Friday, February 27, 2015

အရေးကြီးပြီ ပြည်တွင်းတည်ငြိမ်ရေး ဦးစားပေးပါ


ဖေဖော်ဝါရီ ၁၄ရက်ထုတ် အစိုးရပိုင်သတင်းစာ၏ လက်ယာဘက် အထက်ထောင့်စွန်းက ဗိုလ်ချုပ်အောင် ဆန်း ၏ မိန့်ခွန်းကောက်နုတ်ချက်ကို သူသတိထားမိသည်။ ၁၉၄၇ ခုနှစ် ဇူလိုင် ၁၃ရက် မြို့တော်ခန်းမ တွင်ကျင်းပသော ပြည်သူ့အစည်း အဝေးမှာ ပြောကြားခဲ့သည့် ဗိုလ်ချုပ်၏ မိန့်ခွန်းပါ ကောက်နုတ် ချက် ဖြစ်သည်။
''ယခု တိုင်းပြည်မှာ မငြိမ်မသက်ဖြစ်နေတဲ့ကိစ္စ၊ ဆူဆူပူပူဖြစ်နေ တဲ့ကိစ္စတွေဟာ တိုင်းပြည်အတွက် အကျိုးရှိသလား၊ အကျိုးမရှိဘူး လားဆိုတာ ခင်ဗျားတို့ ထပ်စဉ်းစားဖို့လိုတယ်။ ဆူပူသောင်းကျန်းမှု တွေကို ဗမာပြည်ချစ်တဲ့ လူမှန်သမျှ ဝိုင်းဝန်းကူညီနှိမ်နင်းဖို့လိုတယ်။ ဘယ်သူ့ကိုမှ အားပေးဖို့မလိုဘူး။ တိုင်း သူပြည်သား ညီညွတ်ရေး၊ လူထုရဲ့ညီညွတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးအတွက် ယခုထက် ပိုပြီး ဆတက်ထမ်းပိုး တိုးပြီး လုပ်ကြဖို့လိုတယ်''ဟူ၏။

ယင်းကောက်နုတ်ချက်သည် တိုင်းပြည်၏ တည်ငြိမ်အေးချမ်း ရေးနှင့် ပတ်သက်နေပြီး ထူးထူးခြားခြားဖြစ်နေသည်ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေးက ပြောသည်။ သူ့အတွက် ယခုလို အဓိပ္ပာယ်တစ်မျိုးလည်း သက်ရောက်မှုရှိနေသည် ဟု ဆိုပါသည်။

''အစိုးရရဲ့ အသွင်ကူးပြောင်းရေးအရှိန်က ရပ်တန့်သွားနိုင်တယ် ဆိုတဲ့သဘောပဲ''။

ထိုသို့သောသဘောသက်ရောက်သည့် အသုံးအနှုန်းမျိုးကို သမ္မတ ဦးသိန်းစိန်ကိုယ်တိုင်လည်း နှစ်ကြိမ် ထက်မနည်း ပြောဆိုခဲ့ဖူးပါသည်။ ပြီးခဲ့သည့်နှစ် အောက်တိုဘာလအတွက် သူ၏ ရေဒီယိုမိန့်ခွန်းတွင် တစ်ကြိမ်၊ နိုဝင်ဘာလတုန်းက နိုင်ငံရေးပါတီများနှင့်တွေ့ဆုံစဉ်က တစ် ကြိမ် ဖြစ်သည်။

ရေဒီယိုမိန့်ခွန်းတုန်းကတော့ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သော ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူညီချက် လက်မှတ်ထိုးရေးကိစ္စကို အကြောင်းပြုပြီး ပြောဆို ခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စအား ဆောင်ရွက်နိုင်မှသာ နိုင်ငံ၏အနာ ဂတ်ကို ပုံဖော်ထုဆစ်နိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲများ စတင်နိုင်မည် ဟု သမ္မတက ဆိုသည်။

