Thursday, February 26, 2015

လောက်ကိုင်တိုက်ပွဲများနှင့်ပတ်သက်၍ တရုတ်ဗဟိုအစိုးရ၏ မူဝါဒအရ ပါဝင်ပတ်သက်မှုမရှိကြောင်း ဖုန်ကြားရှင်နှင့်ပတ်သက်၍ ရှင်းလင်းပွဲတွင် ပြောကြား

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ တရုတ်ဗဟိုအစိုးရ၏မူဝါဒအရ ပါဝင်ပတ်သက်မှုမရှိကြောင်း ယုံကြည်သည်ဟု ဖေဖော်ဝါရီ ၂၁ ရက်နေ့က ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဘုရင့်နောင်ခန်းမ၌ပြုလုပ်သော ဖုန်ကြားရှင်နှင့်ပတ်သက်၍ ရှင်းလင်းပွဲတွင် ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးမှ ပြောကြားသွားခဲ့သည်။
ဖေဖော်ဝါရီ ၉ ရက်နေ့မှစတင်ကာ တပ်မတော်နှင့် ဖုန်ကြားရှင်အဖွဲ့တို့ ဖြစ်ပွားခဲ့သော တိုက်ပွဲများနှင့် ပတ် သက်၍ ပြုလုပ်သော အဆိုပါသတင်းစာရှင်းလင်းပွဲတွင် လောက်ကိုင်နယ်မြေအတွင်း ဖြစ်ပွားနေသော တိုက်ပွဲများသည် တရုတ်ဗဟိုအစိုးရ၏ မူဝါဒအရပါဝင်ပတ်သက်မှုမရှိကြောင်း ယုံကြည်သော် လည်း အောက်ခြေ တွင် ဆက်စပ်မှုများရှိနေနိုင်ကြောင်း ၎င်းက ပြောကြားသွားခဲ့ခြင်းဖြစ်သည်။

ကိုးကန့်သောင်းကျန်းသူအဖွဲ့တွင် တရုတ်နိုင်ငံသား စစ်သားဟောင်းများ၊ စစ်သင်တန်းနည်းပြများ၊ စစ် အကြံပေးများဖြင့် ပါဝင်ထမ်းဆောင်နေကြကြောင်း၊ ယခုကိစ္စတွင် တရုတ်ဗဟိုအစိုးရကိုယ်တိုင်ပါဝင် ပတ် သက်မှုမရှိနိုင်ဘူးဟုယုံကြည်ပါကြောင်း၊ သို့သော် တရုတ်ကြေးစားစစ်သားများနှင်အတူ UWSA “၀” အဖွဲ့၊ မိုင်းလား အဖွဲ့၊ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)၊ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)၊ SSA (၀မ်ဟိုင်း)အဖွဲ့တို့ ပါဝင်တိုက်ခိုက်နေသည်ဟု ပြောဆိုသွားသည်။

“ အခုတိုက်ပွဲမှာ KIA က မပါဘူးလို့ ငြင်းထားတယ်။ ဒါပေမယ့် တိုက်ပွဲဖြစ်နေတဲ့ ကိုက် ၅၀ လောက် အတွင်းမှာ အမိန့်ပေးတဲ့အသံက အကျယ်ကြီးအော်ပြောရတာပါ။ တရုတ်အသံတွေ၊ “ ၀ ” အသံတွေ၊ ကချင် အသံတွေ၊ ရှမ်းအသံတွေကြားနေရတယ်ဆိုတာကို တိုက်ပွဲမှာရောက်နေတဲ့ ကျွန်တော်တို့ဆီက အရာရှိတွေရော စစ်သည်တွေကရော ပြန်ပြောပြတာတွေရှိပါတယ် ” ဟု ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးက ပြောကြားသွားသည်။

“ကိုးကန့်တိုက်ပွဲတွေဟာ အချုပ်အခြာအာဏာကို ထိပါးလာတာဖြစ်လို့ မြန်မာ့တပ်မတော်အနေနဲ့ အစွမ်း ကုန် ကာကွယ်သွားရမှာဖြစ်ပါတယ်။ ဖုန်ကြားရှင် ဦးဆောင်တဲ့ ကိုးကန့်လက်နက်ကိုင်အဖွဲ့ဘက်က ၀င်ရောက်ကူညီပေးနေတဲ့ တိုင်းရင်းသားလက်နက်ကိုက်တပ်ဖွဲ့တွေဟာလည်း လုပ်ဆောင်ချက်အတွက် တာဝန်ယူကြရမှာ ဖြစ်ပါတယ် ” ဟု ဆက်လက်ပြောကြားသွားသည်။

