောင်ကိုရီးယားနိုင်ငံသို့ ပြန်သွားသော မာစတာစပေါ့စက်ရုံပိုင်ရှင်ကို အလုပ်သမားဝန်ကြီးဌာနက ပုဒ်မလေးခုဖြင့် တရားစွဲထားသည်။ ၁၉၅၁ ခုနှစ် အလုပ်ရုံအက်ဥပဒေ၊ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေးဥပဒေ၊ အလုပ်သမားအဖွဲ့အစည်းဥပဒေနှင့် လူမှုဖူလုံရေးဥပဒေတို့ဖြင့် တရားဆိုစွဲဆိုထားခြင်းဖြစ်သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် လုပ်ငန်းရှင်များအနေဖြင့် ယခုကဲ့သို့ တာဝန်ယူမှုပျက်ကွက်ပါက မည်ကဲ့သို့အရေးယူမည်ဟု မပါဝင်ဘဲ တည်ဆဲဥပဒေများဖြင့်သာ အရေးယူမည်ဟု ပါဝင်သည်။

မြန်မာနိုင်ငံသည် ကမ္ဘာ့စီးပွားရေးအင်အားကြီးနိုင်ငံများဖြစ်သော တရုတ်၊ အိန္ဒိယနိုင်ငံတို့နှင့် နယ်နိမိတ်ချင်းထိစပ်နေပြီး လူဦးရေသန်းခြောက်ရာရှိသော အာဆီယံနှင့်လည်း ချိတ်ဆက်ထားခြင်းတို့ကြောင့် ရင်းနှီးမြှုပ်နှံလိုသူများ၏ မျက်စိကျ စရာဖြစ်နေသည်။

ထို့အပြင်ဥရောပက မြန်မာနိုင်ငံမှ ထုတ်ကုန်များအပေါ် အခွန်အထူးသက်သာ ခွင့်ပေးထား၍ လက်ခစားလုပ်ငန်း ရင်းနှီးမြှုပ်နှံလိုသူများ မျက်စိကျနေသည်။

ထို့အပြင်ပြည်တွင်း၌ အလုပ်လုပ်နိုင်သော လူဦးရေ ၃၇ သန်းရှိပြီး အလုပ်သမားခမှာလည်း ဈေးသက်သာခြင်း၊ သဘာဝ သယံဇာတပေါများခြင်း တို့ကလည်း နိုင်ငံတကာစီးပွားရေးလုပ်ငန်းရှင်များကို ဆွဲဆောင်နေသည်။

မြန်မာနိုင်ငံသို့ ၀င်ရောက်နေသော ပြည်ပရင်းနှီးမြှုပ်နှံမှုများတွင် အများစုမှာ လုပ်သားအခြေပြုအထည်ချုပ်လုပ်ငန်း၊ လက်ခစားလုပ်ငန်းများ အများစုဖြစ် သည်။ ထိုလုပ်ငန်းများသည် အရင်းနှီးအနည်းငယ်နှင့် လုပ်ကိုင်နိုင်ပြီး လူများစွာကို အလုပ်ပေးနိုင်သည်။ သို့သော် လုပ်သားများနှင့် နိုင်ငံနစ်နာမှု မရှိစေရန် ဥပဒေ၊ နည်းဥပဒေများ ကာကွယ်ပေးရန် လိုအပ်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်များကပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List