''အဲဒီလို စတင်နိုင်မှသာလျှင် ကြားကာလ နိုင်ငံရေးတည်ငြိမ်မှု၊ ၂ဝ၁၅ အထွေထွေရွေးကောက်ပွဲ များ အောင်မြင်စွာ ကျင်းပနိုင်မှုနဲ့ ညင်သာတဲ့ နိုင်ငံရေးအသွင်ကူးပြောင်းမှုများကို ရေရာသေချာစေ မှာ ဖြစ်တဲ့အကြောင်း သတိပြုမိစေလိုပါတယ်''ဟု သမ္မတဦးသိန်းစိန်က အသိပေးခဲ့သည်။

နိုင်ငံရေးပါတီများနှင့် တွေ့ဆုံချိန်တွင်တော့ ၂ဝ၁၅ ခုနှစ် ရွေး ကောက်ပွဲမတိုင်မီ ဖြစ်ပေါ်လာနိုင် သည့် နိုင်ငံရေးမတည်ငြိမ်မှုများကို ဝိုင်းဝန်းကူညီ ဖြေရှင်းသွားကြဖို့ သမ္မတက တောင်းဆိုသွားခဲ့သည်။ လတ်တလောတွင်တော့ မြန်မာပြည်အတွင်းတွင် ကျောင်းသားလှုပ် ရှားမှု အရှိန်မြင့်တက်နေသ လို မြောက်ပိုင်းဒေသက အစိုးရနှင့် လက် နက်ကိုင်များအကြား တိုက်ပွဲများ ကလည်း ပြင်းထန်နေ ဆဲဖြစ်သည်။ အလားတူ ဆန္ဒမဲပေးခွင့်ကိုအကြောင်းပြုပြီး ဖြစ်ပေါ်လာသည့် White Card (ဝှိုက်ကတ်) အရေးကလည်း ရှိသေးသည်။ တခြားသော အကင်း မသေသေးသည့် ပြဿနာရပ်များကလည်း သမ္မတ ဦးသိန်းစိန် အစိုးရ ၏ လက်ကျန်သက်တမ်း အတွက် စိန်ခေါ်မှုများ ဖြစ်နေသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြုလုပ်သည့် (၆၈)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင်တော့ အဖွဲ့ချုပ်နာယက သူရဦးတင် ဦးက ''ယနေ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ၂ဝ၁၅ခုနှစ် အထွေ ထွေရွေးကောက်ပွဲကြီး နီးလာသည်နှင့်အမျှ အစိုးရဟာ သူတို့ရဲ့ကိုယ် ရေးအတွက် အချက်အမျိုး မျိုးဖြင့် မျိုးစုံသုံးကာ ပြုလုပ်လာနေသည် ကို သတိပြုမိတယ်''ဟု ပြောပါသည်။

နိုင်ငံအတွင်း လက်နက်ဖြင့် ပဋိပက္ခ အပြီးတိုင်ချုပ်ငြိမ်းရေး၊ အချင်းချင်း ယုံကြည်မှုတည်ဆောက် ရေး၊ အချင်းချင်း ရင်ကြားစေ့ရေးတို့အတွက် အကြမ်းဖက်သောနည်း ဖြင့် လုံးဝမဖြေရှင်းဘဲ စိတ်ရှည်လက် ရှည်ဖြင့် ပြည် သူတစ်ရပ်လုံး၏ မျက်နှာ၊ နိုင်ငံတော်၏အကျိုးကို ထောက်ကာ ဆင်ခြင်တုံ တရား အလေးထားဆောင် ရွက်ရန် စစ်ဗိုလ်ချုပ်ကြီး ဟောင်းတစ်ဦး လည်းဖြစ်သူ သူရဦးတင်ဦးက တိုက်တွန်းသွားခဲ့သည်။

သူဖြတ်သန်းလာသည့် အတွေ့အကြုံအရဆို လျှင် မတည်မငြိမ်မှုများသည် အစိုးရဆီကသာ လာခြင်းဖြစ် သည်ဟု ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေးက ဆိုသည်။ ပြည် သူကို ကျောသားရင်သား မခွဲခြားဘဲ စီမံအုပ်ချုပ်မည်၊ တန်းတူအခွင့် အရေးပေးမည်ဆိုလျှင် မတည်ငြိမ်မှုများ ဖြစ်လာနိုင်မည်မဟုတ်ဟု ၄င်းက ဆိုသည်။

