Tuesday, February 24, 2015

MNDAA ကိုးကန့်အဖွဲ့ကို အစိုးရအနေနဲ့ဆွေးနွေးဖို့ သင့် မသင့်



ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၉ ရက်က စတင်ဖြစ်ပွားခဲ့တဲ့ တပ်မတော်နဲ့ MNDAA ကိုးကန့်အဖွဲ့တို့ အကြား တိုက်ပွဲတွေကတော့ အခုလက်ရှိအ ချိန်အထိကို အပြီးမသတ်နိုင်သေးပါဘူး။ ဖေဖော်ဝါရီ ၉ ရက်လောက်က စတင်ခဲ့တဲ့ တိုက်ပွဲတွေဟာ တပ်မ တော်ဘက်က ကျဆုံးသူ ၄၇ ဦးရှိတယ်ဆိုပြီး တရား ဝင် ထုတ်ပြန်လာတဲ့ နောက်ပိုင်းမှာတော့ ကိုးကန့်ဒေသမှာ ဖြစ်ပွားနေ တဲ့ တိုက်ပွဲတွေအပေါ် လူထုရဲ့အာရုံစိုက် မှုတွေက အမြင့်ဆုံးအဆင့်ကို ရောက်လာခဲ့ပါတယ်။
လေ့လာသူတွေကတော့ သမ္မတဦးသိန်းစိန် အစိုးရလက် ထက် ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ်က ကချင်ပြည်နယ်မှာ ဖြစ် ပွားခဲ့တဲ့ လဂျားယန် တိုက်ပွဲပြီးရင် ဒီကိုးကန့်ဒေသက တိုက်ပွဲဟာ တိုက်ပွဲတစ်ရပ်တည်းမှာ တပ်မတော်သား ကျဆုံးမှု အများဆုံး တိုက်ပွဲတွေလို့ ဆိုလာပါတယ်။ ပြည် သူတွေအနေနဲ့လည်း သတင်း မီဒီယာတွေ ဆိုရှယ်မီဒီ ယာ ဖြန့်ဝေမှုတွေကတစ်ဆင့် တိုက်ပွဲတွေကို တော် တော်လေး စိတ်ဝင်တစားရှိတာ တွေ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ တပ်မတော်ကနေ တပ်အကူတွေ စေလွှတ်ခဲ့ရပါတယ်။ တိုက်ပွဲတွေက လောက်ကိုင်မြို့ပေါ်အထိ ဖြစ်ပွားခဲ့ပြီး ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့တို့၊ ဒေသကွပ်ကဲမှု စစ်ဌာန ချုပ်တို့ကိုပါ ပစ်ခတ်တိုက်ခိုက်မှုတွေ ရှိခဲ့တာပါ။ နောက် ပိုင်းမှာတော့ လောက်ကိုင်ဒေသက သောင်းနဲ့ချီတဲ့ ပြည် သူတွေ ဒေသခံတွေအနေနဲ့ တရုတ်နိုင်ငံ၊ လားရှိုး၊ မန္တ လေး စတဲ့ ဒေသတွေကို ထွက်ပြေး တိမ်းရှောင်နေခဲ့ရ ပါတယ်။ အများစုက တရုတ်နိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်နေခဲ့ရတာပါ။ နောက်ပိုင်းမှာတော့ အရပ် သားတွေ အမြောက်အမြား သေကျေတယ်ဆိုတဲ့သတင်း တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။

ကိုးကန့်ဒေသ တိုက်ပွဲတွေရဲ့ နောက်ဆုံးအ ခြေနေအရတော့ လောက်ကိုင်ဒေသကို အထူးအရေး ပေါ်အခြေအနေ ကြေ ညာထားပြီး စစ်အုပ်ချုပ်ရေးကို လည်း ကြေညာထားပြီးဖြစ်ပါတယ်။ စစ်အုပ်ချုပ်ရေး အရတော့ ဥပဒေချိုးဖောက်ရင် သေဒဏ် အထိ ချမှတ်မယ်လို့ ဆိုထားပါတယ်။ 

