Friday, April 24, 2015

ဒေါ်အောင်ဆန်းစုကြည် ကျရှုံးသွားပြီလား


သမိုင်းဝင် ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ ၇ လလောက်ပဲ လိုတော့တဲ့ အချိန်မှာ အတိုက် အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ တပ်မတော်ရဲ့ ထောက်ခံမှု အပြည့်အဝရှိနေတဲ့ သမ္မတဦးသိန်းစိန် အစိုးရနဲ့ နိုင်ငံရေး အဆုံးအဖြတ် တိုက်ပွဲ ဆင်နွှဲရတော့မယ့်အခြေအနေ ဖြစ်နေပါပြီ။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုမှာ သူ့ကို ထောက်ခံကြသူတချို့ကလည်း တိုင်းပြည်ရဲ့ လူကြိုက် အများဆုံး နိုင်ငံရေးသမားဖြစ်တဲ့ ဒေါ်အောင်ဆန်း စုကြည်မှာ အောင်မြင်မှုရယူနိုင်ဖို့အတွက် နိုင်ငံရေး စွမ်းဆောင်ရည် ရှိမရှိဆိုတာကို စတင် မေးခွန်းထုတ် လာခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးလှည့် ကွက်ထဲမှာ ကျရှုံးခဲ့ပြီလို့လည်း သူတို့က ပြောကြပါတယ်။

“အောက်ခြေအဆင့်မှာတော့ သူက အရမ်း ရေပန်းစားတယ်။ ဒါပေမယ့် သူ့ရဲ့နိုင်ငံရေး ပရိယာယ် နဲ့ နည်းဗျူဟာနဲ့ ပတ်သက်လို့ ပြည်သူတွေက စိုးရိမ် ကြတယ်” လို့ ဧရာဝတီ သတင်းဌာနကို တည်ထောင်ခဲ့သူ ကိုအောင်ဇော်က ပြောပါတယ်။

ကိုအောင်ဇော်အပြင် လက်ရှိမှာ ကျောင်းသား အရေး လှုပ်ရှားနေသူ အချို့အပါအဝင် အခြားသူ တွေက လည်း လွန်ခဲ့တဲ့ ၃ နှစ်ကပြုလုပ်တဲ့ ကြားဖြတ် ရွေးကောက်ပွဲကနေ တဆင့် လွှတ်တော်တွင်းကို ဝင်ရောက်ခဲ့ပြီး ဒီမိုကရေစီ စနစ်နဲ့ ဝေးကွာနေဆဲ ဖြစ်တဲ့ စနစ်တခုအတွင်းမှာ လွှတ်တော်ကိုယ်စား လှယ် ဖြစ်လာခြင်းဟာ ဒေါ်အောင်ဆန်းစုကြည် အတွက် အရေးပါတဲ့ အမှားတခု ဖြစ်တယ်လို့ ပြော ကြပါတယ်။

“သူ့ကြောင့် စစ်အစိုးရနဲ့ မထိုက်တန်တဲ့ တရား ဝင်မှုကို ရရှိသွားစေခဲ့တယ်” လို့ ကိုအောင်ဇော် က ပြော ပါတယ်။

အမေရိကန်နဲ့ ဥရောပသမဂ္ဂက ဒဏ်ခတ် အရေးယူမှုတွေ ဖယ်ရှားပေးအောင်၊ သမ္မတ ဦးသိန်းစိန် ရဲ့ ပြုပြင်ပြောင်းလဲရေးသမား ပုံရိပ်ကို မြန်မာနိုင်ငံရဲ့ဂေါ်ဘာချော့ ရယ်လို့ အရောင်ပိုထွက် လာအောင် လုပ်ပေးခဲ့တဲ့အတွက် ဒေါ်အောင်ဆန်း စုကြည်အနေနဲ့ ပြန်ရခဲ့တာကတော့ မပြောပလောက် တဲ့ အနည်းငယ်မျှသာဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောကြပါတယ်။

“တချို့ နေရာတွေမှာ သူ့ကို ကလိမ်ကကျစ် လုပ်တာနဲ့ ကြုံခဲ့ရတယ်။ သူ့ဘက်ကပေးခဲ့တာနဲ့ တန် အောင် ပြန်မရခဲ့ဘူး”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင် ဟောင်းဖြစ်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းတဦး လည်းဖြစ်သူ မောင်မော်စီက ပြောပါတယ်။

ဒါပေမယ့် အခြားသူတွေကတော့ ထောက်ခံ ကြောင်း ပြောခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်က ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးကို တွန်းအား ပေး ဆောင်ရွက်နေတဲ့အတွက် ရွေးကောက်ပွဲ နောက်ပိုင်းမှာ သမ္မတနေရာအတွက် ရွေးချယ် ခံခွင့် ရှိသူ ဖြစ်လာနိုင်တယ်လို့ ရခိုင်အမျိုးသားပါတီ (Arakan National Party) ရဲ့ခေါင်းဆောင် ဒေါက် တာအေးမောင်က ပြောပါတယ်။

