Friday, February 27, 2015

တရုတ် ကြေးစားစစ်သားများ ကိုးကန့်တိုက်ပွဲတွင် ပါဝင်မှုမရှိကြောင်း ဖုန်ကြားရှင် ငြင်းဆို


ရှမ်းပြည်နယ်မြောက်ပိုင်း လောက်ကိုင်မြို့ ကိုးကန့်တိုက်ပွဲများတွင် တရုတ်နိုင်ငံသားများ(သို့) ကြေးစား စစ်သားများ ပါဝင် တိုက်ခိုက်နေသည်ဟု မြန်မာ့တပ်မတော်၏ ပြောဆိုချက်ကို ကိုးကန့်ခေါင်းဆောင် ဖုန်ကြားရှင်က ငြင်းဆိုလိုက်သည်။
“တရုတ်နိုင်ငံသားတွေ ပါမယ်ဆိုရင်တောင် ကျနော်တို့ လက်မခံပါဘူး၊ သူတို့ပါရင် ကျနော်တို့အတွက် နစ်နာစေပါတယ်”ဟု ဖုန်ကြားရှင်က ပြီးခဲ့သည့်ရက်ပိုင်းက တရုတ်အစိုးရ အာဘော် The Global Times နှင့် တွေ့ဆုံရာ၌ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တွေ့ဆုံခန်းတွင် ဖုန်ကြားရှင်က တရုတ်နိုင်ငံသားများ ကိုးကန့်တပ်ဖွဲ့၌ ပါဝင်သည်ဆိုလျှင် တရုတ် အာဏာပိုင်များက ၎င်းတို့ကို ဖိအားပေးမည် ဖြစ်ကြောင်း၊ ၂၀၀၉ ခုနှစ်ကတည်းက တရုတ်လူမျိုးများ ကိုးကန့်ဒေသသို့ ၀င်ရောက်ပြီး မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) နှင့် ပူးပေါင်းခြင်းကို တင်းကျပ်စွာ တားမြစ်ထားကြောင်း ပြောဆိုခဲ့သည်။

ကိုးကန့်ဒေသတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်က ကာကွယ်ရေး ဦးစီးချုပ်ရုံး၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ဒု ဗိုလ်ချုပ်ကြီး မြထွန်းဦးက တရုတ်နိုင်ငံသားများ ၂၀၁၄ ခုနှစ် ကတည်းက MNDAA ကိုးကန့် အဖွဲ့၌ ပါဝင်နေကြောင်း ဓာတ်ပုံများနှင့် တကွ မီဒီယာများကို ရှင်းလင်း ပြောဆိုသည်။

“ကိုးကန့် တပ်ဖွဲ့တွေထဲမှာ တရုတ်ကြေးစား စစ်သားတွေ ပါတယ်။ တရုတ်တွေ ဖြစ်တယ်။ ကိုးကန့်တပ်ဖွဲ့ ထဲဝင်ပြီး နယ်မြေ လှုပ်ရှားမှုတွေ လုပ်နေတာပါ”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ဒု ဗိုလ်ချုပ်ကြီး မြထွန်းဦး က ပြောဆိုသည်။

တရုတ်ကြေးစား စစ်သားများသည် တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်မှဖြစ်ပြီး အများစုမှာ မူးယစ်ဆေးဝါးမှုဖြင့် နယ်စပ် ဖြတ်ကျော် ပြေး လာသူများဖြစ်ပြီး တချို့သည် အလုပ်လက်မဲ့များ ဖြစ်ကြောင်း၊ ယခုကိစ္စတွင် တရုတ် ဗဟိုအစိုးရကိုယ်တိုင် ပါဝင်ပတ်သက်မှု မရှိနိုင် သော်လည်း တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ အာဏာပိုင်တချို့နှင့် ဆက်စပ်မှု ရှိနိုင်သဖြင့် တရုတ်အစိုးရသို့ တရားဝင် အကြောင်းကြားထားကြောင်းနှင့် တရုတ် အစိုးရကလည်း ဖြေရှင်းပေးမည်ဟု ကတိပြုထားကြောင်းလည်း ၎င်းက ပြောဆိုခဲ့သည်။

ဖေဖော်ဝါရီလ ၉ ရက်က စတင်ဖြစ်ပွားခဲ့သည့် ကိုးကန့်တိုက်ပွဲများသည် ယနေ့တိုင် ဆက်လက် ဖြစ်ပွားနေ ဆဲ ဖြစ်ပြီး ပြီးခဲ့သည့် အင်္ဂါနေ့က တိုက်ပွဲများတွင် MNDAA တပ်ဖွဲ့များက လက်နက်ကြီးဖြင့် ပစ်ခတ်သည့် အတွက် ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌ ဦးပယ်စောက်ချိန်၏ နေအိမ်ကို ထိမှန် ခဲ့ကြောင်း၊ ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း မြန်မာ့ တပ်မတော်မှ အရာရှိ ၇ ဦး၊ စစ်သည် ၄၈ ဦး ကျဆုံး ခဲ့ကြောင်း သိရသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List