Friday, April 24, 2015

မြန်မာအစိုးရ Podesta Group ကို ဘာကြောင့် ငှားသလဲ


မြန်မာအစိုးရက အမေရိကန်လော်ဘီအဖွဲ့ Podesta Group ကို အမေရိကန် ဒေါ်လာ ၈ သိန်း ၄ သောင်းနဲ့ ငှားရမ်းလိုက်တဲ့သတင်း ဧပြီ ၁၆ ရက်နေ့က ထွက်ပေါ်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံရေးအသိုင်းအ၀ိုင်း မှာလည်း သုံးသပ်ချက်မျိုးစုံ ထွက်ပေါ်လာပါတယ်။ Podesta Group အကြောင်း လေ့လာကြည့်ရ သလောက် သူတို့အဖွဲ့ဟာအမေရိကန်အစိုးရအတွင်း ပေါက်ရောက်မှုအမှန်တကယ်ရှိတဲ့ လော်ဘီအဖွဲ့ဖြစ် တာကို တွေ့ရတယ်။ ၁၉၈၈ ခုနှစ်မှာ John Podesta/ Tony Podesta ညီနောင် ၂ ဦးကစတင်တည်ထောင် ခဲ့ပြီး ၀ါရှင်တန်မှာ အခြေစိုက်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်က သူမအနေနဲ့ ၂၀၁၆ ရွေးကောက်ပွဲမှာ သမ္မတ၀င်ပြိုင်မယ်လို့ ဧပြီ ၁၂ ရပ်နေ့က တရားဝင် ထုတ်ဖော်ကြေငြာခဲ့ပါတယ်။ John Podesta ဟာ ဟီလာရီကလင်တန် ရွေးကောက်ပွဲအောင်နိုင်ရေး မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှု(Election Campaign)ရဲ့ ဥက္ကဌဖြစ်ပါတယ်။

ဒါ့အပြင် လက်ရှိအမေရိကန်သမ္မတ အိုဘားမားရဲ့ အကြံပေးလည်းဖြစ်သလို အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်းလက်ထက်တုန်းက အိမ်ဖြူတော်ဝန်ထမ်းအဖွဲ့ခေါင်းဆောင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့ သူ ဖြစ်ပါတယ်။ Podesta Group ဟာ ဒီမိုကရက်အစိုးရနဲ့ ရင်းနှီးမှုရှိတဲ့ လော်ဘီအဖွဲ့ ဖြစ်ပါတယ်။

“မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေးဟာ သိပ်ကျယ်ပြန့် နက်ရှိုင်းတဲ့အတွက် နိုင်ငံတွင်းနဲ့ လူ့အဖွဲ့အစည်း အတွင်း မရည်ရွယ်တဲ့ မထင်ထားတဲ့အကျိုးဆက်တွေ ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် မြန်မာသံရုံးက အမေရိကန်နိုင်ငံရေးနယ်ပယ်မှာ ပေါက်ရောက်ပြီး နာမည်ကောင်းရနေတဲ့ ကုမ္ဗဏီကို ငှားလိုက်တာလို့ ကျွန်မထင်တယ်။ ဘာလို့လဲဆိုတော့ ဒီက နိုင်ငံရေးစနစ်ကို ခြယ်လှယ်နိုင်စွမ်း သူတို့မှာ မရှိဘူး။ ၀ါရှင် တန် ပေါ်လစီအသိုင်းအ၀ိုင်းက သူတို့အပေါ် ပိုပြီး နားလည်စေချင်တာဖြစ်တယ်။”လို့ ၁၉၉၉ ကနေ ၂၀၀၂ ခုနှစ်အထိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခဲ့သူ ပရီဆီလီယာ ကလပ် က ပြော ပါတယ်။ ပရီဆီလီယာ ကလပ်ဟာ စစ်အစိုးရလက်ထက်တွင်းက အမေရိကန်-မြန်မာ ဆက်ဆံရေးအတွက် အထူးကိုယ်စားလှယ်အဖြစ်ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။