သာမန်တိုက်ပွဲတစ်ရပ်ကနေ ရက်တွေကြာလာတာ အခုဆိုရင် စစ်အုပ်ချုပ်ရေးပါ ကြေ ညာနေရပြီ ဖြစ်တဲ့အတွက် တိုက်ပွဲတွေက ဆက်ကြာဦး မယ်ဆိုတဲ့ သဘောပါ။ ပြီးခဲ့တဲ့ တိုက်ပွဲတွေရဲ့ အခြေအ နေကို ပြန်ကြည့်မယ်ဆိုရင် ကိုးကန့် MNDAA အဖွဲ့နဲ့ တပ်ပေါင်းစုအဖွဲ့တွေက ရယူထားတဲ့ နေရာတွေကို လက်မလွှတ်ရသေး တာလည်း တွေ့ရပါတယ်။ သူတို့ အနေနဲ့ အဖွဲ့ဝင် အင်အားတွေ လည်း များလာပြီး အင် အား ၁ဝဝဝ ကျော်လောက် ရှိလာတယ်လို့လည်း ကိုး ကန့် MNDAA အဖွဲ့ရဲ့ တာဝန်ရှိသူတွေက ပြောကြ ပါတယ်။ 

ဆွေးနွေးရေးတောင်းဆို
***********************
ဖေဖော်ဝါရီ ၁၆ ရက်မှာတော့ ကိုးကန့်အ ဖွဲ့ကနေ နိုင်ငံတော်သမ္မတထံသို့ ပေးစာတစ်စောင် ပေး ပို့ခဲ့ပြီး သတင်းမီဒီ ယာတွေ သိရအောင်လည်း ထုတ်ပြန် ခဲ့ပါတယ်။ အဲဒီထုတ်ပြန်ချက်ကို အတိုချုံးပြောရမယ် ဆိုရင် ကိုးကန့်တွေကလည်း ၁၃၅ မျိုးသော တိုင်းရင်း သားတွေထဲမှာ ပါဝင်တာဖြစ်တဲ့အတွက် MNDAA ကိုးကန့်အဖွဲ့အနေနဲ့လည်း ငြိမ်းချမ်းရေးလမ်းကြောင်း ပေါ်မှာ အတူလက်တွဲ ပါဝင်ချင်တဲ့အကြောင်းကို တောင်း ဆိုထားတာပါ။ 

အဓိကအားဖြင့်တော့ အစိုးရရဲ့ ဆွေးနွေး ဖက်အဖြစ် သတ်မှတ်ခြင်း မခံရတဲ့အတွက် ဆွေးနွေးဖက် အဖြစ် သတ်မှတ်ပေးဖို့ တောင်းဆိုတာလည်း ဖြစ်ပါတယ်။ မြန်မာအစိုးရဘက်ကတော့ ပြီးခဲ့တဲ့ လအတွင်းကပဲ ဖုန် ကြားရှင်ကို ဆွေးနွေးဖက် အဖြစ် သတ်မှတ်မှာ မဟုတ် ဘူးလို့ ငြင်းဆန်ထားသလို အခုလည်း ဆွေးနွေးမှာ မဟုတ်ဘူးလို့ အစိုးရတာဝန်ရှိသူတွေက ချက်ချင်းတုံ့ ပြန်ကြတာ တွေ့ရပါတယ်။ ဒီနေရာမှာကိုးကန့် MNDAA အဖွဲ့အနေနဲ့ ဘာကြောင့် ဆွေးနွေးခွင့်ရဖို့ တောင်းဆို တာလဲ၊ အစိုးရအနေနဲ့ကရော ဘာကြောင့် ငြင်းပယ်နေ တာလဲဆိုတာ ကြည့်ကြရအောင်ပါ။