''ဒါတွေဟာ အစိုးရကိုယ်တိုင် ကိုင်တွယ်မှု မသေသပ်ခဲ့လို့ပဲ''။ လှုပ်ရှားမှုဒီရေ အရှိန်မြင့်တက်နေ သည့် ကျောင်းသားကိစ္စကို ကြည့် မည်ဆိုလျှင် ကျောင်းသားများ တောင်းဆိုထားသည့် ရက်ပေါင်း ၆ဝ အတွင်း စေ့စပ်ညှိနှိုင်းမည်ဆိုက ယခုလောက်အထိ သပိတ်အရှိန်မြင့် တက်လာမည် မဟုတ်ဟု ဦးမြအေးက တွက်ဆသည်။

''အခုဖြစ်ပုံက ဖိအားပေးမှ အစိုးရက ဆွေးနွေးတယ်၊ လုပ်ပေး တယ်လို့ မြင်သွားတယ်။ ဒါက မကောင်း ဘူး။ ပြဿနာကို ဖြစ်ကာမှ လိုက်ရှင်းတဲ့ ပုံစံဖြစ်နေတယ်။ မဖြစ်ခင်က ကြိုတင်မစဉ်းစားဘူး''ဟု ¤င်းက အပြစ်တင်သည်။

မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်လင်းဦး၏အဆိုအရ တော့ လတ်တလောပြဿနာများကို ကိုင် တွယ်ဖြေရှင်းရာတွင် အစိုးရ ၏ တွေ့ဆုံဆွေးနွေးရေးနည်းလမ်းမှာ မှန်ကန်သည်ဟုထောက်ခံသည်။

သို့သော်လည်း အချိန်မီမဖြစ်ခြင်းကတော့ အားနည်းချက်ဖြစ်သည် ဟု သူက သုံးသပ်သည်။ ဆန္ဒတွေပြ၊ သပိတ်တွေလှုပ်ရှားခဲ့သည့် ဖြစ် ရပ်တွေမှတစ်ဆင့် တွေ့ဆုံဆွေးနွေးရေးစကားပွဲကို ရောက်သည်။ စကားဝိုင်းမှ နှစ်ဖက် သဘောတူညီချက် ရရှိခဲ့သည်။ သို့သော် ကိစ္စရပ် များက မပြီးနိုင်ဘဲဖြစ်နေကာ တစ်ဖက်နှင့်တစ်ဖက် ထိပ်တိုက်တွေ့ ဆုံပြီး အကျယ်အကျယ်ဖြစ်လာပါက နိုင်ငံရေးမတည်ငြိမ်မှု အထိ ခေါ် ဆောင်သွားနိုင်သည်မို့ တော်တော် စိုးရိမ်ရသည်ဟု ဦးကျော်လင်းဦး က ဆိုသည်။

အလားတူ မြန်မာပြည်မြောက်ပိုင်းက ပြင်းထန်နေသည့် ဖုန် ကြားရှင် ခေါင်းဆောင်သော ကိုးကန့်လက် နက်ကိုင် အဖွဲ့နှင့် မြန်မာ့ တပ်မတော်တို့အကြား တိုက်ပွဲများတွင် လည်း အစိုးရတပ်မတော်ပိုင်းမှ ပြင်ဆင်မှု အားနည်း ခဲ့သည်ဟု ၄င်းက ရှုမြင်သည်။

၂ဝဝ၉ခုနှစ်ကတည်းက ထွက်ပြေးခဲ့ရသည့် ဖုန် ကြားရှင်၏ ကိုးကန့်အဖွဲ့တွင် မြန်မာ့တပ်မတော်နှင့် အစိုးရအဖွဲ့အပေါ် မကျေနပ်ချက်တွေ များစွာ ရှိနေနိုင်သည်။ သူတို့ အနေဖြင့် အချိန်အခါကောင်းကို စောင့် ဆိုင်းကာ တိုက်ပွဲတွေစတင် ခြင်း ဖြစ်နိုင်သည်။ သို့သော် မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ခု အနေဖြင့် အသိအမှတ် ပြုခံလိုနေသော ဖုန်ကြားရှင်သည် မြန်မာ အစိုးရကို တိုက်ဖို့ နဂိုကတည်း က ကြွေးကြော်ထားပြီးဖြစ်သည်ကို သတင်းစာက သက်သေဖြစ်သည်။

