Monday, February 23, 2015

လွှတ်တော်မေးခွန်းသည် ရယ်စရာပြက်လုံးမဟုတ်ပြက်ရယ်ပြုစရာမဟုတ်


လွှတ်တော်ကိုယ်စားလှယ်များသည်  ပြည်သူများက ရွေးချယ်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ် များဖြစ်ကြသည်။ ပြည်သူများကို  ကိုယ်စားပြုပြီး ပြည်သူများ၏ဆန္ဒ၊  ပြည်သူများ၏လိုအပ်ချက်၊ ပြည်သူ များ၏အသံများကို လွှတ်တော်မှ တစ်ဆင့် နိုင်ငံတော်သို့ ဖော်ထုတ်တင်ပြနေကြသူများဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်၏ အဓိကအရည်အချင်းမှာ အဆိုပါလုပ်ငန်းများကို လွှတ်တော်အတွင်း ပီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပေးနိုင်စွမ်း ရှိရေးပင် ဖြစ်သည်။

လွှတ်တော်အတွင်း လွှတ် တော်ကိုယ်စားလှယ်များ၏ အဓိ ကတာဝန်နှင့် အခွင့်အရေးမှာ လွတ်လပ်စွာပြော ဆိုခွင့်၊ လွတ် လပ်စွာဆုံးဖြတ်ခွင့်နှင့် လွတ်လပ် စွာဆန္ဒမဲပေးခွင့်တို့ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ် များသည် လွှတ်တော်အစည်း အဝေးများတွင် မေးခွန်းများမေး မြန်းခြင်း၊ အဆိုများ တင်သွင်းခြင်း၊ အတည်ပြုခြင်းနှင့် ဥပဒေပြုရေး လုပ်ငန်းများတွင် ပါဝင်ဆုံးဖြတ် ဆောင်ရွက်ခြင်းတို့ကို မိမိ တို့၏ တာဝန်နှင့်  အခွင့်အရေးအရ ဆောင်ရွက်ကြရသည်။

လွှတ်တော်အစည်းအဝေး များအတွင်း မေးခွန်းများမေးမြန်း ခြင်းကဏ္ဍသည် အရေးကြီးသည့်ကဏ္ဍတစ်ခုဖြစ် သဖြင့် အစည်း အဝေး၏ ပထမဦးစားပေးအစီ အစဉ်အဖြစ် တစ်နာရီခွင့်ပြုပြီး ဆောင်ရွက်ကြရသည်။

မေးခွန်းများမေးသည့်အခါ လွှတ်တော်ကိုယ်စားလှယ်များ သည် မိမိ၏ မဲဆန္ဒနယ်အတွင်း လုပ်ငန်းလိုအပ် ချက်များ၊ ပြည်သူများ၏ လိုအပ်ချက်များနှင့် သိရှိ လိုချက်များ၊ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဖွဲ့အစည်း များမှ ဆောင်ရွက်ပေးရန် လိုအပ်သည့် လုပ်ငန်းများနှင့်ဆက်စပ်သော မေးခွန်းများကို မေးမြန်းကြရသည်။

လွှတ်တော်ကိုယ်စားလှယ် များက မေးခွန်းများမေးမြန်းခြင်း ၏ အဓိကရည်ရွယ် ချက်မှာသက် ဆိုင်သည့်  ဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဖွဲ့အစည်းများမှ တာဝန်ရှိသူ ပြည်ထောင်စုအဖွဲ့ ဝင်များ၏  ဖြေကြားချက် များ အရ သတင်းအချက် အလက်တာဝန်ခံ မှုနှင့် လုပ်ငန်းများဆောင်ရွက်ပေး မည့် ကတိကဝတ်များကို ရရှိရန် ဖြစ်သည်။ ရရှိထားသော ဆောင် ရွက်ပေးမည့် ကတိကဝတ်များအရ သက်ဆိုင်ရာမှ လုပ်ငန်းများ အကောင်အထည်ဖော်ဖြည့်ဆည်းဆောင်ရွက်ပေး မှုများကိုလေ့လာစောင့်ကြည့်ရန်ဖြစ်သည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်များတွင် ဖွဲ့စည်း ပုံအခြေခံဥပဒေ အရ အစိုးရ၏ အာမခံချက် များ၊  ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော် မတီများကို   အသီးသီးဖွဲ့စည်း ထားပြီး လုပ်ငန်းများ၊ အကောင် အထည်ဖော်ဖြည့်ဆည်းဆောင် ရွက်ပေးမှုများကို စိစစ်ဆောင် ရွက်လျက်ရှိသည်။