ဒီမိုကရက်ပါတီနဲ့ ရင်းနှီးမှုရှိတဲ့အလျောက် မြန်မာအစိုးရအတွက် Podesta Group ငှားရမ်းခြင်းမှာ အရာ ထင်ဖို့ဆိုတာ ၂၀၁၆ မှာ ဟီလာရီကလင်တန် သမ္မတဖြစ်ပြီး ဒီမိုကရက်ပါတီ အာဏာရဖို့ အရေးကြီးနေပါ တယ်။ မြန်မာအစိုးရနဲ့ နီးစပ်သူများဘက်ကလည်း ဟီလာရီကလင်တန် ချီးမွှမ်းခန်းဖွင့်လာတာတွေ တွေ့လာ ရပါတယ်။ သမ္မတရုံညွှန်ကြားရေးမှူး ဦးဇော်ဌေး(Hmu Zaw)က ဧပြီ ၁၃ ရက်နေ့က သူ့ရဲ့ဖေ့စ်ဘွခ်ပေါ်မှာ ‘အမေရိကန်ပြည်တွင်း သမ္မတရွေးကောက်ပွဲမှာ ဟီလာရီကို တုဘက်ပြိုင်ယှဉ်နိုင်မယ့် Candidate ဆိုတာ ရှားပါးပစ္စည်း ဖြစ်နေပါတယ်။’လို့ ရေးသားခဲ့တယ်။ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ မြန်မာနိုင်ငံအရေး ဟာ ဟီလာရီကလင်တန်ကို ထိုးနှက်ဖို့ သေချာပေါက်အကြောင်းတခုဖြစ်လာမယ်လို့ ဦးဇော်ဌေးက သူ့အမြင်ကို တဆက်တည်း ရေးသားခဲ့တယ်။ လစ်ဗျားနိုင်ငံ ဘန်ဂါဇီက အမေရိကန်သံရုံး ၂၀၁၂ တိုက် ခိုက်ခံရမှုကြောင့် သံအမတ်ကြီး ခရစ္စတိုဖာစတီဗင်အပါအ၀င် အမေရိကန် ၄ ဦးသေဆုံးခဲ့ရတဲ့ ကိစ္စကို ဟီလာရီကလင်တန်တို့ ကြိုတင်သိလျက်နဲ့ တုံ့ပြန်မှုနှေးကွေးခဲ့တယ်ဆိုတာတွေ ထွက်ပေါ်ခဲ့ပြီး နောက်ပိုင်း သမ္မတအိုဘားမား၊ ဟီလာရီကလင်တန်နဲ့ ဒီမိုကရက်ပါတီတို့ အပြင်းအထန် ထိုးနှက်ခံနေရဆဲဖြစ်တယ်။ တဘက်မှာလည်းဟီလာရီကလင်တန်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ နွေးထွေးတဲ့ဆက်ဆံရေးရှိတဲ့အတွက် သူသာအမေရိကန်သမ္မတဖြစ်လာရင် မြန်မာ့ဒီမိုကရေစီရေးအတွက် အထောက်အပံ့ကောင်းတွေ ရလာ မလားဆိုတဲ့ မျှော်လင့်ချက်တွေရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အောက်စဖို့တက္ကသိုလ်ရောက်ခဲ့တဲ့ ၁၉၆၉ ခုနှစ်မှာ ဘီလ်ကလင်တန်လည်း အဲဒီမှာ ပညာဆည်းပူးနေတဲ့အချိန်ဖြစ်တယ်ဆိုတဲ့ အကြောင်းကြောင့် ဟီလာရီကလင်တန်ရဲ့ခင်ပွန်း ဒီမိုကရေစီထွန်းကားရေး ကြွေးကြော်ပြီးတက်လာတဲ့ ဘီလ်ကတန် ၁၉၉၃ သမ္မတဖြစ်ခဲ့တုန်းက မြန်မာပြည် သူတွေအကြား ဒီမိုကရေစီမျှော်လင့်ချက်တွေ ဖြစ်ပေါ်ခဲ့ကြဖူးပါတယ်။ ဘီလ်ကလင်တန်လက်ထက်မှာ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ခဲ့ပေမယ့်လည်း မြန်မာ့ဒီမိုကရေစီအရေးကတော့ ထိရောက်မှု မရှိလှခဲ့ဘူး။