၂၀ဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေက ဒေါ် အောင်ဆန်းစုကြည် သမ္မတဖြစ်မလာအောင် ထိထိ ရောက်ရောက် တားဆီးထားပါတယ်။

“သူက ကစားပွဲကို ပါးပါးနပ်နပ် ကစားနေတယ် လို့ ကျနော်ထင်ပါတယ်။ ဒါကြောင့်လည်း ၆ ပွင့် ဆိုင် ဆွေးနွေးပွဲ မြန်မြန် ဆန်ဆန် ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ သူလှည့်ကွက် မိသွားပြီလို့ တယောက် ယောက်က ပြောလာရင် ကျနော် သဘောတူမှာ မဟုတ်ပါဘူး” လို့ ရခိုင်အမျိုးသားပါတီ ဥက္ကဋ္ဌလည်း ဖြစ်၊ ၆ ပွင့်ဆိုင်ဆွေးနွေးပွဲမှာ တိုင်းရင်းသားကိုယ်စား ပြု လွှတ်တော်ကိုယ်စားလှယ်အဖြစ် တက်ရောက်နေ တဲ့ ဒေါက်တာအေးမောင်က ပြောပါတယ်။

နိုင်ငံရေး လှည့်ကွက်တွေမှာ အသုံးချခံရနေ တယ်ဆိုတဲ့ ဝေဖန်ချက်တွေ နဲ့ပတ်သက်လို့ ဒေါ်အောင် ဆန်းစုကြည်က ဧပြီလ ၃ရက်နေ့ ရိုက်တာ သတင်း ဌာနနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ တုံ့ပြန်ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကို NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင် ခဲ့ခြင်းက ပြုပြင် ပြောင်း လဲရေးအတွက် အနည်းငယ်မျှသာ ထိရောက်ခဲ့တယ် လို့ ထင်သလားလို့ မေးတဲ့အခါမှာမှ ဒေါ်အောင် ဆန်းစုကြည်က “ကျမ မထင်ပါဘူး။ ဒါက အရမ်း ကောင်းတဲ့ စိတ်ကူးပါ။ ဘာကြောင့်လဲဆိုတော့ ကျမတို့က နိုင်ငံရေးပါတီတခုအနေနဲ့ လှုပ်ရှားဆောင်ရွက်နိုင်လာခဲ့ တယ်လေ” လို့ ပြန်ဖြေခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစု ကြည်နဲ့ NLD က အခြားအဖွဲ့ဝင် ၄၃ ဦး မဲအပြတ် အသတ်နဲ့ အနိုင်ရရှိပြီး လွှတ်တော်တွင်းကို ရောက် ရှိခဲ့ပါတယ်။ အတိုက်အခံအနေနဲ့ အင်အားနည်း တယ်လို့ ဆိုနိုင်ပေမယ့် အခြေခံဥပဒေ ပြင်ဆင်ရေး ကို နိုင်ငံရေး အစီအစဉ်ထဲမှာ ပါဝင်စေနိုင်ဖို့ တော် တော်လေး ထိထိရောက်ရောက် လုပ်နိုင်ခဲ့တယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က Reuters ကို ပြောခဲ့ပါတယ်။

အရင်ကဆိုရင် အခြေခံဥပဒေပြင်ဆင်ရေး ပြောဆိုဆွေးနွေးတာကို ရာဇဝတ်မှုတခုလို သဘော ထားခဲ့တယ် လို့လည်း သူက ဆိုပါတယ်။

မြန်မာနိုင်ငံကို ၄၉ နှစ်ကြာအောင် အုပ်ချုပ် ခဲ့တဲ့ စစ်တပ်က ၂၀ဝ၈ ခုနှစ် အခြေခံဥပဒေကို ရေးဆွဲခဲ့ ပြီးတော့ နိုင်ငံခြားသား၊ ဇနီး၊ ခင်ပွန်း သို့မဟုတ် သားသမီးရှိတဲ့သူတွေ သမ္မတလောင်း ဖြစ်မလာအောင် ပိတ်ပင်ထားခဲ့ပါတယ်။ ဗြိတိန် နိုင်ငံသား၊ သား၂ယောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည် ပါဝင်လာလို့ မရအောင် ရေးဆွဲခဲ့တာ ထင်ရှား ပါတယ်။

အခြေခံဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် နေရာ ၄ ပုံ ၁ ပုံကို စစ်တပ်ကိုယ်စားလှယ်တွေ အတွက် ပေး ထားရတဲ့အပြင် တိုင်းပြည်မှာ အရေး ကြီးဆုံး ဝန်ကြီးဌာနတွေဖြစ်တဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ် စပ်ရေးရာ ဝန်ကြီးနေရာတွေကို လည်း စစ်တပ်ဗိုလ်ချုပ်တွေကိုပဲ ခန့်အပ်ဖို့ အခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားပါ တယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မယ်ဆိုရင် ပြင်ဆင်ဖို့ ခက်ခဲအောင် ဥပဒေမှာ တင်းကျပ်လွန်းတဲ့ ပြဋ္ဌာန်း ချက်တွေ ထည့်သွင်းထားပါသေးတယ်။ ဆန္ဒခံယူပွဲ ကျင်းပပြီး အခြေခံဥပဒေပြင်ဆင်ရေး အတွက် လွှတ်တော် ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်း ကျော်ရဲ့ ထောက်ခံမှု လိုအပ်တဲ့အတွက် အခြေခံ ဥပဒေ ပြင် ဆင်ရေးမှာ စစ်တပ်က ဗီတိုအာဏာရှိ နေပါတယ်။

အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပြင် ဗိုလ်ချုပ်ကြီး ဟောင်းတယောက်ဖြစ်တဲ့ အရပ်သား အမည်ခံ အစိုးရရဲ့ ခေါင်းဆောင် သမ္မတ ဦးသိန်းစိန် ရဲ့ ပူးပေါင်း ဆောင်ရွက်မှု အထူးလိုအပ်နေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ သမ္မတ ဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေး နဲ့ ပတ်သက်လို့ ရိုးသား တယ်လို့ သူ မထင်တော့ကြောင်း၊ အစိုးရဟာ အခြေခံဥပဒေပြင်ဆင်ရေးကို စိတ်မဝင်စားကြောင်း Reuters သတင်းဌာနကို ပြောဆိုခဲ့ပြီး နိုဝင်ဘာလထဲမှာ ကျင်းပဖို့ရှိနေတဲ့ အထွေထွေ ရွေးကောက်ပွဲကို သပိတ်မှောက်တဲ့ နည်းလမ်းကလည်း ရွေးချယ်စရာတခု ဖြစ်လာနိုင် ကြောင်း ပြောဆိုသွားပါတယ်။

သမ္မတရုံးက အကြီးတန်းအရာရှိတဦး ဖြစ်တဲ့ ဦးဇော်ဌေးကတော့ ဒေါ်အောင်ဆန်းစုကြည် က ရွေး ကောက် ပွဲကို သပိတ်မှောက်ဖို့စဉ်းစားနေတဲ့အတွက် အံ့အားသင့်မိတယ်လို့ ပြောပါတယ်။

“သူက အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် အစိုးရကို ဖိအားပေးဖို့ အတွက်ဒီလိုပြောတာလားလို့ ကျနော် စဉ်းစားကြည့် မိပါတယ်။ ကျနော့် အမြင်ကို ပြောရရင် NLD က သပိတ်မှောက်သည်ဖြစ်စေ၊ မမှောက် သည်ဖြစ်စေ အစိုးရက ရွေးကောက်ပွဲကို ပယ်ဖျက်တာ သို့မဟုတ် ရွှေ့ဆိုင်းတာလုပ်မှာမဟုတ် ဘူးလို့ ထင်ပါတယ်” လို့ ဦးဇော်ဌေးကပြောပါတယ်။

ရခိုင်အမျိုးသားပါတီရဲ့ ပထမခေါင်းဆောင် ဦးအေးသာအောင်ကတော့ လက်ရှိအခြေအနေမှာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်မှန်းချက် ဖြစ်တဲ့ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဆိုတာ ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ လုံးဝ မဖြစ်နိုင် တော့ဘူးလို့ ဆိုပါတယ်။

“အခု NLD လွှတ်တော်ထဲ ရောက်သွားတာ နှစ်ကြာ လာပေမယ့် ဖွဲ့စည်းပုံ မပြင်နိုင်သေးတာကို ကြည့်ရင် လက်ရှိ အနေ အထားကို သဘောပေါက်လို့ ရပြီ။

နဂိုကတည်းက ဖွဲ့စည်းပုံကို ပြင်ရခက်အောင် ရေးဆွဲထားတာလေ။ ဒီဖွဲ့စည်းပုံကို လွှတ်တော် အတွင်း ကနေ ပြင်နိုင်ဖို့ လွယ်ကိုမလွယ်ဘူး။ မြန်မာ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးအတွက် ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်နိုင်ဖို့လိုတယ်။ ဒါပေ မယ့် အခုချိန်အထိ မရေရာ မသေချာတဲ့ အနေ အထားပဲ ရှိနေသေးတယ်။ ခြုံငုံသုံးသပ်လိုက်မယ် ဆိုရင် ၂၀ဝ၈ ဖွဲ့စည်းပုံကို ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင် ပြင်နိုင် ဖို့ဆိုတာ မလွယ်တော့ဘူး” လို့ ဦးအေးသာအောင်က သုံးသပ်ပါတယ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြ အေးက စစ်အစိုးရရေးဆွဲ ခဲ့တဲ့၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင် ဖို့ မဖြစ်နိုင်ဆိုတဲ့ အမြင်ကို သဘောတူလက်ခံပြီး လက်ရှိပုံစံ အတိုင်းဆိုရင် အတိုက်အခံတွေရဲ့ ကြိုးစားမှုက အရာမထင်တဲ့ပုံစံ ဖြစ်နေတယ်လို့ သုံးသပ်ပြော ဆိုပါ တယ်။

ဧရာဝတီ

No comments:

Post a Comment

My Blog List