ပြီးခဲ့သည့်ရက်ပိုင်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောစကား အရဆိုလျှင် ကိုးကန့်တိုက် ပွဲတွင် အစိုးရနှင့် အပစ်ရပ်ရေး ဆွေးနွေးနေသည့် တခြားလက်နက်ကိုင် အဖွဲ့များပါ ပါဝင်ပတ်သက်နေသည့်သဘောရှိသည်ဟု ဆိုရမည်။ ထို့ကြောင့် ပါဝင်ပတ်သက်သည့် လက်နက်ကိုင်အဖွဲ့များအနေဖြင့် ကိုယ့်တာဝန် ကိုယ်ယူရမည်ဟု ကာကွယ်ရေးဦးစီးချုပ်က ဆိုခဲ့သည်။

အမှန်တော့ ကိုးကန့်စစ်ရေးလှုပ်ရှားမှုတွင် သတင်းအမျိုးမျိုး ထွက်နေသည်။ ကချင်လက်နက်ကိုင်အဖွဲ့ဖြစ် သည့် (KIA)၊ ရှမ်းမြောက် ဒေသမှ လက်နက်ကိုင်အဖွဲ့ဖြစ်သည့်(SSPP)၊ တအာင်းအဖွဲ့(TNLA)၊ ရခိုင်လက်နက်ကိုင်(AA)တို့ ပါဝင်ပတ်သက်နေသည်ဟု ကောလာ ဟလသတင်းများ ထွက်ခဲ့သည်။ 'ဝ'ပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ ဖြစ်သည့် UWSA တောင် ပါဝင်ပတ်သက်နေသည်ဟု သတင်းများ ထွက်နေသည်။ သို့သော် KIA တို့၊ SSPP တို့ကတော့ သူတို့မပါဝင် ကြောင်း တရားဝင် ငြင်းဆိုထားသည်။

''သတင်းတွေက ရှုပ်ထွေးနေတယ်။ တအာင်းတို့၊ အေအေတို့က တော့ ပါနိုင်တယ်။ အခြေခံအားဖြင့် ကိုးကန့်ရဲ့စကားပဲ။ သူတို့ကတော့ သူတို့ရဲ့တိုက်ပွဲကို တရားဝင်စေချင်တယ်။ အများထောက်ခံလာစေ ချင်တယ်။ တပ်ပေါင်းစုအနေနဲ့ တိုက်တယ်၊ ကိုးကန့်ရဲ့အကျိုးစီးပွား အတွက် တိုက်တာမဟုတ်ဘူးပေါ့''ဟု ဦးကျော်လင်းဦးက သုံးသပ်သည်။

TNLA တအာင်းလက်နက်ကိုင်အဖွဲ့သည် ယိုးဒယားဘက်မှ တစ်ဆင့် ပလောင်နယ်ထဲသို့ဝင်လာကာ တအာင်းပလောင်ဆိုပြီး တိုက် ပွဲဝင်ခြင်းဖြစ်သည်။ ရခိုင်လက်နက်ကိုင်ဖြစ်သည့် AA ကတော့ ကချင် အဖွဲ့ဖြစ်သော KIA ထဲမှထုတ်ပြီး သီးသန့်ထွက်လာသည့် အဖွဲ့ဖြစ် သည်။ KIA ၏ အထောက်အပံ့တော့ ရှိချင်ရှိနိုင်သည်။ တအာင်းတို့၊ AA တို့သည် သူတို့အားပံ့ပိုးထားသည့် အဖွဲ့အစည်းများ၏ လိုလား ချက်အရ ကိုးကန့်အဖွဲ့မှ ပါဝင်ပတ်သက်နေသလားဆိုသည်ကတော့ အတိအကျမဆိုနိုင်ဟု ဦးကျော်လင်းဦးက ဆိုသည်။

