Wednesday, February 25, 2015

တရုတ်သံ အမတ်ဟောင်း ဦးစိန်ဝင်းအောင်နှင့် မေးမြန်းခြင်း


 ဖေဖော်ဝါရီ ၉ ရက်မှ စတင်၍ တရုတ်-မြန်မာ နယ်စပ်ရှိ လောက်ကိုင်ဒေသတွင် ဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့်တိမ်းရှောင်အဖွဲ့နှင့် တပ်မတော်တို့ ဖြစ် ပွားနေသော တိုက်ပွဲများကြောင့် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေးအခြေ အနေ ပြောင်းလဲသွားနိုင်မှုအပေါ် တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန် ထမ်းဆောင်ဖူးသူ၊ လက်ရှိတွင်ရွှေတိဂုံစေတီတော် ဂေါပကဥက္ကဋ္ဌအဖြစ် ဆောင်ရွက်နေသူ ဦးစိန်ဝင်းအောင် အား မဇ္ဈွိမ သတင်းထောက်က ဆက်သွယ်မေးမြန်းမှုများကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
အမေး။ ။ အန်ကယ် တရုတ်သံအမတ်အဖြစ် စတင်တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလမှာ တရုတ်မြန်မာဆက် ဆံရေးအခြေအနေ ဘယ်လိုရှိလဲ။

အဖြေ။ ။ ၂၀၀၀ -၂၀၀၃ ထိလုပ်ခဲ့တာပေါ့ ။အဲဒီတုန်းက တရုတ်သမ္မတ ကျန်စီမင်းသည် မြန်မာပြည်ကို တစ်ခေါက်လာခဲ့တယ်။မြန်မာခေါင်းဆောင်တွေ လည်းသွားခဲ့တယ်။ ရင်းနှီးမှုက အတော့်ကိုကောင်း နေတဲ့ ကာလ လို့ပြောရမယ်။

အမေး။ ။ အဲဒီကာလမှာ တရုတ်နိုင်ငံက ရင်းနှီးမြုပ်နံမှုတွေကော ဘာတွေ လုပ်နေပြီလဲ။

အဖြေ။ ။ ရင်းနှီးမြုပ်နံမှုအနေနဲ့ စက်ရုံအလုပ်ရုံတွေရှိနေပြီ။စက္ကူစက်ရုံ၊အကြီးစား စက်မှုလက်မှုလုပ်ငန်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊လယ်ထွန်စက်၊အပ်ချုပ်စက်၊ အထည်ချုပ်စက်၊ဖိနပ်ချုပ်စက်တွေလုပ် နေပြီး၊ သယံဇာတနဲ့ပတ်သက်ပြီးတော့ရင်းနှီးမြုပ်နံတာတော့မရှိသေးဘူး၊ကမ်းလွန်ရေနံလုပ်ကွက်တွေနဲ့ပတ်သက်ပြီးတော့
စတင်နေပြီ။

အမေး။ ။ အဲဒီကာလတုန်း တရုတ်မြန်မာနယ်စပ်တိုင်းရင်းသားတွေနဲ့ တရုတ်လူမျိုးတွေရဲ့ဆက်စပ်မှု အခြေ အဘယ်လိုရှိလဲ။

အဖြေ။ ။ အဲဒီအချိန်တုန်းက ကိုးကန့်တို့ ၀တို့က မြန်မာတိုင်းရင်းသားစစ်စစ်အဖြစ်ရှိတယ်။ မြန်မာပြည် မြေပုံ ကိုထောင်ကြည့်လိုက်ရင်ညာဘက်အစွန်ဆုံးမှာ လက်မပုံစံရှိတယ်၊အဲဒီမှာ မိုင်းလားဒေသ ၈၁၅ ဆိုတာရှိ တယ်။အဲဒီအောက်မှာ "၀"လူမျိုးတွေနေတယ်။နောက်ပြီး ဆက်လာရင် ကိုးကန့်လူမျိုးတွေ နေတယ်။မြစ်ကြီး နား၊ဗန်းမော်ဘက်မှာ KIA အခုခေါ်တဲ့သူတွေနေတယ်။ အဲဒီရဲ့အောက်ဘက်ကိုဆက် သွားရင် ပန်ဝါဆိုတဲ့ အရပ်မှာ  ကချင်ပဲ ဒါပေမယ့်ဗကပ(ဗမာပြည်ကွန်မြူနစ်ပါတီ)သြဇာခံတယ်။ အဲဒီငါးဖွဲသည် နယ်စပ်ပေါ်မှာ ထိုင်ထားတယ်။