MNDAA ဆိုတာ
******************
မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့လို့ခေါ်တဲ့ ကိုးကန့် MNDAA အဖွဲ့ဟာ ဗမာပြည် ကွန်မြူနစ်ပါတီကနေ ခွဲထွက်လာတဲ့ အဖွဲ့ဖြစ်ပြီး ၁၉၈၉ ခုနှစ်မှာ တပ်မတော်အစိုးရနဲ့ အပစ်အခတ်ရပ်စဲမှု ပြု လုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တပ်မတော် အစိုးရလက်ထက်မှာ အစိုးရနဲ့ ဘယ်လောက်ပြေလည်ခဲ့လဲဆိုရင် ဦးဖုန် ကြားရှင်နဲ့ ဗိုလ်ချုပ်မှူးကြီးစောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်ကြီးခင်ညွန့်တို့ လက်ဆွဲနှုတ်ဆက်တဲ့ ပုံတွေက မကြာမကြာ နိုင်ငံပိုင် သတင်းစာတွေမှာပါ လာခဲ့တဲ့အထိ ပါပဲ။ 'ဝ'ခေါင်းဆောင် ပေါက်ယူချန်းတို့ ဘာတို့နဲ့ ဆိုရင်လည်း ထိုနည်းလည်းကောင်းပါပဲ။ တစ် ဖက်က ဗမာပြည် ကွန်မြူနစ် ပါတီကနေ ထွက်လာတာ ဖြစ်တဲ့အတွက် တောထဲ ပြန်ရောက် မသွားရလေအောင် တပ်မတော် ခေါင်းဆောင်တွေအနေနဲ့ တတ်နိုင်သမျှ လိုက်လျောခဲ့ပုံလည်း ပေါ်ပါတယ်။

အဲဒီ အပစ်အခတ်ရပ်စဲရေးက ၂ဝဝ၉ ခုနှစ် အထိခံခဲ့ပြီး ၂ဝဝ၉ ခုနှစ်မှာတော့ နယ်ခြားစောင့်တပ်ဖွဲ့ ဖွဲ့စည်းဖို့ ငြင်းဆန် တာက အစပြုလို့ မူးယစ်ဆေးဝါးကိစ္စ၊ လက်နက်စက်ရုံ ကိစ္စတွေနဲ့အတူ တပ်မတော်ကနေ လောက်ကိုင်ဒေသကို စစ်ဆင်ရေး ပြုလုပ်ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကိုးကန့် MNDAA ရဲ့ စစ်ဦးစီးချုပ်က လည်း တရုတ်နိုင်ငံရဲ့ ခေတ္တထိန်းသိမ်းမှု ကို ခံနေရတဲ့အ တွက်လည်း ကိုးကန့် တပ်တွေအနေနဲ့ ကြာရှည် တောင့် မခံနိုင်ခဲ့ပါဘူး။ 

၂ဝဝ၅ ခုနှစ်လောက်ကစလို့ ကိုးကန့်ဒေ သမှာ ဘိန်းအစားထိုး သီးနှံဖြစ်တဲ့ ပန်းဂျုံစိုက်ပျိုးမှုတွေ စခဲ့ပြီး အဲဒီအစီအစဉ်တွေ က ဂျပန်နိုင်ငံရဲ့အစီအစဉ်နဲ့ လုပ်တာဖြစ်တဲ့အတွက် တရုတ်ခြံစည်းရိုးနား ဂျပန်တွေ ခေါ်လာမှုအပေါ် တရုတ်နိုင်ငံအနေနဲ့ လည်း အမျက် တော် ရှခဲ့ပုံပေါ်တယ်လို့ ၂ဝဝ၉ ကိုးကန့်အရေးအခင်း နဲ့ပတ်သက်လို့ တရုတ်နယ်စပ်အရေး လေ့လာသူတွေ က သုံးသပ်ကြပါတယ်။

