Monday, February 23, 2015

နိုင်ငံရေး ဆွေးနွေးပွဲ အတွက် ထောက်ခံချက် လက်မှတ် ရေးထိုး တာပါ (RCSS/SSA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်နှင့်တွေ့ဆုံမေးမြန်း)


နှစ်ပေါင်း ၂၀ မျှကြာအမျိုးသားရေးအတွက် လက်နက်ကိုင်တိုက်ပွဲဝင်လာခဲ့သော သျှမ်းပြည်ပြန်လည် ထူထောင် ရေးကောင်စီ သျှမ်းပြည်တပ်မတော်က အစိုးရ ဖိတ်ခေါ်ကမ်းလှမ်းသော ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ကတိပြုချက်လက်မှတ်ကို ယခုနှစ်ပြည်ထောင်စုနေ့တွင် ရေးထိုးခဲ့ပါတယ်။
ဘာအတွက် ကြောင့် လက်မှတ်ရေးထိုးပါသလဲ။ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ရဲ့ ဒုတိယအကြိမ် သျှမ်းပြည် ခရီးစဉ်မှာ ဘယ်သူတွေနဲ့ တွေ့ဆုံခဲ့ပါသလဲ။

 ဖေဖော်ဝါရီ (၂၀)ရက်နေ့ တောင်ကြီးမြို့ ၊ တောင်ကြီး ဟိုတယ်မှာပြုလုပ်တဲ့ မီဒီယာများနှင့် တွေ့ဆုံရှင်း လင်းရေးမှာ ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ် ကိုတွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့ပါတယ်။

မေး ။ ။ ဥက္ကဌကြီး နေပြည်တော်ကို သွားရတဲ့ရည်ရွယ်ချက်နဲ့ လက်မှတ်ထိုးခဲ့တဲ့ ကိစ္စရပ်ကိုရှင်းပြပေးပါ ။
ဖြေ ။ ။ ကျနော်တို့ ဒီအပစ်အခတ်ရပ်စဲရေး တွေလုပ်လာတာ သုံးနှစ်ကျော်ကြာခဲ့ပြီ ။ အပစ်အခတ်ရပ်ရတဲ့ အဓိကရည်ရွယ်ချက်က နိုင်ငံရေးဆွေးနွေးပွဲဆီကို သွားချင်လို့ပဲ ။ နေပြည်တော်ကို ဒီတစ်ခေါက် သွားပြီး လက်မှတ်ထိုးတာကလည်း နိုင်ငံရေးဆွေးနွေးပွဲကြီး လုပ်ဆောင်နိုင်ဖို့ အာမခံချက်ပေးတဲ့အနေနဲ့ လက်မှတ် ထိုးတာပါ။ အဓိပ္ပါယ်ကတော့ နိုင်ငံရေးတံခါးဖွင့်လိုက်တာပေါ့ ။

မေး ။ ။ ပအိုဝ်းခေါင်းဆောင် ဦးအောင်ခမ်းထီ နဲ့သွားရောက်တွေ့ဆုံတဲ့ကိစ္စ မှာ ဥက္ကဌကြီးတို့ ဘာတွေ များ ဆွေးနွေးဖြစ်သလဲ ။
ဖြေ ။ ။ ဒီတစ်ခေါက်ကတော့ ခင်မင်ရင်းနှီး မှုရယူပြီး ယုံကြည်မှုတွေတည်ဆောက်တဲ့သဘောပေါ့ ။ တခြား နိုင်ငံရေးနဲ့ပါတ်သက်တဲ့ အကြောင်းတွေတော့ မပါပါဘူး ။ ရှေ့လျှောက် သျှမ်းနဲ့ပအိုဝ်းကြား အထင်လွဲ အမြင် လွဲမှုတွေမရှိအောင် တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားအောင် ပြောဆိုကြတယ်။ တိုက်ပွဲတွေဖြစ်လာ ရင် နှစ်ဖက် လုံး နစ်နာတယ် ။ ပြဿနာတစ်စုံတစ်ခု ရှိလာခဲ့ရင်လည်း အရင်ဆုံး မျက်နှာချင်းဆိုင်ဆွေးနွေးတိုင် ပင် ညှိနှိုင်းကြဖို့ တိုက်တွန်းခဲ့ပါတယ် ။

မေး ။ ။ သျှမ်းပြည်နယ်လွှတ်တော်ကို ဥက္ကဌ ကြီးအနေနဲ့ဘယ်လိုမြင်သလဲ ။
ဖြေ ။ ။ သျှမ်းပြည်နယ်လွှတ်တော်ထဲကို အတွင်းကျကျ မလေ့လာဖြစ်သေးတဲ့အတွက် ဘယ်လိုအမြင် သဘောထားမျိုးမှ မရှိသေးပါဘူး ။

