Sunday, July 27, 2014

သာကေတ အမှတ်(၁)ဈေးအတွင်း မီးလောင်မှုဖြစ်ပွားပြီး ဆိုင်ခန်း ၃၉ ခန်း မီးလောင်ပျက်စီး



သာကေတမြို့နယ် အမှတ်(၁)ဈေးအတွင်း ဇူလိုင် ၂၆ ရက် ညနေပိုင်းက မီးလောင်ကျွမ်းမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ ဆိုင်ခန်း ၃၉ ခန်း မီးလောင်ပျက်စီးခဲ့သည်။

မီးလောင်ကျွမ်းခဲ့သည့် ဈေးရုံမှာ(င)ရုံ ဖြစ်ပြီး ၎င်းဈေးရုံအတွင်း၌ ဆိုင်ခန်းပေါင်း ၄၄ ခန်းရှိကာ ယင်းတို့ အနက် ၃၉ ခန်းမှာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ စုံစမ်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသော်တာက “မီးလောင်တယ်လို့ သတင်းရတာက ညနေ ၅ နာရီ ၂ဝ မိနစ်လောက်ကပါ။ ၅ နာရီ ၄၅ မိနစ်မှာ မီးငြိမ်းသွားပါတယ်။ မီးစလောင်တဲ့ ဆိုင်ခန်းက ဖိနပ်ဆိုင်ပါ။ အဲဒီဖိနပ်ဆိုင်ပိုင်ရှင် ဖြစ်သူကို မီးပေါ့ဆမှုနဲ့အမှုဖွင့် အရေးယူထား ပါတယ်” ဟု ပြောကြားသည်။

မီးလောင်ကျွမ်းမှုဖြစ်ပွားစဉ် ဈေးမှာပိတ်ထားသည့် အချိန်ဖြစ်ပြီး ယင်းနေ့ညနေ ၅ နာရီခန့်မှ စတင်လောင် ကျွမ်းခဲ့ခြင်း ဖြစ်နိုင်ကြောင်းနှင့် မီးလောင်ကျွမ်းရသည့် အကြောင်းရင်းမှာ မသိရှိရသေးဘဲ စုံစမ်းနေ ဆဲဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

မီးလောင်ကျွမ်းသွားသည့် ဆိုင်ခန်းတစ်ခန်း၏ ပိုင်ရှင်ဖြစ်သူက“ဒီနေ့က နေ့ဈေးနေ့ တစ်ဝက်ပိတ်တယ်။ အိမ်မှာနေနေတုန်း ဈေးမီးလောင်နေတယ်လို့ ဖုန်းဝင်လာလို့ ပြေးချလာတာ။ ဒီရောက်တော့ အားလုံးကုန်ပြီ” ဟု ပြောပြသည်။

“ညနေ ၄ နာရီလောက်ကစပြီး မီးခိုးတွေ အူထွက်လာလို့ မီးလောင်တယ်ဆိုတာ သိရတယ်။ ဘာကြောင့်လောင် လဲ ဆိုတာတော့ မသိရပေမယ့် မီးလောင်တဲ့ အချိန်က ဈေးပိတ်ထားတဲ့အချိန်ပါ” ဟု ဈေးအနီးတွင် နေထိုင်သူတစ်ဦးက ဆိုသည်။

မီးလောင်ကျွမ်းရာသို့ ကွပ်ကဲမှုယာဉ်အပါဝင် မီးသတ်ယာဉ်စုစုပေါင်း ၂၃ စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၁၃ဝ ဦးဖြင့် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။ 


Eleven Media group

No comments:

Post a Comment

My Blog List