အမေး။ ။ ဆိုတော့ အဲဒီကာလမှာ တိုင်းရင်းသားဒေသတွေကို တရုတ်လူမျိုးတွေရဲ့ စိမ့်ဝင်လာမှုတွေ မရှိသေးဘူးပေါ့။

အဖြေ။ ။ မရှိဘူး။မရှိသေးဘူး။ယခင်တုန်းက ဗကပ ဆိုတာရှိတယ်။ခုနက အဖွဲ့ငါးဖွဲ့မှာ KIA ကလွဲလို့ ကျန်တဲ့ သူတွေ ဗကပ သြဇာခံတွေချည်းပဲ။နောက်တစ်ခါ ကျတော့ ဗကပ ဆီက အာဏာစသိမ်းတာ ကိုးကန့်ပဲ။ ကိုးကန့်၊"၀"၊၈၁၅ ကအာဏာသိမ်းလိုက်တော့ ဗကပ ထွက်သွားပြီးရွှေလီဘက်မှာအခြေချနေတယ်။ နောက် ဆုံး ကျန်တဲ့သူက ရဲဘော်ထွန်း ခေါ် ကျင်မောင် ဟိုတစ်လောက ဆုံးသွားပြီ။သူကနေ ထရိန်နင်းပေးပြီးတော့ လက်ကျန်ကွန်မြူနစ်တွေကို ပြည်တွင်းမှာထားခဲ့တယ်။

အမေး။ ။ နယ်စပ်ဒေသတွေကတစ်ဆင့် တရုတ်လူမျိုးတွေနဲ့ တိုင်းရင်းသားတွေနဲ့သွေးနှောလာတဲ့ကာလက ဘယ်လောက်ကစခဲ့သလဲ။

အဖြေ။ ။ သွေးနှောတာကတော့ တိဘက်ကုန်းပြင်မြင့်က ဆင်းလာကတည်းကပဲ။ သမိုင်းဦးအစကတည်း ကသွေးနှောခဲ့တာလို့ပြောရမှာပေါ့။

အမေး။ ။ ဖုန်ကြားရှင်အဖွဲ့က တရုတ်နဲ့ ဆက်စပ်မှုရှိတယ်လို့ပြောနေကြတဲ့အပေါ်မှာ နှစ်နိုင်ငံဆက်ဆံရေး ကပြောင်းလဲလာနိုင်လား။

အဖြေ။ ။ တကယ့်ဖြစ်စဉ်အမှန်ကိုသိဖို့တော့လိုတယ်။အခုဒီထဲမှာပါတယ်ဆိုတာက တရုတ်ပြည်က လူတွေ တရားဝင် နေတာမဟုတ်ဘူးလို့သိရတယ်။ ဘာလဲဆိုရင် အဲဒီဒေသကလူတွေကို ဖုန်ကြားရှင်တို့က ပိုက်ဆံပေးပြီးခေါ်လာတာလဲဖြစ်နိုင်တယ်။တရုတ်အစိုးရကနေပြီး တရားဝင် သွားလုပ်ကြဟေ့ဆိုပြီးလုပ်တဲ့ သူမပါဘူး။ဒါကြောင့်မို့ ဒီကစ္စဟာ အခု ဆန္ဒပြနေသလို ပေါ့ဗျာ သောကောရောကောတွေလည်းပါလာနိုင် တယ်။ အဲဒါကို တစ်ဖက်က ပါတယ်ဆိုတာမျိုး တွန်းပြီးပို့နေမယ်ဆိုရင် ကျွန်တော်တို့ နှစ်နိုင်ငံဆက်ဆံရေး ရှုပ်ရှုပ်ထွေးထွေးဖြစ်လာနိုင်တယ်။ပြည်သူတွေရော အစိုးရရော သတိထားသင့်တဲ့ကိစ္စပါ။

အမေး။ ။ ဒီလိုမျိုး အခြေအနေတွေနဲ့ တခြားတစ်ဖက်က တရုတ် ဗမာလူမျိုးရေး ဆိုတဲ့အခြေအနေတွေပေါ် မှာကော ရှုပ်ထွေးလာနိုင်လား။