လွှတ်တော်ကိုယ်စားလှယ် များသည် ပြည်သူ့ကိုယ်စားလှယ် များသာဖြစ်ကြ သည်။

ပညာရှင်များမဟုတ်ကြ သည်ကို သတိပြုမိရန်လိုသည်။ လွှတ်တော်ကိုယ်စား လှယ်များ၏ မေးခွန်းများသည် ပညာရပ်ဆိုင် ရာ ဆွေးနွေးပွဲများ၊ ဖိုရမ်များတွင် ပညာရှင်များမေးသည့် မေးခွန်း များကဲ့သို့  ပညာရပ်အခြေ ခံမေး ခွန်းမျိုးမဖြစ်နိုင် ပါ။ ပြည်သူများ သိလိုသော သတင်းအချက် အလက်များနှင့် လိုအပ်သောလုပ် ငန်းများကို ဆောင်ရွက်ပေးနိုင် မည့် ကတိကဝတ်အဖြေများရရှိ အောင် မေးမြန်း သည့်မေးခွန်းများ ဖြစ်သည် ကို သတိပြုရန်လိုအပ် ပါသည်။

မေးခွန်းဖြေကြားသူ ပြည် ထောင်စုအဖွဲ့အစည်းဝင်က မေး ခွန်းအပေါ်မူတည်ပြီး လက်ရှိအ ခြေအနေ၊ အမှန်တကယ်လိုအပ်ချက်များနှင့် ဆောင်ရွက်ထားချက် များကို မှန်ကန်စွာဖြေကြားခြင်း အားဖြင့် လွှတ်တော် မှတစ်ဆင့် ပြည်သူအများက မှန်ကန်သော သတင်းအချက်အလက်များနှင့် ဆောင်ရွက်ပေးနိုင်မည့် လုပ်ငန်း များအတွက် ကတိကဝတ်များကို ရရှိကြမည်ဖြစ်သည်။

ပညာရှင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် သတင်းမီဒီ ယာများသည် လွှတ်တော်အစည်း အဝေး တွင် မေးခွန်းမေးမြန်းသူ၏ မေးခွန်းတွင် သတင်းရင်းမြစ် အချက်အလက်မပြည့်စုံသဖြင့် ယင်းမေးခွန်းအား ရယ်ရွှင်ဖွယ် ပြက်လုံးမေးခွန်းဟု မမှတ်ယူသင့် ပါ။ ရယ်ရွှင်ဖွယ်ပြက်လုံးမဖြစ်နိုင် ပါ။ ပြက်ရယ်မပြုသင့်ပါ။ လွှတ် တော်၏ ပုံရိပ်နှင့် ဂုဏ်သိက္ခာကို မထိခိုက်စေသင့်ပါ။ သတင်း အချက်အလက်ပြည့်စုံစွာသိရှိလို သဖြင့်၊ ကတိကဝတ်ရရှိလိုသဖြင့် မေးခွန်းများ မေးမြန်းရခြင်းဖြစ် ကြောင်း အထူးသတိပြုနားလည် ထားသင့်ပါသည်။ သတင်းမီဒီ ယာများကလည်း ဤအချက်ကို နားလည်သဘောပေါက်သင့်ပါ သည်။

လွှတ်တော်ကိုယ်စားလှယ် များအနေဖြင့် ပြည်သူများ၏ လို အပ်ချက်နှင့် သိလိုချက်များကို ဖြည့်စွမ်း လိုသောကြောင့် မေးခွန်း မေးမြန်းပေးခြင်းဖြစ်သဖြင့် သက် ဆိုင်ရာတာဝန်ရှိသည့်ဌာနနှင့် ပညာရှင်များက အပြုသဘောဖြင့် မှန်ကန်သော အချက်အလက်များ ကို ဖြည့်စွက်ပေးမှသာ ပြည်သူ များအား မှန်ကန်တိ ကျသော သတင်းအချက်အလက်များကို ဖြန့်ဝေပေးနိုင် မည်ဖြစ်ပေသည်။

ပညာရှင်များကလည်း မိမိ တို့တတ်သိထားသည့်  သတင်း အချက်အလက်များကို လွှတ် တော်ကိုယ်စား လှယ်များအား ဝေ မျှပေးမည်ဆိုပါက နိုင်ငံတော်နှင့် ပြည်သူများအား အကျိုးပြုရာ ရောက်ပါမည်။ လွှတ်တော် က လည်း ကြိုဆိုလျက်ရှိပါသည်။

မကြာမီက လွှတ်တော်အတွင်း မြေငလျင်ဖြစ်ပေါ်ပါက ကာကွယ်မှုဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ မေး ခွန်းမေးမြန်းရာတွင် မြေငလျင်ကြိုတင်တိုင်းထွာခြင်းမပြုနိုင်သည်ကို သတင်းအရင်းအမြစ်စုံစမ်းလေ့ လာခြင်းမပြုဘဲမေးမြန်းသည့်အတွက် ပြက်လုံးတစ်ခုကဲ့သို့ ဖြစ်နိုင်သည်ဟု ပညာရှင်များထံမှ ဝေဖန်
သံများ ထွက်ပေါ်လာခဲ့သည်။