စစ်အစိုးရလက်ထက်ကလည်း လော်ဘီအဖွဲ့တခု ငှားရမ်းခဲ့ဖူးပြီး ၈လကြာပြီးနောက် အမေရိကန်-မြန်မာ ဆက်ဆံရေး ဘယ်လိုမှ အဆင်မပြေနိုင်တော့တဲ့အတွက် DCI Associates လော်ဘီအဖွဲ့နဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်တယ်။ အမေရိကန်နဲ့ ပြေလည်တဲ့ ဆက်ဆံရေးရှိဖို့ဆိုတာ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အဓိက တည်မှီတယ်လို့ ပြောဆိုသုံးသပ်နေကြတယ်။ ဒါဟာ တပိုင်းတ၀က်အမှန်သာ ဖြစ်ပါတယ်။ အမေရိကန်၊ အနောက်အုပ်စုနဲ့ဆက်ဆံရေး ပြေလည်ဖို့ဆိုရာမှာ အဓိက ၂ ချက်ရှိပါတယ်။ ဒါဟာ စစ်မှန်တဲ့ ဒီမိုကရေစီဖော်ဆောင်ရေး တနည်း အများပြည်သူဆန္ဒ မျက်ကွယ်မပြုဖို့နဲ့ လူ့အခွင့်အရေး စံချိန်စံညွှန်းများ ကို လေးစားလိုက်နာဖို့သာ ဖြစ်ပါတယ်။ ဒီကိစ္စရပ် ၂ ခုကို လက်ရှိအစိုးရသော်လည်းကောင်း နောင်လာ မယ့် ဘယ်အစိုးရမဆို ဒေါ်အောင်ဆန်းစုကြည်ထက် ပိုပြီး လုပ်ပေးနိုင်မယ်ဆိုရင် အဲဒီအစိုးရဟာ အနောက် အုပ်စုနဲ့ အလွမ်းသင့်မှာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် မူတည်တယ်ဆိုတာ လက်ရှိအနေအထားအရ မှန်ပေမယ့် အမှန်တကယ်မှာ ပြည်သူတွေအပေါ် လူ့အခွင့်အရေးမချိုးဖောက်ဖို့နဲ့ ဒီမိုကရေစီစနစ် ဖြစ်ထွန်းရေးတို့ကသာ သော့ချက်ဖြစ်တယ်လို့ ပြောရခြင်း ဖြစ်ပါတယ်။

Podesta Group ကို ငှားရမ်းခဲ့ခြင်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က "ဘာအတွက်ငှားရမ်းမှာလဲဆိုတာကို စိတ်ဝင်စားတယ်၊ သူတို့အတွက်လော်ဘီလုပ်ပေးဖို့ဆိုတာ ဘာအတွက်လော်ဘီလုပ်ပေးဖို့လဲ၊ တကယ်တော့ အစိုးရတခုရဲ့တာဝန်ဟာ နိုင်ငံသူနိုင်ငံသားတွေ ကောင်းကျိုးကိုဆောင်ရွက်ဖို့၊ အဲ့ဒီတာ ဝန်ကျေနေပြီဆိုရင် ဒီလိုအဖွဲ့တွေကို ဘာ သွားငှားဖို့လိုလဲ"လို့ ဧပြီ ၂၂ ရက် ဗုဒ္ဓဟူးနေ့က RFA ကို ပြော ပါတယ်။