အဖြေ။ ။ ရှုပ်ထွေးလာစရာ ၊ပဋိပက္ခဖြစ်စရာမရှိပါဘူး။ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ခြင်းမူငါးရပ်ပေါ် မှာနေထိုင်မယ်ဆိုရင် ဘာမှ ဖြစ်လာစရာမရှိဘူး။အယူဝါဒမတူ၊အရောင်အသွေးမတူလို့ ဒို့နဲ့မတူ ဒို့ရန်သူပဲဆိုရင်တော့ဖြစ်လာမှာပေါ့။ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်းဆိုတဲ့စိတ်ဓာတ်ပေါ်မှာအခြေခံပြီး တော့ လူတွေပေါ်မှာဆက်ဆံဖို့လိုတယ်။

အမေး။ ။ အစိုးရ၀န်ကြီးတွေဘက်က တော့ တရုတ်ကမပါဘူးပြောတယ်၊တပ်ဘက်ကတော့ တရုတ်လူ မျိုးတွေ ပါဝင်တယ်လို့ပြောတယ် ဒီအပေါ်မှာ ဘယ်လို ရှုမြင်လဲ။

အဖြေ။ ။ သတင်းစာတွေ ၊တီဗီတွေကြည့်သလောက်မှာ သူပြောတာက တရုတ်ဘက်ကနေပြီးတော့ ဘာခေါ်မလဲ တရုတ်အစိုးရကလွှတ်လိုက်တာလို့ပြောမထားဘူး။ ကြေးစားလက်နက်ကိုင်များပါဝင်နိုင်တယ် ဆိုပြီးဒီလိုပြောတယ်။ တရုတ်စစ်သားတွေ ပါတယ်လို့မပြောဘူး။ အစိုးရကလည်းတရုတ်ဘက်က ပါတယ်လို့ မပြောဘူး။အဓိပ္ပာယ်ကတော့ အတူတူပဲ။ ကွဲလွဲနေတာမရှိဘူး။အဲတော့ ကိုယ်လိုချင်တာကိုယ်ဆွဲပြီးတော့ တရုတ်ဘက်ကလွှတ်နေတယ်ဆိုတာမျိုးပြောနေရင်တော့ လွှဲလိမ့်မယ်။

အမေး။ ။ လတ်တလောဖြစ်တဲ့ကိစ္စကြောင့် တရုတ်မြန်မာဆက်ဆံရေးမှာ အဟန့်အတားတစ်ခုဖြစ်နိုင်လား။

အဖြေ။ ။ ဒီဘက်က ဆက်ပြီးလွဲမှားတဲ့ အသံတွေ ထုတ်လွင့်နေသေးရင်တော့ ဆက်ဆံရေးမှာ အဟန့်အ တားတော့ ဖြစ်မှာပေါ့။ အိမ်နီးနားချင်းနှစ်ခုမှ ဒီဘက်နေပြီး အော်ကြီးဟစ်ကျယ်လုပ်နေရင် ဘယ်ခံနိုင်မလဲ ဒါတော့ရှိတယ်။ ဆက်ဆံရေးကတော့ ပုံမှန်တော့ ဟုတ်ချင်မှ ဟုတ်မယ်။ သို့သော်ရန်သူဖြစ်သွားဖို့ထိမရှိဘူး။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ မဟာဗျူဟာမိတ်ဘက် ဆက်ဆံရေးဆိုတဲ့ အခြေအနေတစ်ခုထိ တည်ဆောက်ပြီးသားဖြစ်တယ်။ရန်သူတော့မဖြစ်နိုင်ဘူး။ဒါပေမယ့်ဒါကို နားလည်မှုရှိဖို့အတွက်။နှစ်နိုင်ငံနား လည်မှုပြန်ပြီးရယူရဖို့ဟာတစ်ခုတော့ဖြစ်လာနိုင်တာပေါ့။

အမေး။ ။ အခုလိုမျိုးဖြစ်တဲ့အပေါ်မှာ တရုတ်နိုင်ငံရဲ့ရှေ့ဆက်မယ့် ရင်းနှီးမြုပ်နံမှုတွေအတွက်ကော အဟန့်အ တားတစ်ခုဖြစ်နိုင်လား။