KIA တို့၊ SSPP တို့ အနေဖြင့် ကိုးကန့်စစ်ရေးလှုပ်ရှားမှုတွင် တရားဝင် ထင်ထင်ရှားရှား ဝင်ပါလိမ့်မည်ဟု သူ့အနေဖြင့် မထင် ကြောင်း ဦးကျော်လင်းဦးက ယူဆသည်။ တကယ်လို့ ဝင်ပါခဲ့လျှင် တော့ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် တော်တော်လေး ထိခိုက်သွားနိုင်သည်ဟု ၄င်းက ရှုမြင်သည်။ အဓိကပြဿ နာက KIA၊ TNLA၊ AA တို့သည် ပြည်သူလူထု၏ အမြင်သည် ကိုယ့်တိုင်းရင်းသား များဖြစ်နေပြီး ဖုန်ကြားရှင် ဦးဆောင်သည့် ကိုးကန့်အဖွဲ့ကိုတော့ ''နောက် ကွယ်မှာ တရုတ်ရှိတယ်၊ ယူနန်အစိုးရ ရှိတယ်။ တရုတ်ကြေးစားတပ် သားတွေ ပါနေတယ်'' ဆိုသည့်အမြင်များ ရှိနေသည်မို့ ပါဝင်ပတ်သက် သူများအနေဖြင့် တော်တော်ကို သတိထားလှုပ်ရှားသင့်သည်ဟု ဦးကျော် လင်းဦးက အကြံပေးသည်။

''တပ်ပေါင်းစုအနေနဲ့ လှုပ်ရှားတဲ့ပုံစံမျိုးကို ရောက်သွားရင်တော့ ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့ ရပ်တည်ချက်ကို ထိခိုက်စေလိမ့်မယ်''ဟု ဦးကျော်လင်းဦးက ဆိုသည်။

ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်အဖွဲ့နှင့် မြန်မာ့တပ်မတော် ကြား တိုက်ပွဲများသည် တော်တော်နှင့် ပြေ ငြိမ်းနိုင်ခြေမရှိဟု ၈၈မျိုး ဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ငြိမ်းချမ်းရေးတာဝန် ခံ ဦးမြအေးက သုံးသပ်သည်။ ''တည်ငြိမ်မှုမရှိတဲ့ အစိုးရရဲ့ အပြင် အဆင်တွေကြောင့် ပြည်တွင်းရေးက အဘက်ဘက်က တည်ငြိမ်မှာ မဟုတ်ဘူး''ဟု ၄င်းက ဆိုသည်။

သေချာသည်ကတော့ ၂ဝဝ၈ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ကိုယ် ပိုင် အုပ်ချုပ်ခွင့်ရ ကိုးကန့်ဒေသတွင်း နယ်မြေမတည်ငြိမ်မှုများ၊ မလုံ ခြုံမှုများ၊ မအေးချမ်းမှုများကို အကြောင်းပြုပြီး နှစ်ဖက်တိုက်ပွဲဖြစ်ပြီး ၁ဝရက် ကြာသော ဖေဖော်ဝါရီ ၁၈ရက်နေ့တွင် ကိုးကန့်ဒေသကို မြန် မာ့တပ်မတော်မှ စီမံအုပ်ချုပ်ရန် အတွက် နိုင်ငံတော် သမ္မတဦးသိန်းစိန် က လွှဲအပ်ခဲ့သည်။ ၁၉ရက်နေ့တွင်တော့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လက်မှတ်ဖြင့် ကိုးကန့် ဒေသကို မည်သို့မည်ပုံ အုပ်ချုပ်ရန်အတွက် အသေးစိတ်ထုတ်ပြန် ချက်ကို နိုင်ငံပိုင်သတင်းစာက ဖော်ပြခဲ့သည်။

ယခုအခါ ကိုးကန့်ဒေသသည် တပ်မတော်မှ ဗိုလ်မှူးကြီးစောမြင့် ဦးမှ အုပ်ချုပ်ရေးတာဝန်ယူကာ စီမံအုပ်ချုပ် လျက်ရှိသည်။ တိုက်ပွဲ များကတော့ ယနေ့ထိ ဖြစ်ပွားနေဆဲဖြစ်သည်။