ယင်းဖြစ်စဉ်တွင် တရုတ်ကြေးစားစစ်သားများ ပါဝင်မှုနှင့်ပတ်သက်၍ တရုတ်-မြန်မာ နယ်စပ်ရှိ ဒေသခံ တစ်ဦးက“ လောက်ကိုင်မှာဖြစ်နေတဲ့ တိုက်ပွဲတွေနဲ့ပတ်သက်ပြီး ဖုန်ကြားရှင်အဖွဲ့နဲ့ တရုတ်နိုင်ငံ က အောက်ခြေ ပိုင်းတွင်ဆက်စပ်မှုရှိတာဖြစ်နိုင်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ တရုတ်နဲ့ကိုးကန့် က ဆွေမျိုးတွေဖြစ်နေတဲ့ အတွက် ဆက်စပ်မှုရှိနေတာ သေချာပါတယ်” ဟုပြောကြားသွားသည်။

ကိုးကန့်ဒေသတွင် တိုက်ပွဲများစတင်ဖြစ်ပွားချိန်မှ ယနေ့အချိန်ထိ တိုက်ပွဲများတွင် တပ်မတော်အရာရှိ ၇ ဦး၊ အခြားအဆင့် ၄၈ ဦး ကျဆုံးပြီး အရာရှိ ၁၂ ဦးနှင့် အခြားအဆင့် ၉၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ရဲအရာရှိ ၁ ဦးနှင့် အခြားအဆင့် ၇ ဦး ကျဆုံးကြောင်းပြောကြားခဲ့ပြီး ဖုန်ကြားရှင်အဖွဲ့မှ ၇၂ ဦး ကျဆုံး၍ ၃၄ ဦး၏ ရုပ်အလောင်းများကိုရရှိခဲ့ကြောင်း သိရှိရပါသည်။

ဖေဖော်ဝါရီ ၉ ရက်မှစတင်သော ကိုးကန့်၊ လောက်ကိုင်ဒေသတိုက်ပွဲများတွင် တပ်မတော်က အလုံး အရင်းဖြင့် တန်ပြန်ထိုးစစ်ဆင်နေမှုကြောင့် ဖုန်ကြားရှင်တပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာသွားသည့် သတင်းများ လည်းရရှိထားကြောင်း၊ စုံစမ်းရရှိသောသတင်းများအရ ဖုန်ကြားရှင်၏ ကိုးကန့်သောင်းကျန်းသူ အဖွဲ့တွင် တပ်ရင်း ၈ ရင်းရှိပြီး၊ တပ်ရင်းတစ်ရင်းလျှင် တပ်သား ၁၅၀ ဦးရေနှင့် အထူးတပ်ရင်းတွင် တပ်သား ၂၂၀ ဦး ရှိကြောင်း တပ်မတော်က သတင်းထုတ်ပြန်သည်။

ကိုးကန့်သောင်းကျန်းသူအဖွဲ့သည် စစ်ရှောင်ပြည်သူများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင် ရွက်ပေးနေသည့် ကြက်ခြေနီယာဉ်တန်းအား ပါစင်ကျော်နှင့် ချင်းရွှေဟော်ကြားတွင် ဖေဖော်ဝါရီ ၁၇ ရက်နေ့ ကပစ်ခတ်ခဲ့ရာ ယာဉ်မောင်းနှင့် ပြည်သူတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် လည်း ကြက်ခြေနီယာဉ်တန်းအား ၎င်းအဖွဲ့မှထပ်မံပစ်ခတ်ခဲ့ရာ သတင်းထောက်တစ်ဦး၊ ကြက်ခြေနီတစ်ဦး၊ စစ်ရှောင်ပြည်သူနှစ်ဦး အသီးသီးဒဏ်ရာရရှိခဲ့ကြောင်း သိရှိရပါသည်။

တပ်မတော်၏ တရားသောစစ် ဆင်နွှဲနေမှုကို တစ်နိုင်ငံလုံးရှိ ပြည်သူများက ထောက်ခံလျက်ရှိကြောင်း ၊ ထိခိုက်ကျဆုံးသည့် စစ်သည်များအတွက် လှူဒါန်းမှုများကို အဆင့်အတန်းမခွဲခြားဘဲ ခွဲဝေပေးသွား မည် ဖြစ်ကြောင်း၊ လက်ရှိအချိန်အထိ ပြည်သူများ၏ လှူဒါန်းငွေစုစုပေါင်းမှာ ကျပ် ၂ ဒသမ ၄ ဘီလျံခန့် ရှိကြောင်း ဆက်လက်ပြောကြားသည်။

လောက်ကိုင်ဒေသတွင် ဖြစ်ပွားခဲ့သောတိုက်ပွဲများတွင် ဖုန်ကြားရှင်နှင့်ပတ်သက်၍ ရှင်းလင်းပွဲ၌ ကိုးကန့် သောင်း ကျန်းသူအဖွဲ့နှင့်ပတ်သက်သော ဓာတ်ပုံအထောက်အထားများ၊ အသံဖိုင်များ၊ ဗီဒီယို ဖိုင်များဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

လင်းသန့်
Today Myanmar

No comments:

Post a Comment

My Blog List