မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်သူ ဦးနုနေထိုင်ခဲ့သော ရန်ကုန်မြို့ ဗဟန်းမြို့နယ် ပြည်ထောင်စု လမ်းအမှတ် ၄၂ ရှိ နေအိမ်ကို ပြတိုက်ပြုလုပ်မည် ဖြစ်ကြောင်း ဦးနု သမီးကြီး ဒေါ်စန်းစန်းနုက ပြောကြား သည်။
ပြတိုက်ဖွင့်လှစ်ရန်အတွက် တိုင်းဒေသကြီးအစိုးရထံ ခွင့်ပြုချက် လျှောက် ထားမည်ဖြစ်ပြီး ရေရှည်ထိန်း သိမ်းနိုင်ရန်အတွက် စီမံခန့်ခွဲရေးအဖွဲ့ ဖွဲ့စည်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြော ဆိုသည်။
“ပြတိုက်ဖွင့်ဖိုဆိုတာ လွယ်တဲ့ကိစ္စ မဟုတ်ပေမယ့် ဖေဖေနဲ့ ပတ်သက်ပြီး ဒီလိုလုပ်မယ် ဆိုတာ ကောင်း ပါတယ်” ဟု ဝန်ကြီးချုပ်ဟောင်း၏ သမီးငယ်ဖြစ်သူ ဒေါ်သန်းသန်းနုက ဆိုသည်။
မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ်ဖြစ်သူ ဦးနုကို ၁၉၀၇ ခုနှစ် မေလ ၂၅ ရက်တွင် ဝါးခယ်မမြို့၌ အဖ ဦးစံထွန်း၊ အမိ ဒေါ်စောခင်တို့မှ မွေးဖွားခဲ့ပြီး ရန်ကုန်မြို့ မြို့မအထက်တန်းကျောင်းတွင် ပညာသင်ယူ၍ ၁၉၂၉ တွင် ရန်ကုန်တက္ကသိုလ်မှ ဘီအေဘွဲ့ ရရှိခဲ့သည်။ ၁၉၃၆ ခုနှစ် ဖေဖော်ဝါရီလတွင် တက္ကသိုလ်ကျောင်း သား သပိတ်ခေါင်းဆောင် ဖြစ်လာသည်မှ စကာ ကိုကြီးနု ဟူသော အမည်ဖြင့် လူသိများလာခဲ့ပြီး သခင်အောင်ဆန်းနှင့်အတူ တို့ဗမာအစည်းအရုံးသို့ ဝင်ရောက်ပြီးနောက် ၁၉၃၇-၃၉ ခုနှစ်အတွင်း နဂါးနီစာအုပ်အသင်းကို တည်ထောင်ခဲ့သူ ဖြစ်သည်။
ဂျပန်ခတ် ဒေါက်တာဘမော်အစိုးရ အဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီး၊ ပြန်ကြားရေး ဝန်ကြီး အဖြစ် လည်းကောင်း ၁၉၄၆ ခုနှစ်တွင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့ လွတ်မြောက်ရေးအဖွဲ့၏ ဒုတိယဥက္ကဋ္ဌနှင့် ၁၉၄၇ ခုနှစ်တွင် တိုင်းပြုပြည်ပြု လွှတ်တော်ဥက္ကဋ္ဌအဖြစ် ထမ်းဆောင်ခဲ့သည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လတွင် နု-အက်တလီစာချုပ် တွင် လက်မှတ်ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံ လွတ်လပ်ရေး ရသောအခါ ပထမဆုံးဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။
၁၉၆၂-၆၆ ခုနှစ်အထိ ခေတ္တ ထိန်းသိမ်းခြင်း ခံခဲ့ရပြီးနောက် ၁၉၆၉ ခုနှစ်တွင် မိသားစုနှင့်အတူ အိန္ဒိယသို့ ထွက်ခွာသွားခဲ့သည်။ ဦးလောရုံ၊ ဗိုလ်ရန်နိုင်၊ ဗိုလ်လက်ျာတို့နှင့် ပူးပေါင်းပြီး ပါလီမန် ဒီမိုကရေစီပါတီ တည်ထောင်ခဲ့သည်။ ပြည်ပြေးအဖွဲ့ ဖွဲ့စည်းလှုပ်ရှား ခဲ့သော်လည်း လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အမှတ် (၂/၈၀) အရ မြန်မာနိုင်ငံ သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ၁၉၈၁ ခုနှစ် နိုင်ငံ့ဂုဏ်ရည်ဘွဲ့ ချီးမြှင့်ခြင်းခံခဲ့ ရသည်။
၁၉၈၈ ခုနှစ် အရေးအခင်းတွင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ (ယာယီ) ကို ဖွဲ့စည်းပြီး စင်ပြိုင်အစိုးရ ဖွဲ့စည်း မှုကြောင့် ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့ တွင် နေအိမ်အကျယ်ချုပ်ဖြင့် ယာယီထိန်းသိမ်းခံခဲ့ရသည်။ ၁၉၉၅ ခုနှစ် ဖေဖော် ဝါရီလ ၁၄ ရက်တွင် ကွယ်လွန်ခဲ့သည်။
ရည်ညွှန်း- ခေတ်ရေစီးထဲက ပုဂ္ဂိုလ်များ၊ စာ-၂၇၇-၂၇၈။
The Voice Weekly
၁၉၈၈ ခုနှစ် အရေးအခင်းတွင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးအဖွဲ့ (ယာယီ) ကို ဖွဲ့စည်းပြီး စင်ပြိုင်အစိုးရ ဖွဲ့စည်း မှုကြောင့် ၁၉၈၈ စက်တင်ဘာ ၁၈ ရက်နေ့ တွင် နေအိမ်အကျယ်ချုပ်ဖြင့် ယာယီထိန်းသိမ်းခံခဲ့ရသည်။ ၁၉၉၅ ခုနှစ် ဖေဖော် ဝါရီလ ၁၄ ရက်တွင် ကွယ်လွန်ခဲ့သည်။
ရည်ညွှန်း- ခေတ်ရေစီးထဲက ပုဂ္ဂိုလ်များ၊ စာ-၂၇၇-၂၇၈။
The Voice Weekly
No comments:
Post a Comment