Sunday, July 13, 2014

အစိုးရသစ်နှင့် အာဏာမျှဝေ ထိန်းချုပ်ထားမည်ဟု ထိုင်းစစ်တပ် အကြီးအကဲ ပြောကြား


အစိုးရသစ်လက်ထက်တွင် ထိုင်းစစ်တပ်အနေဖြင့် အမျိုးသားလုံခြုံရေးကဏ္ဍကိုချုပ်ကိုင်ထားမည်ဖြစ်ကြောင်း အာဏာသိမ်းထိုင်းစစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ပရာယွတ်သ် ချန်အိုချာက ပြောကြားလိုက်သည်။

နိုင်ငံတကာက ထိုင်းတွင် စစ်တပ်အာဏာသိမ်းယူမှုကို ရှုတ်ချနေပြီး အရပ်သား အစိုးရလက်သို့ အပြည့်အဝ ပြန်လည် အာဏာအပ်နှင်းရန် တောင်းဆိုနေသော်လည်း ဗိုလ်ချုပ်ကြီး ပရာယွတ်သ်၏ အဆိုအရ အနာဂတ် ထိုင်းနိုင်ငံရေးတွင် စစ်တပ်က အာဏာကို မျှဝေထိန်းချုပ်ထားမည့် အလားအလာမျိုးသို့ ဦးတည်နေသည်။

၎င်းက ငြိမ်းချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေး အမျိုးသားကောင်စီ (NCPO)ဟု အမည်ပေးထားသည့် အာဏာသိမ်း စစ်တပ်အစိုးရသည် အသစ်ဖွဲ့စည်းမည့် အစိုးရ အဖွဲ့နှင့်အတူ နိုင်ငံရေးတွင် ပါဝင်နေ ဦးမည်ဟု အတည်ပြုခဲ့သည်။ ထိုင်းနိုင်ငံတွင် အစိုးရသစ် တစ်ရပ်ကို စက်တင်ဘာလအတွင်း ရွေးကောက် တင်မြှောက်နိုင်ရန် စီစဉ် အကောင်အထည် ဖော်နေသည်။

မေ(၂၂)ရက် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့သည့် ဗိုလ်ချုပ်ကြီး ပရာယွတ်သ်က “အစိုးရက စီမံအုပ်ချုပ်ရေး တာဝန်တွေကို စူးစိုက် ကိုင်တွယ်သွားပါမယ်။ NCPOကတော့ လုံခြုံရေး ကဏ္ဍအတွက် တာဝန်ယူ သွားမှာပါ”ဟု သောကြာနေ့က ရုပ်မြင်သံကြားတွင် ပြောကြားသွားခဲ့သည်။

ထိုင်းအစိုးရ အဖွဲ့သစ်သည် စစ်တပ်က ဖွဲ့စည်းထားသည့် အမျိုးသား ညီလာခံ၏ ထောက်ခံမှုဖြင့် ခန့်အပ်မည့် အလားအလာ ရှိနေပြီး စစ်ဘက် အရာရှိများ ပါဝင်လာဖွယ် ရှိနေကြောင်း သတင်းများလည်း ထွက်ပေါ်နေသည်။ ထိုင်း၏ အဓိက မဟာမိတ် အမေရိကန်နှင့် ဥရောပ ယူနီယံတို့ အပါအဝင် နိုင်ငံတကာ က ထိုင်းနိုင်ငံတွင် ဒီမိုကရေစီအစိုးရတစ်ရပ် မြန်မြန်ဆန်ဆန် ပြန်လည်အာဏာရလာရေး တိုက်တွန်း နေသော်လည်း ထိုင်းစစ်တပ်ကမူ (၂၀၁၅)ခုနှစ်၊ ဇူလိုင်လ မတိုင်မီ ရွေးကောက်ပွဲများ ကျင်းပနိုင်ဦးမည် မဟုတ်ဟု ကြေညာထားသည်။

Channelnewsasia
7Day News Journal

No comments:

Post a Comment

My Blog List