မကြာသေးခင်က လွှတ်တော်က အတည်ပြုလိုက်သည့် White Card ကိုင်ဆောင်သူများ ဆန္ဒမဲပေးပိုင်ခွင့် ကိစ္စသည်လည်း လတ်တ လော မြန်မာ့နိုင်ငံရေးအခင်းအကျင်းကို တော်တော်ဂယက်ရိုက်သွား စေခဲ့သည်။

နိုင်ငံသားမဟုတ်သည့် နိုင်ငံတွင်းနေထိုင်သူများအား နိုင်ငံသားတစ်ယောက်၏ အမြင့်ဆုံးအခွင့်အရေး ကို ပေးအပ်လိုက်ခြင်း မို့ White Card ကိုင်ဆောင်သူ အများဆုံးရှိ ရခိုင်ဒေသခံများနှင့် အမျိုးသားရေး စိတ်ဓာတ် ပြင်းထန်သူများက လက်မခံခဲ့ကြပါ။ ဆက် တိုက်ဆိုသလို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ရက်အကန့်အသတ်ဖြင့် White Card များ ပြန်လည်သိမ်းဆည်းဖို့ ကြေညာခဲ့ပြီး ချိန်တွင်မှ ပြဿနာက အနည်းငယ်တည်ငြိမ်သွားခဲ့သည်။

သို့သော် သမ္မတ၏ကြေညာချက်တွင် White Card ကိုင်ဆောင် သူများအား ဆန္ဒမဲပေးခွင့်မပြုဟု မပါရှိသည့်အတွက် ကန့်ကွက်သူ များကတော့ မကျေနပ်နိုင်သေးပါ။ ဖေဖော်ဝါရီ ၁၁ရက်ကတောင် ယင်းကိစ္စနှင့်ပတ်သက်ပြီး ရန်ကုန်မြို့ ရွှေတိဂုံစေတီတော်ရှိ ကြေးသွန်း ဘုရားမှ စတင်ကာ လူ ၇ဝဝခန့် လမ်းလျှောက်ဆန္ဒပြခဲ့ကြသည်။

ပြဿနာများကိုခြုံကြည့်လျှင် အဆိုးဆုံးကတော့ တစ် ဖက်နှင့် တစ်ဖက်မယုံကြည်နိုင်တော့သည့် ပြဿနာပင်ဖြစ် သည်ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးကျော်လင်း ဦးကသုံးသပ်သည်။ ၄င်းက ယခုလိုဥပမာပေး သည်။

''ဥပမာ-ကျောင်းသားတွေက အချက် ၁၁ချက်ကို တောင်းတယ်။ တောင်းတာကို အစိုးရကလိုက်လျောလိုက် တယ်။ ဒါကိုကျောင်းသားတွေက မယုံသေးဘူးဆိုရင်တော့ အစကတည်း ကတောင်းမနေနဲ့လေ။ ဝှိုက်ကတ် ကိစ္စကို မကျေနပ်ဘူး။ ဒါကိုအစိုးရက သူ့လုပ်ပိုင်ခွင့်ထဲကနေဖြေ ရှင်းပေးတယ်၊ ဒါကိုမှ မယုံသေးဘူးဆို ရင်တော့ ကြိုက်တာ သာလုပ်တော့လို့ ပြောရမှာပဲ''

ဦးကျော်လင်းဦးပြောသလို အစိုးရနှင့် ပြည်သူ၊ အစိုးရ နှင့် နိုင်ငံရေးအင်အားစု၊ အစိုးရနှင့်အရပ်ဘက်အဖွဲ့ အစည်း များအကြား တစ်ဖက်နှင့်တစ်ဖက် ယုံကြည်မှုပျောက်ဆုံး နေသည်ကို ဝါရင့်နိုင်ငံရေးသမားကြီး တစ်ဦးဖြစ်သူ ဒီမိုကရက် တစ်ပါတီ(မြန်မာ)မှ ဥက္ကဋ္ဌဦးသုဝေကလည်း သတိပြုမိသည်။