သတိပြုရန်အချက်မှာ မေး ခွန်းမေးမြန်းသူသည် မြေငလျင် ပညာရှင်မဟုတ်ပါ။ သူ၏ မဲဆန္ဒ နယ်မြေ သည် မြေငလျင်ကြော ပေါ်တွင်ကျရောက်နေသဖြင့် ပြည်သူများစိုးရိမ်စိတ်ဖြင့် သိရှိလိုသည့်အချက် များကို တာဝန်ရှိ သည့် လွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေဖြင့် မေးမြန်းခြင်းဖြစ် သည်။

မေးမြန်းရာတွင် မြေငလျင် လှုပ်ခတ်မှုကြောင့် ပြည်သူများ အသက်၊ အိုးအိမ်၊ စည်းစိမ်၊ ဥစ္စာ ပစ္စည်းများ ဆုံးရှုံးမှုမှ ကာကွယ် နိုင်ရန် မြေငလျင်မလှုပ်ခတ်မီနှင့် လှုပ်ခတ်နေစဉ်၊ လှုပ်ခတ်ပြီး အချိန်များမှာ  မည်ကဲ့ သို့ကြိုတင် လုပ်ဆောင်ရမည်ကို ပညာပေးရေးအတွက် နိုင်ငံတော်အစိုးရအနေဖြင့် စီမံဆောင်ရွက်ထားရှိမှုရှိ၊ မရှိအား ဦးတည်မေးမြန်းခဲ့ခြင်းဖြစ်သည်။

သက်ဆိုင်ရာဝန်ကြီးဌာနက သတင်းအချက်အလက်အပြည့် အစုံ အကျယ်တဝင့်ရှင်းလင်းဖြေ ကြားခဲ့သည့် အတွက် လွှတ်တော် ကိုယ်စားလှယ်များသာမက ပြည် သူများကပါ  ကြားသိရသဖြင့် အလွန်အကျိုးပြုပါ သည်။

မေးခွန်းမေးသူက မြေငလျင် ကြိုတင်တိုင်းထွာခြင်းမပြုနိုင် သည်ကို သတင်း ရင်းမြစ်များ စူးစမ်းလေ့လာ သိရှိခြင်းမပြုဘဲ မေးသောကြောင့် မေးခွန်းသည် သတင်းမီဒီယာနှင့် ပညာရှင်များ ဝေဖန်သကဲ့သို့ ရယ် စရာပြက်လုံး တစ်ခု မဖြစ်နိုင်ပါ။ မဖြစ်သင့်ပါ။

ဤသို့ မေးခွန်းမျိုး လွှတ် တော်အတွင်း မေးသောကြောင့် သာ မြေငလျင်ကြိုတင် တိုင်းထွာ ခြင်း မပြုနိုင်ကြောင်း သတင်း အချက်အလက်များနှင့် မြေငလျင်နှင့် ပတ်သက်၍ လုပ်ငန်းများ ဆောင်ရွက်ထား ရှိမှုများကို သက်ဆိုင်ရာ တာဝန်ရှိ သည့် အစိုးရ အဖွဲ့အစည်းထံမှ အတိအကျသိရသဖြင့် ပညာရှင်မဟုတ် သူ၊စိုးရိမ် ပူပန်လျက်ရှိသူ ပြည်သူများ အတွက်များစွာအကျိုးရရှိပါသည်။

 အထူးတင်ပြလိုသည့် အချက်မှာ လွှတ်တော်ကိုယ်စားလှယ်များသည် ပညာရှင်များမဟုတ်ကြပါ။ လွှတ်တော် ကိုယ် စားလှယ်များ၏ တာဝန်မှာ ပညာရှင်မဟုတ်သူ ပြည်သူတို့အတွက် ယင်းတို့သိရှိလိုသော၊ လို အပ် သော သတင်းအချက်အလက် အမှန်များရရှိရေးနှင့် သက်ဆိုင်ရာမှ လုပ်ငန်းများဆောင် ရွက်ပေး မည့် ကတိကဝတ်များရရှိရေးအတွက် လွှတ်တော်အစည်း အဝေးများတွင် မေးခွန်းများကို မေးမြန်းရခြင်းဖြစ်ပါ သည်။ မေး မြန်းသည့် မေးခွန်းများသည် နိုင်ငံ တော်နှင့် ပြည်သူများအကျိုးကို ဖော်ဆောင်မည့် မေးခွန်းများဖြစ် ရန် အရေးကြီးပါသည်။

မေးခွန်းများမေးမြန်းမှုနှင့် စပ်လျဉ်း၍ ဝေဖန်မှုပြုသည့်အခါ လွှတ်တော်၏ပုံရိပ်နှင့် ဂုဏ်သိက္ခာကို ထိခိုက်မှု မဖြစ်စေရန် သတိပြုရမည်ဖြစ်ပါသည်။

ဤအချက်များကို သတင်း မီဒီယာများနှင့် ပညာရှင်များ အထူးသတိပြုသင့် ပါကြောင်း ရေးသားတင်ပြ အပ်ပါသည်။

(ဆောင်းပါးရှင်၏ အာဘော်သာ ဖြစ်ပါသည်။)


7Day News Journal

No comments:

Post a Comment

My Blog List