Thursday, February 26, 2015

ရုရှားဟက်ကာတစ်ဦးကို အမေရိကန် ဆုငွေ ဒေါ်လာသုံးသန်း ထုတ်ပြန်


ရုရှားနိုင်ငံသား ဟက်ကာတစ်ဦးကို အမေရိကန် အစိုးရက ဆုငွေ ဒေါ်လာ သုံးသန်း ထုတ်ပြန်ခဲ့ပြီး ယင်း သည် အမေရိကန် သမိုင်းတွင် ဆိုက်ဘာ ရာဇဝတ်မှုများအတွက် အမြင့်ဆုံး ဆုငွေ ဖြစ်လာကြောင်း သိရသည်။
အက်ဗ်ဂျန်နီ ဘိုဂါချက်ဗ်သည် အမေရိကန်တွင် ဒေါ်လာ သန်း(၁၀၀)မျှ ခိုးယူခံရသည့် အဓိက ဆိုက်ဘာ ရာဇဝတ်မှုကြီး တစ်ခု၏ နောက်ကွယ်မှ ကြိုးကိုင်သူအဖြစ် ယူဆရသည်။ အမေရိကန် တရားရေးဌာနက ဘိုဂါချက်ဗ်ကို ယမန်နှစ်အတွင်းက မျက်ကွယ်တွင် စွဲချက်တင်ထားခဲ့ပြီး ၎င်းနှင့် ပတ်သက်၍ သတင်းအချက် အလက် ပေးနိုင်သူများအား ဆုငွေ ချီးမြှင့်မည်ဟု ကြေညာချက် ထုတ်ပြန်လာခြင်း ဖြစ်သည်။

ဘိုဂါချက်ဗ်ကို ရုရှားတွင် နောက်ဆုံး တွေ့မြင်ခဲ့ရပြီး လက်ရှိအချိန်ထိလည်း ရုရှားနိုင်ငံထဲတွင်ပင် ခိုအောင်းနေဆဲဟု ယုံကြည်ရသည်။ ထို့အပြင် အမေရိကန်နှင့် ရုရှားတို့ကြား တရားခံလွှဲပြောင်းရေးဆိုင်ရာ သီးခြားစာချုပ် ချုပ်ဆိုမထားသဖြင့် ၎င်းကို ဖမ်းမိရေးမှာ ခက်ခဲဖွယ် ရှိသည်။

ဘိုဂါချက်ဗ်သည် lucky12345 နှင့် slavik အစရှိသည့် လျှို့ဝှက်အမည်များကိုလည်း အသုံးပြုလေ့ရှိပြီး Game Over Zeus အမည်ရှိ ဆိုက်ဘာ တိုက်ခိုက်မှု ကွန်ရက်ကို ဖန်တီးကာ ကွန်ပျူတာ အလုံးရေ တစ်သန်းကျော်ကို ထိခိုက်စေခဲ့ကြောင်း သိရသည်။

အဆိုပါ ကွန်ရက်သည် ကွန်ပျူတာများအတွင်း Malwareများ ဝင်ရောက် နေရာယူစေကာ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များကို အထူးပြု ရှာဖွေ စုဆောင်းယူနိုင်အောင် ထောင်ချောက်ဆင် ဖန်တီးထားခြင်း ဖြစ် သည်။

ဘိုဂါချက်ဗ်သည် ယခုအခါ အမေရိကန် ထောက်လှမ်းရေးဌာန FBI၏ အလိုအရှိဆုံး ဆိုက်ဘာရာဇဝတ်သား တစ်ဦးအနေဖြင့်လည်း ရပ်တည်နေသည်။ “အမေရိကန် အစိုးရ အနေနဲ့ တရားရေးအရ ပူးပေါင်းဆောင်ရွက် ပြီး သူနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် တိတိကျကျ ပေးပို့နိုင်သူကို ဒီဆုငွေ ပေးအပ်သွားမှာ ဖြစ်ပါ တယ်”ဟု အမေရိကန် တရားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရ အရာရှိက အတည်ပြု ပြောကြားခဲ့သည်။

FBI ၏ ဆိုက်ဘာရာဇဝတ်မှု ဌာနခွဲမှ အကြီးအကဲဖြစ်သူ ဂျိုးဆက် ဒီမာရက်စ်က ရုရှားပြည်တွင်း လုံခြုံရေး အေဂျင်စီသည် ဆိုက်ဘာရာဇဝတ်မှု တိုက်ဖျက်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး အမေရိကန်နှင့် လက်တွဲဆောင်ရွက်လိုသည့် အလားအလာရှိကြောင်း မှတ်ချက်ပြုခဲ့သော်လည်း ဘိုဂါချက်ဗ်၏ အမှုကိစ္စ ပါဝင်ခြင်း မရှိဟု ပြောကြားခဲ့သည်။ ၎င်းက ရုရှားရော၊ အမေရိကန် အစိုးရများပါ စိတ်ဝင်စားနေသည့် ဆိုက်ဘာ ရာဇဝတ်ဂိုဏ်း (၆၀)ဝန်းကျင်မျှ ရှိနိုင်ကြောင်း ဆိုသော်လည်း အသေးစိတ် အချက်အလက်များကို မှတ်ချက်ပေးရန် ငြင်းဆန်သွားသည်။

Ref: BBC
7Day News Journal

No comments:

Post a Comment

My Blog List