တိုင်းပြည်အပြောင်းအလဲတွင် မကျေနပ်မှုတွေ၊ လက် နက်စွဲကိုင် တော်လှန်မှုတွေစသဖြင့် ပြဿနာအသစ် အဟောင်း များစုံမိပြီး မတည်မငြိမ်ဖြစ်သည်များကတော့ အဆန်းမဟုတ် တော့ဟု ဦးသုဝေကယူဆသည်။ သို့သော် ဖြစ်ပေါ်လာသည့် မတည်ငြိမ်မှု၊ လှုပ်ရှားမှုတွေကိုမကြီးထွားအောင်၊ ရုတ်ရုတ် သဲသဲ မဖြစ်အောင်တော့ တားဆီးနှိမ်နင်းရမည်။ ယင်းသို့တား ဆီးနှိမ်နင်းရာတွင်လည်း အနုနည်းဖြင့် ပျော့ပျော့ပျောင်း ပျောင်းတားဆီးဖို့ ယင်းကအကြံပြုသည်။

''လက်ရှိအစိုးရရဲ့ ကိုင်တွယ်နည်းကတော့ တွေ့ဆုံဆွေး နွေးရေး နည်းလမ်းပါပဲ။ လုပ်နည်းမှန်ပါတယ်။ ဒီလိုကိစ္စမျိုး တွေကအနုနည်းနဲ့ ဖြေရှင်းရတယ်၊ လက်နက်နဲ့ဖြေရှင်းလို့ မရဘူး။ တစ်ခုပဲလိုတာ၊ အချိန်မီဖြေ ရှင်းတဲ့အပိုင်းပေါ့''ဟု ဦးသုဝေကသုံးသပ်သည်။ ၄င်းက ယခုလိုလည်း ထပ်ပြော သည်။

''အခုဖြစ်နေတဲ့ပြဿနာတွေက တစ်ဖက်နဲ့ တစ်ဖက် မယုံကြည်လို့ဖြစ်နေတာ။ အမြင်မရှင်းလို့ဖြစ်နေတာ။ ပြဿ နာကသေးသေးကနေကြီးကြီးဖြစ်လာတာ။ ဘေးကမြှောက် ပေးတဲ့သူတွေကလဲ ရှိနေတယ်'' ''ဆိုခဲစေ ၊ မြဲစေ'' ဆိုသည့် စကားလို တစ်ဖက်နှင့်တစ် ဖက်ပြောဆိုပြုမူမှုများ သည် အချင်းချင်းယုံကြည်မှုကိုဖြစ် စေ ဖို့လိုအပ်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြည် သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ကပမာပြ သည်။

အအုပ်ချုပ်ခံပြည်သူနှင့် အုပ်ချုပ်သူအစိုးရတို့အကြား အပြန် အလှန် ဆက်ဆံသည့်အခါ တရားမျှတမှုမရှိခြင်း၊ အပေါ်စီး ကဆက်ဆံခြင်းမျိုး မပြုလုပ်မှသာ အပြန်အလှန်ယုံကြည် မှုမျိုးကိုဖြစ်စေနိုင်မည်ဟု ၄င်းကဆိုသည်။

ယင်းသို့ ယုံကြည် မှုရမှသာ တိုင်းပြည်အတွင်း တည်ငြိမ်ရေးသည် စိတ်ချရ မည်ဟု ဦးဝင်းမြင့်ကဆိုသည်။

''ဘယ်အဖွဲ့အစည်းနဲ့မဆို တစ်ဖက်နဲ့တစ်ဖက်သဘော တူညီမှုရလို့ကတိကဝတ်ပြုပြီးရင် နှစ်ဖက်စလုံး က လေးစား လိုက်နာရမယ်။ အဲဒီလိုလေးစားလိုက်နာမှုမရှိရင် ယုံကြည် မှုပျက်သွားမှာ။ ယုံကြည်မှုပျက်သွား ရင် ဘာမှရှေ့ဆက် လို့မရတော့ဘူး''ဟု ဦးဝင်းမြင့်က ထောက်ရှုသည်။

လာမည့် ၂ဝ၁၅ရွေးကောက်ပွဲ ကျင်းပနိုင်ရေးသည် တိုင်းပြည်အတွက် အရေးကြီးသည်ဟု မိမိတို့ရန်ကုန် တိုင်းမ် မှမေးမြန်းခဲ့သော သတင်း အရင်းအမြစ်များ ကယူဆကြ သည်။ 