မြန်မာ့တပ်မတော်ရဲ့ ကိုးကန့် ဒေသကို တိုက်ခိုက်မှုအပြီးမှာ ဖုန်ကြားရှင်နဲ့ ကိုးကန့် MNDAA အဖွဲ့ဟာ တစ်ခန်းရပ်သွား တယ်လို့ ဆိုကြ ပါတယ်။

တစ်ကျော့ပြန် MNDAA
*************************
ဒါပေမဲ့ ၂ဝ၁၂ ခုနှစ်လောက်မှာတော့ အင် အား ၂ဝဝ လောက်ရှိတဲ့ တပ်ဖွဲ့တွေနဲ့အတူ ကွတ်ခိုင် နယ်ဘက်မှာ ပြန်ပေါ်လာ ခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ကိုးကန့်အနေနဲ့ အဲဒီဒေသမှာရှိတဲ့ ကေအိုင်အေတို့၊ တအာင်းပလောင်တို့နဲ့ တပ်ပေါင်းစု ဖွဲ့ပြီး လှုပ်ရှားလာ ခဲ့တာပါ။ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာ မိတ်အဖွဲ့မှာလည်း ၂ဝ၁၂ ခုနှစ် ကတည်းက ပါလာပါ တယ်။

ပထမအကြိမ် လိုင်ဇာ တိုင်းရင်းသားညီလာခံ မှာလည်း တက်ရောက်ခဲ့ပြီး အစိုးရနဲ့ ဆွေးနွေးနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ဗဟိုညှိနှိုင်းမှုအဖွဲ့(NCCT)မှာ လည်း အဖွဲ့ဝင်အဖြစ် ပါဝင်ပါတယ်။ NCCT မှာ ပါ ပေမယ့် အဲဒီကတည်းက အစိုးရနဲ့ ဆွေးနွေး ဖက်အဖြစ် သတ်မှတ်ထားတာတော့ မဟုတ်ပါဘူး။ 

အဲဒီနောက်ပိုင်း မှာတော့ သိကြတဲ့အတိုင်းပါပဲ။ ၂ဝ၁၄ ခုနှစ် နှောင်း ပိုင်းမှာ တရုတ်အခြေစိုက် ဂလိုဘယ်တိုင်းမ် မီဒီယာနဲ့ ကိုးကန့် MNDAA ခေါင်းဆောင် ဦးဖုန်ကြားရှင်တို့ တွေ့ဆုံမေးမြန်းမှုကို ဂလိုဘယ်တိုင်းမ်မီဒီယာက ဖော်ပြ ခဲ့ပြီးနောက် မှာတော့ မီဒီယာတွေထက်မှာ ကိုးကန့်အဖွဲ့ ရဲ့နာမည်ဟာ ပြန်ပေါ်လာခဲ့တာဖြစ်ပါတယ်။ 

အစိုးရကလက်မခံ
******************
ပေါ်လာချင်းမှာပဲ အစိုးရဘက်ကို တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ တောင်းဆိုခဲ့တာ တွေ့ရသလို အစိုးရဘက်ကလည်း ငြင်းဆန်ခဲ့တာ တွေ့ရပါတယ်။ 

''အစိုးရအဖွဲ့ရဲ့ သဘောထားကဗျာ ဆွေးနွေး စရာကိုမရှိတာ။ သူက အခု တိုက်ပွဲတွေအတွင်း ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ရဲ့ ရုံးတွေကို တိုက် တယ်။ အချုပ်အခြာအာဏာကို ထိပါးတာပဲ။ သဘော က ကချင်ပြည်နယ်အစိုးရကိုတိုက်ခိုက် ရင် နိုင်ငံတော် ရဲ့ အချုပ်အခြာအာဏာကို တိုက်ခိုက်တာဖြစ်သလို ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးရုံးဆိုတော့လဲ ထိုနည်း လည်းကောင်းပဲ။ ဘယ်လိုမှ ဆွေးနွေးဖို့မဖြစ်နိုင်ဘူး''ဟု နိုင်ငံတော်သမ္မတရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဌေး က ပြောပါ တယ်။

