Thursday, February 26, 2015

ပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်း အတည်ပြုရေး အချိန်ကြန့် ကြာ နေသည့်အပေါ် ကျောင်းသားသပိတ် ပင်မစစ်ကြောင်း ရန်ကုန်သို့ ဆက်လက်ချီတက်မည်ဖြစ်ပြီး အခြားစစ်ကြောင်းများမှာလည်း အခြေအနေ စောင့်ကြည့်လှုပ်ရှားမည်ဟုဆို



အမျိုးသားပညာရေးဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းကို အတည်ပြုနိုင်ရေး အချိန်ကြာမြင့်နေသည့် အပေါ် ကျောင်းသားသပိတ် ပင်မစစ်ကြောင်းသည် မူလရည်မှန်းထားသည့် မတ် ၁ ရက်တွင် ရန်ကုန်သို့ ဆက်လက်ချီတက်မည်ဟု သိရပြီး ကျန် ကျောင်းသားသပိတ် စစ်ကြောင်းသုံးခုမှာလည်း စောင့် ကြည့်မှု များ ပြုလုပ်မည်ဟု သပိတ်မှောက် ကျောင်းသားများထံမှ သိရသည်။
ဥပဒေကြမ်း ရောက်ရှိနေသော အမျိုးသားလွှတ်တော်က ဖေဖော်ဝါရီ ၂၄ ရက်တွင် ပြင်ဆင်သည့် ဥပဒေကြမ်းအပေါ် ကြားနာမည့် အစီအစဉ် မတ် ၅ ရက်မှစ၍ ရှစ်ရက်ကြာ ပြုလုပ်မည်ဟု ထုတ်ပြန်ကြေ ညာခဲ့သည်။

NNER၊ ကျောင်းသားကိုယ်စားလှယ်၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် အမျိုးသားပညာရေး ဥပဒေကို အကြံပြုစာ ပေးပို့ လာသော ပြည်သူများကို မတ် ၅ ရက်မှစ၍ ၁၅ ရက်အထိ ကာလအပိုင်း အခြား ရှစ်ရက်ကြာ ကြားနာမည်ဟု သိရသည်။

“ကြားနာသင့်တဲ့ ရက်ထက်တော့ နောက်ကျနေတယ်လို့ ထင်တယ်။ လွှတ်တော်ကို စရောက်ကတည်းက ကြားနာပေးလို့ ရနိုင်တဲ့ အနေအထားလို့ ထင်တယ်။ ဟိုဘက်ကလည်း ကျွန်တော်တို့ ပင်မသပိတ် စစ်ကြောင်းက ရန်ကုန်ကို ပြန်ထွက်မယ်။ ပြန်ထွက်ရင်လည်း အရေးယူမယ်။ ဖြိုခွဲမယ်ဆိုတဲ့ အနေအထား မျိုးကို အစိုးရက ကြေညာထားတယ်။ အခုလည်း လွှတ်တော် process က ရှိတယ်။ ဒါဟာ နိုင်ငံရေး အကျပ်အတည်းပုံစံ ဖြစ်စေတဲ့ အနေအထားပါပဲ” ဟု ဒီမိုကရေစီ ပညာရေးသပိတ် (ပင်မ)စစ်ကြောင်းမှ ကိုနန္ဒာစစ်အောင်က ပြောကြားသည်။

ထို့ပြင် ယခုလကုန်ပိုင်းနှင့် မတ်လ ဒုတိယပတ်တို့တွင် တက္ကသိုလ် စာမေးပွဲ ဖြေဆိုမှုများနှင့် ဆယ်တန်း စာမေးပွဲ ဖြေဆိုမှုများ ပြုလုပ်မည်ရာ “ကျွန်တော်တို့က ကျောင်းသားကို အခြေခံပြီး ကိုယ်စားပြုပြီး ဒီသပိတ် ကို ဆင်နွှဲတာပါ။ အဲဒီအချိန်ကျရင်လည်း ကျွန်တော်တို့အနေနဲ့ စာမေးပွဲဖြေ ဆိုမယ့် ကျောင်းသားတွေနဲ့ ထပ်တူ လိုက်လျောညီထွေစွာဖြစ်မယ့် အစီအစဉ် တစ်ခုကို ပြုလုပ်သွားပါမယ်” ဟု ကိုနန္ဒာစစ်အောင်က ဆက်လက်ပြောကြား သည်။

ကျန်သပိတ်စစ်ကြောင်းများဖြစ်သော ဧရာဝတီ သပိတ်စစ်ကြောင်း၊ မြေလတ်-မုံရွာ သပိတ်စစ်ကြောင်း၊ ထားဝယ်မော်လမြိုင် သပိတ်စစ်ကြောင်းတို့သည် ပင်မသပိတ်စစ်ကြောင်းကဲ့သို့ မတ် ၁ ရက်တွင် ရန်ကုန်သို့ ဦးတည်ဦးမည် မဟုတ်သော်လည်း ပြင်ဆင်မှု ဆက်လက်ကြန့်ကြာနိုင်မည့် အခြေအနေ ကို စောင့်ကြည်ကာ ဆက်လက်လှုပ်ရှားသွားမည်ဟု သိရသည်။

“အခုလည်း သပိတ်လှန်ထားတာ မဟုတ်ပါဘူး။ စောင့်ကြည့်အနေအထားနဲ့ သပိတ်တွေ ဆက်ရှိနေတာ ပါပဲ။ ဆွေးနွေးပွဲတွေ၊ ကြားနာမှုတွေကို လည်း မြန်မြန်ဆန်ဆန်နဲ့ သွားစေချင်ပါတယ်။ လူကြီးတွေ ကတိ တည်စေ ချင်ပါတယ်” ဟု ဒီမိုကရေစီ ပညာရေးကော်မတီမှ တကသအဖွဲ့ဝင် ကိုနန်းလင်းက ပြောကြား သည်။

Eleven Media Group

No comments:

Post a Comment

My Blog List