Tuesday, February 24, 2015

အခြေခံပညာ ကျောင်းအုပ်များ နေထိုင်ရေး လုပ်ပေးရန် အစိုးရကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တိုက်တွန်း


နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအုပ်ကြီးများ နေထိုင်ရေးအတွက် အစိုးရက တာဝန် ယူ ဆောင် ရွက်ပေးရန် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က တိုက်တွန်းလိုက်သည်။ ပထမ အကြိမ် အမျိုးသားလွှတ်တော် (၁၂) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၏ ၂၀ ရက်မြောက်နေ့ကို ဖေဖော် ဝါရီလ ၂၃ ရက်နေ့က နေပြည်တော်တွင် ကျင်းပရာ ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က အခြေခံပညာကျောင်းများတွင် ကျောင်းအုပ်ကြီး များ နေထိုင်ရန်အတွက် ကျောင်းအဆောက်အအုံအတွင်း အခန်းဖွဲ့၍ဖြစ်စေ၊ သီးခြားအိမ်ဆောက် ၍ ဖြစ်စေ စီစဉ်ဆောင်ရွက်ပေးရန် ပြည်ထောင်စုအစိုးရသို့ မေးမြန်းခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်ဥက္ကဋ္ဌက မှတ်ချက်ပြု ပြောဆိုခြင်းဖြစ်သည်။

ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်းကမူ ယင်းသို့ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေ လျာ ထားခြင်း မရှိ၍ ဆောင်ရွက်ရန် အစီအစဉ် မရှိသေးကြောင်း သို့သော် လာမည့်နှစ်များတွင် ဆောင်ရွက်ရန် ထည့်သွင်းစဉ်းစားမည် ဖြစ်ကြောင်း ပြောဆိုသည်။

“ဆေးရုံတွေမှာဆို ၁၆ ခုတင်ဆံ့ ဆေးရုံဆိုရင် ဆရာဝန်ကြီးနေဖို့ အိမ်ဘာညာအစ ဖွဲ့စည်းပုံမှာ ပါပြီး သား။ ဆေးရုံဆောက်ခွင့် ကျတာနဲ့ ဆရာဝန်ကြီးနေဖို့ အိမ်လည်း တစ်ပါတည်း ပါသွားတယ်။ ကျောင်းတွေ မှာလည်း အဲဒီလို ဖွဲ့စည်းပုံမှာ ပါအောင် လုပ်ပေးပါ” ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဆိုသည်။

အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ် အသီးသီးရှိ ဝန်ထမ်းများအတွက် နေထိုင်ရေးကို အစိုးရက တာဝန်ယူနေသည်များ ရှိသော်လည်း အခြေခံပညာ ကျောင်းအုပ်ကြီးများ အတွက်မူ ဆောင်ရွက် ထားခြင်း မရှိကြောင်း၊ ကျောင်းပိတ်ချိန်တွင် ကျောင်းကို ထိန်းသိမ်းမည့် ကျောင်းအုပ်မရှိသည့်အ တွက် ကျောင်းဝင်းအတွင်း ကျူးကျော်မှုများ၊ ကျောင်းပိုင်မြေ ခိုးယူခံရမှုများ ကြုံတွေ့နေရကြောင်း ဦးဖုန်းမြင့်အောင်က ထောက်ပြသည်။

ယင်းအပြင် နေပြည်တော်ကဲ့သို့သော ဒေသ၌ ဝန်ထမ်းများအတွက် နေထိုင်ရေး အစစအဆင်ပြေစေရန် စီစဉ်ပေးမှုများ ရှိသော်လည်း ရန်ကုန်မြို့တော်ရှိ ကျောင်းအုပ်ကြီးအချို့မှာ နေထိုင်ရေးအတွက် အိမ်ငှား ခ ဈေးနှုန်းကြီးမြင့်ခြင်း၊ သွားလာရေးအတွက် ကုန်ကျစရိတ် ကြီးမြင့်ခြင်း စသည့် အခက်အခဲများလည်း ရင်ဆိုင်နေရကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။

The Voice Weekly

No comments:

Post a Comment

My Blog List