ဒါ့အပြင် ဦးဖုန်ကြားရှင်အဖွဲ့ဟာ မူးယစ် ဆေးဝါးကိစ္စတွေနဲ့ ဆက်နွှယ်မှုရှိခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တွေ ကို သတ်ဖြတ်တာတွေ လုပ်ခဲ့တာတွေကြောင့်လည်း ရာဇ ဝတ်မှု ကျူးလွန်သူတွေ ဖြစ်တဲ့အတွက် အစိုးရအဖွဲ့အနေ နဲ့ ဆွေးနွေးမှုကို ငြင်းပယ်တာ ဟာ သဘာဝကျတယ်လို့ ဦးဇော်ဌေးက ဆက်ပြောပါတယ်။

တစ်ဖက်မှာလည်း ပြည်သူတွေ စိတ်ပါဝင် စားရှိခဲ့တဲ့ ဒီတိုက်ပွဲတွေမှာ ကိုးကန့်အဖွဲ့အနေနဲ့ တရုတ် နိုင်ငံရဲ့ ထောက်ပံ့မှုကို ရထားတယ်။ တရုတ်ကြေးစား စစ်သည်တွေ ပါတယ်ဆိုတဲ့ အသံတွေကလည်း ပြည်သူ တွေအကြားမှာ ပျံ့နှံ့ခဲ့ပါတယ်။ ဒါပေမဲ့ ဘယ်လိုအ ထောက်အထားတွေနဲ့ ပြောလည်းတော့ သေသေချာ ချာ မသိရပါဘူး။ နဂိုကတည်းက တရုတ်မုန်း တီးရေး အခံ ပျံ့နှံ့မှုတွေရှိနေတဲ့ ပြည်သူတွေအကြား ခုလိုအသံ တွေကြောင့် တခြားတိုင်းရင်းသားတွေနဲ့ဖြစ်တဲ့ တိုက် ပွဲတွေနဲ့မတူဘဲ တပ်မတော်အပေါ် ထောက်ခံမှုတွေ ပေးလာတာလည်း တွေ့ရပါတယ်။

ထောက်ခံသူ အများစုကတော့ မြေပြန့်ဒေ သနေ ပြည်သူတွေပါ။ တရုတ်အစိုးရဘက်ကတော့ လက် ရှိတိုက်ပွဲတွေကို စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောဆိုထားသလို တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ဘယ်တိုင်းရင်းသားလက်နက် ကိုင် ကိုမှ ထောက်ပံ့မှုတွေ ပြုလုပ်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်လာတာ တွေ့ရပါ တယ်။ 

ကိုးကန့်က တရုတ်နိုင်ငံမှ တိုင်းရင်းသားမဟုတ် ဘဲ မြန်မာပြည်မှာနေထိုင်တဲ့ တိုင်းရင်းသားတွေသာ ဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ပြည်မနေ ပြည်သူတွေအနေနဲ့ ကိုးကန့်အဖွဲ့အပေါ်ကန့် ကွက်မှုတွေ ရှိပေမယ့် တစ်မူထူးခြားစွာပဲ ကိုးကန့်ဒေသ နဲ့ တိုက်ရိုက် သက်ဆိုင်သူတွေလို့ဆိုနိုင်တဲ့ ရှမ်းတိုင်းရင်း သား အင်အားစုတွေကတော့ တစ်စုံတစ်ရာ အသိအမှတ် ပြုမှုရှိတာလည်း တွေ့ရပါတယ်။ သူတို့ရဲ့ အကြောင်းပြ ချက်ကတော့ ပြည်တွင်းစစ်မီး ငြိမ်းချင် တာရယ် နောက် တစ်ချက်ကတော့ ကိုးကန့်ကလည်း ကိုယ့်ဒေသမှာ အ စဉ်အလာအရ အုပ်ချုပ်လာခဲ့တဲ့တိုင်းရင်းသားတွေ ဖြစ် တာကြောင့်လို့ ဆိုပါတယ်။