“Podesta Group ကို ငှားရမ်းလိုက်တဲ့ အဓိကရည်ရွယ်ချက်က တိုင်းပြည်နဲ့ ပြည်သူလူထုရဲ့ အကျိုးအတွက် မဟုတ်ဘဲနဲ့ အစိုးရနဲ့သင့်မြတ်တဲ့ ခရိုနီလုပ်ငန်းရှင်တွေအတွက် စီစဉ်တယ်လို့ ကျွန်တော်က မြင်ပါတယ်။ အစိုးရက တကယ်စစ်မှန်တဲ့အပြောင်းအလဲကို ဦးတည်နေတယ်ဆိုရင် ဒီအဖွဲ့အစည်းမျိုးကို ငှားရမ်းစရာ မလိုဘူး။ ၂၀၁၅ ရွေးကောက်ပွဲ နီးတဲ့ကာလမှာ ဒီလိုအဖွဲ့မျိုးကိုငှားရမ်းခဲ့တာဟာ ရွေးကောက်ပွဲအလွန် ကာလမှာ အစိုးရအနေနဲ့ အလွဲအမှားတွေ ပြုပြင်ပြောင်းလဲရေးကိုသွေဖီတဲ့လမ်းကြောင်းတွေ လုပ်လာနိုင် တယ်လို့ မြင်တယ်။”လို့ ဒေါက်တာရန်မျိုးသိမ်းကလည်း သုံးသပ်ပြောဆိုပါတယ်။

နောက်တချက် စိတ်ဝင်စားစရာကောင်းတာက Podesta Group နဲ့စာချုပ်သက်တမ်းက ၁ နှစ်ဖြစ်ပြီး မြန် မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲကို နိုင်ဝင်ဘာလမှာ ကျင်းပမယ်လို့ ပြောထားပါတယ်။ အခုအချိန် ကစတွက်မယ်ဆိုရင် ရွေးကောက်ပွဲကျင်းပမယ့် နိုဝင်ဘာလအထိ အချိန် ၇ လသာ ကျန်ပါတော့တယ်။ စာချုပ်အရ ၃ လ ၁ ကြိမ် ဒေါ်လာ ၂ သိန်း ၁ သောင်း အရစ်ကျပေးချေသွားရမယ်လို့ သိရတယ်။ ဒါ့ကြောင့် ရွေးကောက်ပွဲမတိုင်မီမှာ ၂ ရစ် ဒေါ်လာ ၄ သိန်း ၂ သောင်းပေးချေပြီးဖြစ်ပါလိမ့်မယ်။ နောက် ကျန်တဲ့ ၂ ရစ် ပေးချေရမှာက ရွေးကောက်ပွဲနောက်ပိုင်းကာလမှ ဖြစ်ပါတယ်။ ဒီမှာ စဉ်းစားစရာရှိတာ က ရွေးကောက်ပွဲအပြီးမှာ အစိုးရအပြောင်းအလဲဖြစ်ခဲ့ရင် ဒီ စာချုပ်ကို အစိုးရသစ်က ဆက်လက် လိုက်နာသွားမလားဆိုတာ ဖြစ်ပါတယ်။ ဒါထက်ပိုပြီး မေးဖို့ကောင်းတာကတော့ လက်ရှိအစိုးရ ဟာ ရွေးကောက်ပွဲအလွန်မှာလဲ သူတို့ပဲ အစိုးရဖြစ်ဦးမှာလို့ သေချာပေါက် တွက်ထားသလားဆိုတာ ဖြစ် ပါတယ်။ ဒါမှမဟုတ် ၁ နှစ်ဆိုတာ Podesta Group က ပေးနိုင်တဲ့ အတိုဆုံးစာချုပ်သက်တမ်းဖြစ်လို့လား ဆိုတာ သေချာမသိရသေးပါ။ ဒီကိစ္စနဲ့ပတ်သက်လို့ အများပြည်သူသိရှိနိုင်ဖို့ လွှတ်တော်မှာ ပွင့်ပွင့်လင်း လင်း ဆွေးနွေးသင့်ပါတယ်။