မေး ။ ။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကြီးကို ဥက္ကဌကြီးအနေနဲ့ လွှတ်လပ်ပြီး တရားမျှတမှုရှိ လိမ့်မယ်လို့ ထင်လား ။
ဖြေ ။ ။ ရွေးကောက်ပွဲနဲ့ပါတ်သက်ပြီး ဒီမိုကရေစီ ဥပဒေအရကတော့ လွှတ်လပ်မှုအပြည့်ရှိရမယ်ပေါ့ ။ လွတ်လပ်မှုမရှိရင် ဒီမိုကရေစီနည်းလမ်းနဲ့ညီမျှတယ်လို့ပြောလို့မရဘူး ။ ဖိနှိပ် ခြိမ်းခြောက်ခံရပြီး မဲပေးခိုင်း တာမျိုး မရှိရဘူးပေါ့ ။ ပြည်သူလူထုက မိမိနှစ်သက်တဲ့ပါတီကို မိမိကိုယ်တိုင်ရွေးချယ်ပိုင်ခွင့်၊ မဲပေးပိုင်ခွင့် ရှိရမယ် ။

မေး ။ ။ ဥက္ကဌကြီး တောင်ကြီးမြို့ကို ရောက်လာရတဲ့ အဓိကအကြောင်းအရင်းက ဘာတွေဖြစ်မလဲ ။
ဖြေ ။ ။ နေပြည်တော်ကနေ တောင်ကြီးကို ရောက်လာတဲ့အဓိကအကြောင်းအရင်းက ပြည်သူလူထုတွေ နဲ့ တွေ့ဆုံတယ် ။ (၁၅) ရက်နေ့မှာကျားဖြူပါတီက ညီလာခံတက်ရောက်ဖို့ ဖိတ်ကြားလာလို့ညီလာခံ တက် တယ် ။ (၁၆) ရက်နေ့ ကကျောက်တစ်လုံး ကျေးရွာမှာ ဦးအောင်ခမ်းထီနဲ့တကွ ဒေသခံပြည်သူတွေနဲ့ တွေ့ ဆုံ တယ် ။ပြီးတော့ ဆီဆိုင်၊ ၀မ်နောင်၊ ပုံးအင်း ၊ နောင်မွန် မှာရှိတဲ့လူထုတွေနဲ့ တွေ့ဆုံ ပြီးနေပြည်တော်မှာ လက် မှတ်ထိုးခဲ့တဲ့ကိစ္စရပ်တွေကို ရှင်းပြတယ် ။ တစ်ချို့က လက်နက်ချပြီးပြည်သူ့စစ်လုပ်တော့မှာလားလို့ နား လည်မှု လွဲနေတဲ့အပိုင်းတွေရှိတယ် လက်မှတ်ထိုးလိုက်တဲ့အထဲမှာ လက်နက်ချတာတို့ ၊ပြည်သူ့စစ် အဖြစ် ရပ်တည် မှာတို့ မပါဘူး နိုင်ငံရေးဆွေးနွေးပွဲဆီကို သွားဖို့ တံတားဆောက်တဲ့အဆင့် ပဲရှိသေးတယ် ဆိုတဲ့ အကြောင်း တွေကို ပြည်သူလူထုတွေသိအောင် တွေ့ဆုံရှင်းပြခဲ့တယ် ။

မေး ။ ။ ၂၀၁၅ ရွေးကောက်ပွဲ မှာ ဥက္ကဌကြီးအနေနဲ့ သျှမ်းပါတီတွေဖြစ်ကြတဲ့ ကျားဖြူပါတီ နဲ့ ကျားခေါင်း ပါတီ တွေထဲက ဘယ်ပါတီကို မဲပေးထောက်ခံချင်ပါသလဲ ။
ဖြေ ။ ။ ဒီရွေးကောက်ပွဲ ကြီးကိုကျနော့် အနေနဲ့စိတ်မဝင်စား သေးဘူး ။နိုင်ငံရေးဆွေးနွေးပွဲဆိုတာ ကိုပဲ အရင် လုပ်ချင်တယ် ။ ဒီရွေးကောက်ပွဲက နိုင်ငံရေးပြဿနာတွေကို မဖြေရှင်းပေးနိုင်ဘူး ။ နိုင်ငံရေးဆွေးနွေးပွဲ ပြီးမှ ရွေးကောက်ပွဲကို စိတ်ဝင်စားနိုင်မယ် ။ ဘယ်ပါတီ ကိုမှမဲမပေးနိုင်သေးဘူး ။ပါတီတွေကလည်း သူတို့ ဖာသာလွတ်လွတ်လပ်လပ် ဆောင်ရွက်ကြပါစေ ။