''သမိုင်းပြန်ကြည့်လို့ရှိရင် ရှမ်းပြည်မှာ စော် ဘွားတွေရှိသလို ကိုးကန့်စော်ဘွားလဲ ရှိတယ်။ ဒါက ထင်ထင်ရှားရှား ရှိတယ်။ ငြင်းပယ်လို့မရဘူး။ ဆွေးနွေး တာ အကောင်းဆုံးပါပဲ။ ကိုးကန့်မှ မဟုတ်ပါဘူး။ ဘယ် တိုင်းရင်းသားနဲ့ပဲ ဖြစ်ဖြစ်ပါ။ ဒီဘက်ခေတ်မှာ စစ်ဖြစ် ရင် အနိုင်အရှုံးပေါ်ဖို့ သိပ်မလွယ်ပါဘူး။ ဂျီအိုပေါ်လစ် တစ်အရ စစ်ပွဲတွေ ကြာလာရင် စိုးရိမ်စရာ ကောင်း တယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးလဲ လုပ်နေ တယ်။ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးကို ဘယ်လို ကြေညာမလဲ။ ကြေညာဖို့ အခက်အခဲဖြစ်သွား တယ် လေ။ အင်န်စီအေ ထိုးမယ်ဆိုရင်တောင် အခက်အခဲဖြစ် သွားပြီ''လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်ကပြောတယ်။

အလားတူ တိုင်းရင်းသားပါတီတွေနဲ့ ဖွဲ့စည်း ထားတဲ့ ယူအင်န်အေ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ ကလည်း ကိုးကန့်အဖွဲ့နဲ့ ဆွေး နွေးဖို့ တောင်းဆိုထားပါတယ်။

''ကျွန်တော်တို့လဲ ဆွေးနွေးညှိနှိုင်းမှုနဲ့သာ အဖြေရှာမယ်ဆိုတဲ့ သဘောထား ရှိပါတယ်''လို့ ၈၈ မျိုး ဆက်အဖွဲ့မှ ကိုမြအေး က ပြောပါတယ်။ 



အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေအကြား ဆွေးနွေးမှုတွေမှာ အစိုးရဘက်က ဆွေးနွေး ဖက်အဖြစ် သတ် မှတ်မှုတွေကို ကြည့်မယ်ဆိုရင် လက် နက်ကိုင်အဖွဲ့ရဲ့ နိုင်ငံရေးအရ သြဇာရှိမှု၊ တပ်ဖွဲ့ဝင်အင် အား၊ အခြေခံ နယ်မြေရှိမှု၊ တိုင်းရင်းသားကိုယ်စားပြုမှု အနေအထား စတဲ့အချက်တွေ အပေါ်မူတည်ပြီး စဉ်း စားတာ အပြင်အဖွဲ့အစည်းတည်ထောင် ခဲ့တဲ့ သက်တမ်းအပေါ် မူတည်စဉ်းစားလေ့ရှိတယ်လို့လည်း ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်တွေမှာ ပါဝင်နေကြတဲ့ နှစ်ဖက်တာ ဝန်ရှိသူတွေက ဆိုကြပါတယ်။