မြန်မာအစိုးရအနေနဲ့ နှစ်ပေါင်းများစွာကြာပြီးမှ အမေရိကန်နဲ့ အလွမ်းသင့်ဖို့ ပြန်လည်ကြိုးစားလာတာဟာ စိတ်ဝင်စားစရာဖြစ်တယ်။ မြန်မာအစိုးရဟာ ၁၉၈၈ နောက်ပိုင်း အမေရိကန်၊ အနောက်အုပ်စုနဲ့ပတ်သက် လို့ တောက်လျှောက် မကောင်းမြင် မကောင်းပြော လုပ်ခဲ့ပါတယ်။ အထီးကျန်ကာလတလျှောက်မှာလဲ စစ်အစိုးရအာဏာတည်မြဲရေးအတွက် တရုတ်၊ ရုရှား ကျောထောက်နောက်ခံနဲ့ စခန်းသွားခဲ့ရတယ်။ ၂၅ နှစ်ကျော် ဒီလို စခန်းသွားခဲ့ရာက မြန်မာနိုင်ငံဟာ တစတစ ချွတ်ခြုံကျလာတယ်။ စစ်အစိုးရ ရပ်တည် နိုင်ရေးအတွက် ကျားကန်ပေးခဲ့တာနဲ့ ကိုယ်ကပြန်ပေးလိုက်ရတာတွေ မမျှမတဖြစ်ခဲ့တာ သိသာသထက် သိသာလာတယ်။ လောက်ကိုင်တိုက်ပွဲမှာ မြန်မာဘက်က မှားယွင်းပြီး ဗုံးကြဲမိတာမှာ တရုတ်က ပြင်းပြင်း ထန်ထန် သတိပေးတယ်။ လျော်ကြေးတောင်းတယ်။ တောင်းပန်ခိုင်းတယ်။ အဲဒီမှာ မိတ်ဆွေပေါက်ဖော် ဆက်ဆံရေးမှာ တရုတ်ဘက်ကထားတဲ့ အတိုင်းအတာနဲ့ စည်းကို မြန်မာအစိုးရ ပထမဆုံး သိခွင့်ရသွား တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံနဲ့ ပင်လယ်ရေပိုင်နက်ဆိုင်ရာအငြင်းပွားမှု ဖြစ်ခဲ့ပြီး ကုလသမဂ္ဂခုံရုံးရဲ့အဆုံးအဖြတ်နဲ့ အရှုံးပေးလိုက်ရတဲ့ ဘင်္ဂလားဒေ့ရှ်ကို တရုတ်က Corvette စစ်ရေယာဉ် ၂ စင်း ဆောက်လုပ်ပေးခဲ့တယ်။ ရေငုပ်သင်္ဘော ၂ စင်းရောင်းဖို့လည်း သဘောတူထားပါတယ်။ 