အဆိုပါရွေးကောက်ပွဲ ဖြစ်မြောက်ရေး အတွက်လည်း တိုင်းပြည်တွင်း တည်ငြိမ်ရေးသည် အရေးကြီးသည် ဟု အားလုံးလက်ခံထားကြသည်။

လတ်တလောလှုပ်ရှားမှုများအား အစိုးရပိုင်းမှဖြေ ရှင်းသည့်ပုံစံကို ကြည့်လျှင်တော့ သူတို့၏ အနည်းငယ်သာ ကျန်တော့သည့် သမ္မတသက်တမ်း အတွင်းမှာ မတည်မငြိမ် မှုတွေကို မဖြစ်စေချင်သည့်သဘောရှိသည် ဟု မြန်မာ့နိုင်ငံ ရေးလေ့လာသုံးသပ်သူ ဦးကျော်လင်းဦးက ရှုမြင်သည်။

''အင်အားသုံးဖြေရှင်းတာမျိုး မလုပ်ချင်တဲ့သဘော ထား အရိပ်အယောင်တွေကိုမြင်ရတယ်။ ဒါကို နိုင်ငံရေး အင်အားစုတွေ၊ တက်ကြွလှုပ်ရှားသူတွေက အကောက်အ ယူလွဲပြီး ဒါဟာငါတို့ရဲ့ နောက်ဆုံးတိုက်ပွဲပဲဆိုတဲ့ အမြင်နဲ့ လုပ်မယ်ဆိုရင်တော့ တိုင်းပြည်ရဲ့ ကံကြမ္မာက ပြန်ဆိုးသွား မယ့်သဘောရှိတယ်''မတည်ငြိမ်မှုတွေ မဖြစ်ဖို့သာ အစိုးရအတွက် အရေး ကြီးသည်။ တကယ်လို့ ဖြစ်လာလျှင်လည်း ဖြေရှင်းဖို့အ တွက် သူတို့တွင် တာဝန်ရှိသည်။ မည်သို့ဖြေရှင်းမည်နည်း ဆိုသည့် အပေါ်တွင်သာ တိုင်းပြည်၏အနာဂတ်က မှီတည် နေ သည်ဟု ဦးကျော်လင်းဦးကဆိုသည်။ ထို့ကြောင့်အုပ်ချုပ် သူအစိုးရနှင့် အအုပ်ချုပ်ခံပြည်သူများ ဖြေဆိုရ မည့်မေး ခွန်းတစ်ခုသူ့တွင်ရှိသည်ဟု ၄င်းကဆိုသည်။

''တိုင်းပြည်ရဲ့ ဒီမိုကရေစီအပြောင်းအလဲ၊ တည်ငြိမ် အေးချမ်းရေး အပြောင်းအလဲကို ညင်ညင်သာသာနဲ့ ကူး ပြောင်းချင်တာလား၊ တစ်ဖက်နဲ့ တစ်ဖက်ထိပ်တိုက်တွေ့ ပြီး အဆိုးဆုံး အခြေအနေကို ရောက်သွား ချင်တာလား''ဟု ၄င်းကသူ့မေးခွန်းကိုရွတ်ပြသည်။

မည်သို့ဆိုစေ ယနေ့ခေတ်အချိန်အခါနှင့် ကိုက်ညီ လွန်းနေသည့် ၁၉၄၇ မတ် ၁၃ရက်ဆီက အမျိုးသားခေါင်း ဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း အသံလွှင့် မိန့်ခွန်းမှ စကား တချို့ရှိသည်။

''လာမည့်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ဖျက်လိုဖျက် ဆီးလုပ်ကြမယ်ဆိုတဲ့ လူတွေပေါ်ရင်တော့ အဲဒီ လူတွေဟာ တိုင်းပြည်ရဲ့ ရန်သူနံပါတ်တစ်တွေပဲ'' ဟူ၏။

နှင်းကို ရေးသည်။
TheYangonTimes

No comments:

Post a Comment

My Blog List