''လက်ရှိ ကိုးကန့်အဖွဲ့ရဲ့ အခြေအနေကို ကြည့် မယ်ဆိုရင် နယ်မြေပိုင်ဆိုင်မှုလည်းရှိတယ်။ ရှိသင့်ရှိထိုက်တဲ့ တပ်ဖွဲ့ဝင် အင်အားလည်း ရှိတဲ့အပြင် သူ့တိုင်းရင်း သားတွေက ထောက်ခံလို့ကိုပဲ အခု အင်အားကပိုတောင် များလာပြီး အဖွဲ့က လည်း ခုမှဖွဲ့တာ မဟုတ်သလို ကြာ နေပြီ။ အခြေခံ နယ်မြေကလည်း သိမ်းထားတာတွေ ပါရှိနေသလို တချို့မြို့ ငယ်လေးတွေ ပါ ပါနေပြီ။ လက် ရှိအခြေအနေအရ ဆွေးနွေးသင့်တယ်။ ဆွေးနွေးညှိနှိုင်း မှုနဲ့သာ ဖြေရှင်းသင့်တယ်လို့ ကျွန်တော်မြင်တယ်''လို့ ဗမာပြည်ကွန်မြူနစ်ပါတီ အခြေစိုက်ရာ ဒေသတွေမှာ သွားရောက်နေထိုင်ခဲ့ဖူးပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ဆောင်းပါးတွေရေးသားနေသူ သတင်းစာဆရာ ဦးစည် သူအောင်မြင့်က ပြောပါတယ်။

ဒါ့အပြင် ''မူးယစ်ဆေးဝါးအမှုနဲ့ ပတ်သက် လို့ဆိုပြီး လက်ညှိုးထိုးထားရအောင်လဲ လက်ရှိအပစ် အခတ် ရပ်စဲထားတဲ့ လက်နက်ကိုင်အဖွဲ့တွေမှာ နိုင်ငံ တကာကသိနေတဲ့ မူးယစ်ရာဇာတွေ ရှိနေတာတွေက ဘယ်လိုလုပ်မလဲ'' လို့ဦးစည် သူအောင်မြင့်က ဆက် ပြောပါတယ်။

ဒါ့အပြင် ကိုးကန့်ကိစ္စအကြောင်းပြုပြီး နယ် မြေချင်းဆက်နွှယ်နေတဲ့ သဘောထားတင်းမာတဲ့ လက် နက်ကိုင် အဖွဲ့အ စည်းတွေဖြစ်တဲ့ တအာင်းပလောင်၊ ကချင်လွတ်မြောက်ရေးအဖွဲ့၊ SSA မြောက်ပိုင်းတို့ကို လည်း ငြိမ်းချမ်းရေး စားပွဲဝိုင်း ပုံစံခွက်ထဲ ရောက်လာ အောင် သူတို့သတ်မှတ်ထားတဲ့ အတိုင်းပဲ နိုင်ငံရေးအ ခွင့်အရေး နည်းနည်းနဲ့သာ နိုင်ငံလုံးဆိုင်ရာ အပစ်အ ခတ်ရပ်စဲရေးကို လက်မှတ်ရေးထိုးဖို့ ဖိအားပေးနိုင် အောင် ရည်ရွယ်ပုံရတယ်လို့ ဆိုကြပါတယ်။

တစ်ဖက်ကလည်း တရုတ်နယ်စပ်မှာ ဖြစ်တဲ့ အတွက် စစ်ပွဲတွေကြာလာခဲ့ရင် ပထဝီနိုင်ငံရေး သက် ရောက်မှုတွေနဲ့ ရင်ဆိုင်ရနိုင်တယ်လို့လည်း လေ့လာ သူတွေက တညီတညွတ်တည်း ဆိုကြပါတယ်။

လေ့လာသူတွေ အဆိုအရတော့ လက်ရှိအ ချိန်အထိ ကိုးကန့်အဖွဲ့အနေနဲ့ နယ်မြေမှာ ဖြတ်သန်း အသုံးပြုခွင့်တို့ ၂ဝဝ၉ ခုနှစ်ကတည်းက တရုတ်ဘဏ် တွေက ပိတ်ပင်ထားခဲ့တဲ့ ကိုးကန့်အဖွဲ့ရဲ့ ငွေတွေကိုပြန် ဖွင့်ပေးတာ စတဲ့ ကိစ္စတွေ ရှိနိုင်ပေမယ့် တိုက်ခိုက်ခဲ့တဲ့ တိုက်ပွဲတွေမှာ လက်နက်ကြီးတွေ မသုံးနိုင်သေးတာကို ကြည့်ရင် တရုတ်အစိုးရအနေနဲ့ တိုက်ရိုက်ပတ်သက် နိုင်ဖွယ် မရှိသေးဘူးလို့ စစ်ရေးနိုင်ငံရေး လေ့လာသူ တချို့က ဆိုကြပါတယ်။ 