တရုတ်အနေနဲ့ အိန္ဒိယကို အမွေးပွအောင်လုပ်တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် ဘင်္ဂလားပင်လယ်အော် မှာ ရေပိုင်နက် အချင်းပွားမှုဖြစ်စရာ ထိပ်တိုက်တွေ့စရာ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယ ၃ နိုင်ငံပဲရှိတာ ကို မေ့ထားလို့ မရပါဘူး။ ဒါကာထရွင်ဗြွန်း သတင်းစာက ဘူးသီးတောင်နဲ့မောင်တောကို ခရိုင်းမီးယားလို ဆန္ဒခံယူပွဲလုပ်သင့်တယ်လို့ ရေးသားခဲ့လို့ မြန်မာဘက်မှာ အုတ်အော်သောင်းတင်းဖြစ်ခဲ့ပါသေးတယ်။ တရုတ်က ဒီကိစ္စတွေလုပ်တာ ဦးသိန်းစိန်အစိုးရတက်လာပြီးနောက်ပိုင်းမှ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ အရပ်သားတပိုင်းအစိုးရတက်လာပြီးနောက်ပိုင်း နိုင်ငံတကာရဲ့ အာရုံစိုက်မှု ပြန်လည်ရရှိလာတယ်။ အထူးသဖြင့် ၂၀၁၂ ရွေးကောက်ပွဲအလွန် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီအမတ်တွေ လွှတ်တော် ထဲ ပြန်ရောက်ပြီးနောက်ပိုင်း နိုင်ငံတကာ ၀င်ဆန့်မှု အထူးအားကောင်းလာခဲ့တယ်။ ပြည်သူလူထုရဲ့ ဆန့်ကျင်ကန့်ကွက်မှုတွေကြောင့် မြစ်စုံစီမံကိန်းကို ဦးသိန်းစိန်က သမ္မတသက်တမ်းကုန်သည်အထိ ဆိုင်းငံ့ခဲ့တယ်။ လက်ပံတောင်းတောင်စီမံကိန်းနဲ့ပတ်သက်လို့လည်း မြန်မာပြည်သူတွေကြားမှာ တရုတ် ဆန့်ကျင်ရေးခံစာချက်တွေ ဖြစ်ပေါ်ခဲ့တယ်။ ဒါတွေကို တရုတ်အစိုးရဘက်က ဘယ်လိုသဘောထားတယ် ဆိုတာ သိဖို့ ခက်တယ်ဆိုပေမယ့် အရင်ကလောက် နွေးထွေးမှုမရှိတော့တာတော့ အမှန်ပဲဖြစ်တယ်။ ဒီကြားထဲ တရုတ်က ပါကစ္စတန်နိုင်ငံမှာ အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံ ရင်းနှီးမြှပ်နှံမယ်ဆိုတဲ့ မျက်ကလဲစံပြာသတင်း အခုရက်ပိုင်းအတွင်းမှာ ထွက်ပေါ်လာပြန်တယ်။ ၄၆ ဘီလီယံထဲက ၁၂ ဘီလီယံကို ပါကစ္စတန် နိုင်ငံရဲ့ အခြေခံအဆောက်အအုံဖြစ်တဲ့ လျှပ်စစ်ဓါတ်အားလိုင်း သွယ်တန်းရေးမှာ အသုံးပြု မှာ ဖြစ်ပါတယ်။ ဒီ စီမံကိန်းကနေရလာမယ့် လျှပ်စစ်ဓါတ်အားပမာဏဟာ မြန်မာနိုင်ငံလိုပဲ လျှပ်စစ်မီး မလုံမလောက်ဖြစ်နေတဲ့ ပါကစ္စတန်တနိုင်ငံလုံး လက်ရှိထုတ်လွှတ်နေတဲ့ ဓါတ်အားပမာဏလောက် ရရှိမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ တရုတ်က အဓိကလုပ်ကွင်းလုပ်ကွက်တွေ ရယူထားနိုင်ပေ မယ့် မြန်မာပြည်သူတွေ အမှန်တကယ် အကျိုးခံစားရတယ်ဆိုတဲ့ ရင်းနှီးမြုပ်နှံမှုမျိုး မရှိသလောက်ဖြစ်ပါ တယ်။

မြန်မာအစိုးရအရေး အမေရိကန်အစိုးရ၊ အမေရိကန်ကွန်ဂရက်နဲ့ ပေါ်လစီရေးဆွဲသူများထံ နားပေါက်အောင် လှော်ပေးဖို့ Podesta Group ကို ငှားလိုက်တာနဲ့ပတ်သက်လို့ အကောင်းဘက် က မြင်ကြည့်ရမယ်ဆိုရင်တော့ အစိုရလူကြီးမင်းများအနေနဲ့ တရုတ်အစိုးရကို အားကိုးနေရတာ အလုပ်မဖြစ် တော့ဘူးဆိုတာ သိမြင်လာခြင်း၊ မြန်မာနိုင်ငံအပေါ်သက်ရောက်နေတဲ့ တရုတ်-အမေရိကန် အားပြိုင်မှုရဲ့ တဖက်စောင်းနင်းဖြစ်နေတဲ့ချိန်ခွင်လျာကို ထိန်းညှိဖို့ စတင်ခြေလှမ်းပြင်ခြင်းဖြစ်တယ်လို့ ရှုမြင်ရမှာ ဖြစ်ပါတယ်။ စိုးရိမ်စရာအနေနဲ့ကတော့ နိုင်ငံရေးသမားတွေ၊ လူ့အခွင့်အရေးတက်ကြွ လှုပ်ရှားသူတွေနဲ့ စာနယ်ဇင်းသမားတွေကို ဖိနှိပ် ဖမ်းဆီးမှုတွေလုပ်တဲ့ အဇာဘိုင်ဂျန်လိုနိုင်ငံကလည်း Podesta Group ကို ၁ လ ဒေါ်လာ ၆ သောင်းပေးပြီး ငှားရမ်းထားတယ်ဆိုတဲ့ အချက်ပဲဖြစ်ပါတယ်။

ဥက္ကာဦး
News Watch(စောင့်ကြည့်သတင်းဂျာနယ်)



 

No comments:

Post a Comment

My Blog List