အဖြေ။ ။ ယုံကြည်မှုတော့နည်းသွားတဲ့သဘောတော့ရှိမှာပေါ့ဗျာ။တရုတ်-မြန်မာဆက်ဆံရေးမှာ တရုတ်က လူဦးရေ သန်း၁၅၀၀ ရှိတယ် ၊ဗမာ ကသန်း ၅၀ကျော်ရှိတယ်။အခုဆက်ဆံရေးပုသဏ္ဍန်က အင်အားမတူတဲ့ အုပ်စုနှစ်စုရဲ့ ဆက်ဆံရေးပုံစံ၊အုပ်ချုပ်ရေးပုံသဏ္ဍန်လည်းမတူဘူး။ အဲလိုဖြစ်တဲ့အတွက်ကြောင့် သူတို့သည် အချိန်မရွေးချက်ချင်းကြီးပြောင်းလဲသွားစရာမရှိဘူး။ ဘာကြောင့်လဲဆိုရင် သူ world trade (wt)ကို ၀င်ခွင့်ရဖို့ အတွက် ကျွန်တော်တို့ကြိုးစားပေးတယ်။အာဆီယံ+1 ဖြစ်ဖို့ ကျွန်တော်တို့ ကြိုးစား ပေးတယ်။ UNမှာဝင်ခွင့် ရဖို့ အတွက် နေရာရဖို့အတွက်ကျွန်တော်တို့ လုပ်ပေးထားတာတွေရှိ တယ်။အရှေ့တောင်အာရှနဲ့ အာရှဒေ သမှာ သူ့ကို ဆက်ဆံရေးတွေပိုကောင်းအောင်ကျွန်တော်တို့တွေကူညီထားတာတွေရှိတယ်။ကျွန်တော်တို့ အပေါ်မှာ သစ်စိမ်းချိုးချိုး စရာမရှိပါဘူး။

အမေး။ ။ တရုတ်သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယခုအချိန်အထိ တရုတ်-မြန်မာဆက်ဆံရေးကို မျက်ခြေမပြတ်လေ့လာနေတော့ နှစ်နိုင်ငံ ဆက်ဆံရေးအပေါ်အကြံပြုချင်တာများရှိလား

အဖြေ။ ။ တစ်လျှောက်လုံးသူတို့နဲ့ အိမ်နီးနားချင်းကောင်းဆက်ဆံရေးဆိုတာနဲ့ဆက်ဆံတယ်။ ယခုအဲဒီ အဆင့်ကိုကျော်လွန်ပြီးတော့ မဟာဗျူဟာမြောက်ဆက်ဆံရေးဆိုတာကိုပြောင်းလဲ လာတယ်။ တစ်ဆက် တည်းမှာပဲငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူငါးချက်ကို အတည်ပြုခဲ့တယ်။ ဒါကိုအခြေခံ ပြီး တရုတ် ဘက်ကရောမြန်မာဘက်ကရော ဒီအခြေအနေကောင်းကိုဖျက်ဆီး ဖို့မရှိဘူးလို့မြင်တယ်။ နိုင်ငံကြီးတွေကို ဗဟိုပြုခဲ့တဲ့ ဆက်ဆံရေးယခင်ကရှိခဲ့တယ်။ ဒီအခြေခံမူကိုလျော့ဖို့တော့လိုတယ်။ ဒီအပေါ်မှာမျှမျှတတ နဲ့ အဖြစ်မှန်ကို စဉ်းစားဖို့လိုတယ်။

အမေး။ ။ နိုင်ငံကြီးတွေရဲ့ ဗဟိုပြုတဲ့ အချက်ကိုလျော့ချဖို့ဆိုတာ ဘယ်လိုမျိုးလဲ။

အဖြေ။ ။ အနောက်ဘက်မှာ အိန္ဒိယ နိုင်ငံ၊အရှေ့ဘက်မှာတရုတ်နိုင်ငံရှိတယ်။ ဒီနိုင်ငံတွေရဲ့ လူဦးရေများ တယ်၊ အင်အားကြီးမားတယ်ဆိုတဲ့ ဗဟိုပြုစဉ်းစားချက်၊အဲဒီအခြေခံမူအပေါ်မှာ လုံးဝ မှီတည်ပြီးစဉ်းစားတာ မျိုးမဟုတ်ဘဲနဲ့ ဒီအပြင့် ကနေ့ဖြစ်နေတဲ့ အဖြစ်မှန်ကို ၊ပတ်ဝန်းကျင်အနေအထား၊အခြေအနေအရပ်ရပ်ကို စဉ်းစားပြီးဆောင်ရွက်ရဖို့ လိုတယ်။ အင်အားကြီးနိုင်ငံတွေဖြစ်တဲ့အတွက် ဆိုတဲ့စဉ်းစားချက်တစ်ခုနဲ့ မရဘူး။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List