Friday, February 27, 2015

လေးပွင့်ဆိုင် ပညာရေး ဥပဒေကြမ်းကို အရပ်ဘက် အဖွဲ့အစည်း ၃၀၀ ကျော် ထောက်ခံ


အမျိုးသားလွှတ်တော်တွင် ကြားနာဆွေးနွေးမည့် လေးပွင့်ဆိုင် သဘောတူညီချက်အရ ရေးဆွဲထားသော အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်းကို ပြည်တွင်းရှိ အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော် က ထောက်ခံကြောင်း အဆိုပါအ ဖွဲ့များကိုယ်စား မြန်မာအစိမ်းရောင်ကွန်ရက်ခေါင်းဆောင်ဖြစ်သူ ဒေါ်ဒေဝီ သန့်စင် က ပြောကြားသည်။
ဖေဖော်ဝါရီလ ၂၆ ရက် နေ့လယ် ၁ နာရီဝန်းကျင်က ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်းရှိ HOME တွင် ပြု လုပ်သည့် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းအကြောင်း ပညာရေးစနစ် ပြုပြင်ပြောင်း
လဲမှု နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER)၊ ကျောင်းသားသပိတ် ကော်မတီဝင်များနှင့် အရပ်ဘက်အဖွဲ့ အစည်း များ ဆွေးနွေးပွဲတွင် ၎င်းက ယခုကဲ့သို့ ပြောကြားခြင်း ဖြစ်သည်။

“ဘာပဲဖြစ်ဖြစ် ပထမဆုံးရေခဲကို ထုချေပြီး ရေစီးဖို့ လမ်းကြောင်းဖောက်ပေးတာဟာ ကျောင်းသားတွေ ပါပဲ။ နောက်ပိုင်းကျမှ နိုင်ငံရေးပါတီတွေ၊ ကျွန်မတို့ လူမှုရေး အဖွဲ့အစည်းတွေက ဒီရေစီးကြောင်းမှာ လိုက်ရတာပါ” ဟု ဒေါ်ဒေဝီသန့်စင်က မှတ်ချက်ပြု ပြောဆိုသည်။

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှုများကို လူမှုရေး အဖွဲ့အစည်းများ၊ တိုင်းရင်းသား အဖွဲ့အစည်းများ၊ ကျားမရေးရာ အဖွဲ့အစည်းများ၊ သဘာဝထိန်းသိမ်းရေး အဖွဲ့အစည်းများနှင့် အလုပ်သမား အဖွဲ့အစည်းများကလည်း ထောက်ခံကြောင်း ဆွေးနွေးပွဲ တက်ရောက်လာသူများထံမှ သိရှိရသည်။

NNER ကို ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက အရပ်ဘက်အဖွဲ့အစည်း ၆၀ ခန့်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အရပ်ဘက် အဖွဲ့အစည်းပေါင်း ၂၀၀ ကျော်နှင့် ချိတ်ဆက်မှုများလည်း ရှိကြောင်း ယင်းကွန်ရက်ဝင်များက ဆိုသည်။

“ကျွန်တော်တို့ လုပ်နေတဲ့ စနစ်က ကျောင်းသား ဝါသနာပါတာကို လုပ်နိုင်အောင် လုပ်တဲ့စနစ် ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကိုလည်း ဦးတည်ပါတယ်” ဟု ဒေါက်တာသိန်းလွင်က ပြောဆိုသည်။

အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေကြမ်းတွင်လည်း ဒေသပေါင်း ၂၅ ခုတွင် ကျင်းပခဲ့သော ပညာရေး ဆွေးနွေးပွဲများကို အခြေခံ၍ ထည့်သွင်းထားခြင်း ဖြစ်ပြီး ၂၀၁၃ ခုနှစ် ဇွန်လအတွင်းက ပြုလုပ်
ခဲ့သော နိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ၏ ရလဒ်များပါ ပါဝင်ကြောင်း NNER အဖွဲ့ဝင်များက ပြောကြား သည်။

လက်ရှိ အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သော ဥပဒေကြမ်းအပေါ် အငြင်းပွားနေသော မိခင်ဘာသာ စကား သင်ကြားမှုနှင့် အခြားဘာသာရေးကျောင်းများ ဖွင့်လှစ်သင်ကြားရေး ကိစ္စများကို တက်ရောက် လာသော သံဃာတော်များ၊ စာရေးဆရာများ၊ ရှေ့နေများ၊ နိုင်ငံရေး ပါတီများနှင့် အရပ်ဘက် အဖွဲ့ အစည်း များက ဝိုင်းဝန်းဆွေးနွေးခဲ့သည်။

လာမည့် မတ်လ ၅ ရက်တွင် အမျိုးသားလွှတ်တော်၌ ကျင်းပမည့် ပညာရေး ဥပဒေကြမ်းအပေါ် ကြားနာမှု အတွက်လည်း ဒီမိုကရေစီပညာရေး လှုပ်ရှားမှု ဦးဆောင်ကော်မတီဝင် ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီ များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဆွေးနွေးအကြံပြုမည့် ကိုယ်စားလှယ်များကို ဖိတ်ကြားထားပြီး ဖြစ် သည်။

The Voice Weekly

No comments:

Post a Comment

My Blog List