Wednesday, April 22, 2015

အမျိုးသမီးပါတီ ၆ လကြာတဲ့အထိ ထူထောင်ခွင့်မရသေး


မြန်မာနိုင်ငံမှာ ပထမဆုံးအမျိုးသမီးပါတီကို ထူထောင်ခွင့်ရရှိဖို့ မွန်အမျိုးသမီးတွေ ဦးဆောင်ပြီး ပြီးခဲ့ တဲ့နှစ် အောက်တိုဘာ ကတည်းက လျှောက်ထားခဲ့တာမှာ ၆ လနီးပါးကြာလာတဲ့အထိ ရွေးကောက်ပွဲ ကော် မရှင်က ထူထောင်ခွင့်ချမပေးသေးဘူးလို့ ပါတီခေါင်းဆောင် မိလယိုင်မွန် (ခေါ်) မိသန်းရှင်က ပြောပါတယ်။
သက်ဆိုင်ရာအာဏာပိုင်တွေက အကြိမ်ကြိမ် လာရောက်စစ်ဆေးမေးမြန်း ခဲ့ပေမယ့် ပါတီထူထောင်ခွင့် မကျသေးဘူးလို့ အမျိုးသမီးပါတီထူထောင် ခွင့်လျှောက်ထားသူ ပါတီဥက္ကဋ္ဌ အဖြစ် တာဝန်ယူထားတဲ့ မိလယိုမွန် (ခေါ်) မိသန်းရှင်က ပြောပါတယ်။

“မကျသေးဘူးရှင်။ လူတယောက်လဲခိုင်းတာပေါ့နော်။ အမျိုးသမီးတွေက အဖြူထည်တွေလေ။ အိမ်ရှင်မတွေ ဆိုတော့ နိုင်ငံရေးဆန်ဆန် စစ်ဆေးတာကျတော့လည်း ၃ မျိုးတောင်မှလေ။ တခြားပါတီမှာဆိုရင် အက်စ်ဘီ တမျိုးပဲ လာစစ်တာ။ အခုဆိုရင် စီအိုင်ဒီရော၊ စသုံးလုံးရော၊ အက်စ်ဘီရောပေါ့နော်။ လာတာက သူတို့ ယူနီဖောင်းအပြည့်နဲ့လာကြတယ်။ အဲလိုမျိုးကျတော့ ကျမတို့ အမျိုးသမီးတွေက အိမ်ရှင်မတွေလေ။ နိုင်ငံရေး မှာလည်း ကျင်လည်တဲ့လူလည်း မဟုတ်။ ပွဲဦးထွက် အဲလိုမျိုးကြုံရတော့ လန့်တာပေါ့နော်။ ဖြေတာနည်း နည်းတော့ စကားမှား သွားတယ်။ အဲဒါကြောင့် ကျမတို့ တယောက် လဲပေးရတာပေါ့။ အမှန်ကတော့ ကျ သင့်နေပြီလေ။ ရွေးကောက်ပွဲလည်းစတော့မယ်ဆိုတော့ အခုဟာက တည်ထောင်ခွင့်ဆို တာ မရသေး ဘူးပေါ့နော်။ တည်ထောင်ခွင့်ရပြီးမှ ဖွဲ့စည်းပုံတို့ဘာတို့ညာတို့လည်းလာဦး မှာလေ။ အချိန်ကလည်း သိပ်မရှိတော့ဘူး ”လို့ပြောပါတယ်။

အမျိုးသမီးပါတီထူထောင်ခွင့်မကျရင် သူ့အနေနဲ့ တနင်္သာရီတိုင်း ရေဖြူမြို့မှာ တသီးပုဂ္ဂလ အနေ နဲ့ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင် သွားမယ်လို့လည်း မိသန်းရှင်က ပြောပါတယ်။

အမျိုးသမီးပါတီထူထောင်ခွင့်ရဖို့အတွက် မွန်အမျိုးသမီး ၁၅ ဦး ကော်မီတီနဲ့ ပါတီထူထောင်ခွင့် ရဖို့ အောက်တိုလဘာ ၁၄ ရက်နေ့က ပါတီထူထောင်ခွင့် လျှောက်ခဲ့တာဖြစ်ပါတယ်။

ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် ညွှန်ကြားရေးမှုး ဦးလှမောင်ချို ကတော့ အမျိုးသမီးပါတီနဲ့ပတ် သက်ပြီး စိစစ်နေဆဲဖြစ်တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

“ကျနော်တို့ သူတို့ဥစ္စာကို စိစစ်နေဆဲပါ။ သူတို့ဆီကမှ လူထပ်ပြီးလဲပါတယ်။ လဲတဲ့အတွက် ထပ်ပြီး စိစစ်နေတဲ့အတွက်ကြာနေတာပါခင်ဗျာ။ ကျနော်တို့က စိစစ်နေဆဲကာလမို့လို့ပါ။ ဥပဒေနဲ့ ညီညွှတ်ရင် ကျနော်တို့ကော်မရှင်က ခွင့်ပြုပေးမှာပါ။”

အမျိုးသမီးပါတီအနေနဲ့ အမျိုးသမီးတွေ တန်းတူ နေရာရဖို့အတွက် လုပ်ဆောင်သွားဖို့ ရည်ရွယ်ပြီး ၂၀၁၅ ရွေးကောက်ပွဲအတွက် မွန်ပြည်နယ်ကို အခြေပြုပြီး အခြားတိုင်းနဲ့ ပြည်နယ်တွေမှာ လည်း ဝင်ရောက်ယှဉ်ပြိုင် သွားမယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာ မွန်တိုင်းရင်းသားတွေကို ကိုယ်စားပြုတဲ့ ပါတီတွေအဖြစ် မွန်အမျိုးသားပါတီ (MNP)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) တို့က အဓိက စည်းရုံးလှုပ်ရှားနေကြပါတယ်။

DVB

No comments:

Post a Comment

My Blog List