မေး ။ ။ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက် ဥက္ကဌကြီးအနေနဲ့ ဘယ်လိုမြင်လဲ ၊ ဘာတွေကို မျှော်လင့်ထားလဲ ၊ တကယ်ပဲ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးညှိနှိုင်း နိုင်ကြမှာလား ။
ဖြေ ။ ။ နိုင်ငံရေးစကားဝိုင်းတွေတော်တော်များများမှာတော့ ဖယ်ဒရယ် အကြောင်းကိုပြောဖြစ်ကြတယ် ။ ဖယ်ဒရယ် ပြည်ထောင်စုဆိုတာကြီးကို ဘယ်သူမဆိုလိုချင်ကြပါတယ် ။ လိုချင်တဲ့ဖယ်ဒရယ် ပုံစံရဲ့ အသေး စိပ်ကို အသေးစိပ်ဆွေးနွေးကြဖို့လိုတယ် ။ ဘယ်လို ဖယ်ဒရယ် စနစ်ကိုလိုချင်တာလည်း အမေရိ ကန် လား အိန္ဒိယလား စသဖြင့်ပေါ့ ။ တချို့နိုင်ငံက မြန်မာပြည်ကြီးကို ဖယ်ဒရယ်ဖြစ်နေကြပြီလို့ ထင်နေကြတယ် ။ ကျနော့်အနေနဲ့ပြောရရင် ဒီနေ့မြန်မာပြည်ကြီးက ဖယ်ဒရယ်ပြည်ထောင်စုမှ မဖြစ်သေးတာ ။ အစစ်အမှန်မှ မဟုတ်သေးတာ ။

မေး ။ ။ ဒါဆို ဥက္ကဌကြီးတို့အနေနဲ့ ဘယ်နိုင်ငံက ဘယ်လိုဖယ်ဒရယ် ပုံစံမျိုးကို သုံးချင်တာလဲ ။
ဖြေ ။ ။ ကျနော်တို့ တစ်ဖွဲတည်းအနေနဲ့ပြောလို့မရဘူး ။ အရင်ဆုံးအားလုံးဝိုင်းဆွေးနွေးရမယ် ။ တကယ်တမ်း ဖယ်ဒရယ်ဆိုတာ နံပါတ် တစ် ဘုံအစိုးရ ရှိရမယ် ။ ဘုံအစိုးရတစ်ရပ်ထွက်ပေါ်လာဖို့ အားလုံး ဆွေးနွေး ညှိနှိုင်းရမယ် ။ နံပါတ် နှစ် ပြည်နယ် တိုင်းတွေမှာကိုယ်ပိုင်အစိုးရဝန်ကြီးရှိရမယ် ။ အဲ့ဒီပြည်နယ် ၀န်ကြီး ကို ပြည်သူလူထုတွေကပဲရွေးချယ်တဲ့သူဖြစ်ရမယ် ။ နေပြည်တော်ကနေ ခန့်အပ်လာတဲ့ ၀န်ကြီးမဖြစ်ရဘူး ။ နံပါတ် သုံး ပြည်နယ်နဲ့တိုင်းအလိုက် လွတ်လပ်စွာ အုပ်ချုပ်ခွင့် ၊ ကိုယ်ပိုင်ပြဌားန်းခွင့် နဲ့ ကိုယ်ပိုင်ဥပဒေ ပြုပိုင် ခွင့် ရှိရမယ် ။ ဒါတွေအရေးကြီး တယ်။ အခုဟာက ပြည်နယ် တွေမှာ အာဏမရှိဘူး ။

မေး ။ ။ လက်ရှိ လောက်ကိုင်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲနဲ့ ပါတ်သက်ပြီး ဥက္ကဌ ကြီးအနေနဲ့ သုံးသပ်ပေးပါ ။
ဖြေ ။ ။ လောက်ကိုင် ကကျနော်တို့နဲ့ အလှမ်းဝေးနေတယ် ။ဒါကြောင့် ဘယ်လိုမှသုံးသပ်ပြော ဆိုလို့မရပါဘူး ။
သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ သျှမ်းပြည်တပ်မတော် ဥက္ကဌကြီး ဒု ဗိုလ်ချုပ်ကြီးယွက်စစ် ဟာ ဖေဖော်ဝါရီလ ၁၂ ရက် ပြည်ထောင်စုနေ့က အစိုးရ ဖိတ်ခေါ်တဲ့ ညစာစားပွဲကိုတက်ရောက်ခဲ့ပြီး ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည် သင့်မြတ်ရေးကတိပြုချက်လက်မှတ်ရေးထိုးလိုက်သည်။

Panglong(Burmese)

No comments:

Post a Comment

My Blog List