Monday, February 23, 2015

လောက်ကိုင်အရေးတွင် “တရုတ်ကြေးစား စစ်သားများ” ပါဝင်ဟု ကာကွယ်ရေးဝန်ကြီးဋ္ဌာနပြော



ရှမ်းပြည်နယ်၊ လောက်ကိုင်ဒေသတွင် ဖြစ်ပွားလျက်ရှိသော တိုက်ပွဲများတွင် ကိုးကန့်တပ်ဖွဲ့(MNDAA)က တရုတ် ကြေးစားစစ်သားများကို တိုက်ပွဲတွင် အသုံးပြုလျက် ရှိကြောင်း ကာကွယ်ရေးဝန်ကြီးဋ္ဌာနက  ပြော ကြား လိုက်သည်။
လောက်ကိုင်ဒေသတွင် ယခုရက်ပိုင်းအတွင်း ဖြစ်ပွားလျက်ရှိသည့် တိုက်ပွဲများနှင့် ပတ်သက်ပြီး ဖေဖော်ဝါရီ လ ၂၁ ရက်နေ့က နေပြည်တော်၊ ကာကွယ်ရေး ၀န်ကြီးဋ္ဌာနတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦးက“ကိုးကန့်တပ်ဖွဲ့တွေထဲမှာ တရုတ်ကြေးစား စစ်သားတွေပါတယ်။ တရုတ်တွေ ဖြစ်တယ်။ ကိုးကန့်တပ်ဖွဲ့ထဲဝင်ပြီး နယ်မြေ လှုပ်ရှားမှုတွေ လုပ်နေတာပါ”ဟု သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

တရုတ်နိုင်ငံရှိ ဟိုတယ်တခုတွင် ကိုးကန့်တပ်ဖွဲ့ ခေါင်းဆောင် ဖုန်ကြားရှင် ကိုယ်တိုင် နေ၍ ကွပ်ကဲနေခြင်း၊ ကိုးကန့် ဒဏ်ရာရ စစ်သားများကို တရုတ်နိုင်ငံရှိ ဆေးရုံတခုမှ လက်ခံကုသပေးမှုများ ရှိကြောင်း ဓာတ်ပုံ အထောက်အထား တချို့ဖြင့် ကာကွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် တရုတ်ကြေးစားစစ်သားများမှာလည်း တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ် မှ ဖြစ်ပြီး အများစုမှာ မူးယစ်ဆေး ၀ါးမှုဖြင့် နယ်စပ် ဖြတ်ကျော်ပြေးလာသူ များ ဖြစ်ပြီး အချို့မှာ အလုပ်လက်မဲ့များ ဖြစ်ကြောင်း၊ ယခုကိစ္စတွင် တရုတ် ဗဟိုအစိုးရ ကိုယ်တိုင် ပါဝင်ပတ်သက်မှု မရှိနိုင်သော်လည်း တရုတ်နိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေ သ အာဏာပိုင်တချို့နှင့် ဆက်စပ်မှု ရှိနိုင်သဖြင့် တရုတ်အစိုးရသို့ တရားဝင် အကြောင်းကြားထားကြောင်း၊ တရုတ် အစိုးရကလည်း ဖြေရှင်း ပေးမည်ဟု ကတိပြုထားကြောင်း သိရသည်။

၂၀၁၄ ခုနှစ်၊ ဧပြီလအတွင်းက ကိုးကန့်တပ်ဖွဲ့ဝင် တရုတ်ကြေးစား တပ်သား ၈ ဦး ကို တပ်မတော်က ဖမ်းဆီး ခဲ့ပြီးနောက် ၄င်းတို့မှာ မိုင်းလား နယ်မြေအတွင်း လက်နက်များ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ လုပ်ကိုင် နေကြောင်း သိရှိခဲ့ရပြီး ကိုးကန့်ဒေသ တိုက်ပွဲများတွင် တရုတ်ကြေးစားများ အသုံးပြုခြင်း၊ ယင်း တရုတ် ကြေးစား စစ်သားများကို ၀ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) ဌာနချုပ်ရှိရာတွင် သင်တန်းပေးနေသည့် ကိစ္စများကို စုံးစမ်းနိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ကိုးကန့်တိုက်ပွဲတွင် တရုတ်ကြေးစားများအပြင် ကချင် လွတ်မြောက်ရေး တပ်မတော်(KIA) ၊ ၀ ပြည် သွေး စည်း ညီညွတ်ရေး တပ်မတော်(UWSA) ၊မိုင်းလား တပ်ဖွဲ့၊တအောင်း အမျိုးသား လွတ်မြောက်ရေး တပ် မတော်(TNLA )၊ SSA တပ်ဖွဲ့တို့မှ အင်အား ၁၀၀ ၀န်းကျင်နှင့် အထက်စီ ကူညီနေသည်ဟု လည်း ပြောဆို သည်။

ကိုးကန့် တပ်ဖွဲ့ဝင်များ လှုပ်ရှားရာ နယ်မြေနှင့် ပန်ဆန်းဌာနချုပ်တွင် တရုတ်နိုင်ငံနှင့် ဆက်စပ်နေသည့် လက်နက် စက်ရုံများကိုလည်း တပ်မတော်မှ ရှာဖွေတွေ့ရှိထားပြီး ၀င်ရောက် ဖမ်းဆီးရန် ကြိုးပမ်းနေ ဆဲ ဖြစ်ကြောင်း ကာကွယ်ရေး ၀န်ကြီးဋ္ဌာနက သတင်းထုတ်ပြန်သည်။

ကိုးကန့် လက်နှက်ကိုင် အဖွဲ့တွင် တရုတ်နိုင်ငံသား စစ်သားဟောင်းများ၊ စစ်သင်တန်း နည်းပြများ၊ စစ်အကြံပေးများ အဖြစ် ပါဝင် တာဝန်ထမ်းဆောင်နေ ကြကြောင်း၊ ယင်းဒေသတွင် လက်နှက်စက်ရုံများ စတင် တည်ဆောက်စဉ်က တရုတ်ပညာရှင်များ လာရောက် ကူညီဆောင်ရွက်ခဲ့ကြောင်း တပ်မတော်က စုံစမ်းသိရှိထားသည်ဟု သိရသည်။

ဖေဖော်ဝါရီလ ၁၆ ရက် ဘေဂျင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောရေးဆိုခွင့်ရအမျိုးသမီး ဟွာချွန်ယင်းက “တရုတ်-မြန်မာ ဆက်ဆံရေးကို ဖျက်ဆီးဖို့နဲ့ နယ်စပ် တည်ငြိမ်ရေးပျက်ပြားစေ ဖို့ တရုတ်နိုင်ငံအတွင်းက လုပ်ဆောင်တဲ့ ဘယ်အဖွဲ့အစည်း သို့မဟုတ် ဘယ်သူ့ ကို မဆို ခွင့်ပြုမှာ မဟုတ်ဘူး”ဟု ပြောဆိုထားသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List