တရုတ်အရေး ကျွမ်းကျင်သူ မစ္စယွန်ဆန်ကတော့ ဖုန်ကြားရှင်ကိစ္စမှာ တရုတ်အစိုးရ မူဝါဒနဲ့ မသက်ဆိုင်သလို ဖုန်ကြားရှင် ရဲ့ ရည်ရွယ်ချက် ကလည်း အမြင်ရှန်းပြီး ဒုက္ခသည် တစ်ပုံတစ်ခေါင်းနဲ့ အရဲစွန့်ရာ ရောက်တယ်။ ဆွေးနွေးပွဲထိုင်ဖို့ လူမျိုးစု ခေါင်းဆောင် ပြန်ဖြစ်ဖို့အတွက် ဒီလိုလုပ်တာ ဖြစ်တယ် လို့ ဧရာဝတီသတင်းဌာနမှာ ရေးထားတာတွေ့ရပါတယ်။ သို့သော် ယခုလိုအချိန်မှာ တိုက်ရိုက်ဆက်နွှယ်ဖွယ် မရှိ သော်လည်း စစ်ပွဲတွေကြာလာခဲ့ရင် တရုတ်အနေနဲ့ သူ့ အကျိုးစီးပွား ထိခိုက် တာ များလာပြီး နယ်စပ်မတည် ငြိမ်မှုတွေကတစ်ဆင့် မလိုလားအပ်တဲ့ ပထဝီနိုင်ငံရေး ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ လေ့လာသူတွေက ဆိုကြပါတယ်။

''အခုဆိုရင်ပဲ မြန်မာပြည်တွင်းမှာ တရုတ် မုန်းတီးရေးနဲ့ လောက်ကိုင်စစ်ပွဲ အကြောင်း ပြောနေ ကြတာ တရုတ်ကလည်း သိမှာပဲ။ အခုတောင် တန် ပြန်အနေနဲ့ ယူနန်ပြည်နယ်ထဲက ကိုးကန့်တွေက ဖုန် ကြားရှင် ထောက်ခံရေး လှုပ်ရှားမှုတွေ လုပ်နေပြီလို့ ကြား တယ်။ စစ်ပွဲတွေက ကြာလာမယ်၊ ဆွေးနွေးရေးတွေက လည်း မဖြစ်ဘူးဆိုရင် နယ်စပ်မတည်ငြိမ်မှုတွေ ကလည်း တောက်လျှောက် ဖြစ်လာမယ်၊ မြန်မာလူထုအကြား တရုတ်မုန်းတီးရေးကနေ တရုတ်တွေရဲ့ အကျိုးစီးပွား ထိခိုက်မှုတွေဖြစ်လာမယ်ဆိုရင် မမျှော်လင့်နိုင်တဲ့ ဘေး ထွက်ဆိုးကျိုးတွေ ရင်ဆိုင်ရနိုင်တယ်။ အကိုင်အတွယ် မတတ်ရင် ခရိုင်းမီးယားဖြစ်နိုင်တယ်။ ဒါကြောင့် မြန် မြန်ဆွေးနွေးဖို့လိုတယ်''လို့ စစ်ရေး နိုင်ငံရေးလေ့လာ သူ စာရေးဆရာ ဦးသန်းစိုးနိုင် က မှတ်ချက်ပြု ပြောဆို ပါတယ်။ ။

No comments:

Post a Comment

My Blog List