Thursday, April 23, 2015

မင်းအုပ်စိုးအမှု လိုပြသက်သေအဖြစ် သရပါမဂ္ဂဇင်းတိုက် ဝန်ထမ်းတစ်ဦးကို စစ်ဆေး ရဲစခန်းတွင် ထွက်ဆိုချက်များနှင့် အနည်းငယ် ကွဲလွဲနေ


လူသတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် သရုပ်ဆောင်၊ ဒါရိုက်တာ မင်းအုပ်စိုး ၏ အမှုအတွက် ၇ ကြိမ်မြောက် ရုံးထုတ်စစ်ဆေးရာ တရားလိုပြသက်သေ တစ်ဦးဖြစ်သည့် သရပါမဂ္ဂဇင်းတိုက်မှ အမျိုးသမီး ဝန်ထမ်းတစ်ဦးကို ဧပြီ ၂၂ ရက်၊ နံနက်ပိုင်းက အနောက်ပိုင်းခရိုင်တရားရုံး၊ တွဲဖက်ခရိုင်တရားသူကြီး (၃) က စစ်ဆေးခဲ့သည်။
အခင်းဖြစ်ပွားသည့် ညက သရပါမဂ္ဂဇင်းတိုက်တွင် ရှိနေသည့် ဝန်ထမ်း တစ်ဦးဖြစ်သည့် မထက်ထက်လှိုင် ကို စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ထိုသို့ စစ်ဆေးခဲ့ရာ တရားလိုပြသက်သေ၏ ဗဟန်းမြို့မရဲစခန်းတွင် ကနဦး ထွက်ဆိုထားသည့် ထွက်ဆို ချက်များနှင့် ယခုတရားရုံးရှေ့ ထွက်ဆိုချက်များ ကွဲလွဲမှုများ ရှိခဲ့သည်။

ဖြစ်စဉ်ကို ထွက်ဆိုရာတွင် ရဲစခန်း၌ ထွက်ဆိုချက်နှင့် အနည်းငယ် ကွဲလွဲနေပြီး ယင်းကို ဥပဒေ အရာရှိ က မေးခွန်းထုတ်ရာ၌ ပထမအကြိမ်တွင် သွေးပူနေသောကြောင့် အနည်းငယ် မှားယွင်းမှုများ ရှိခဲ့သည်ဟု ဆိုခဲ့သည်။

အမှုဖြစ်စဉ်မှာ ပြီးခဲ့သည့် ၂၀၁၄၊ ဒီဇင်ဘာ ၂၅ ရက်၊ နံနက် ၂ နာရီခွဲဝန်းကျင်က ဗဟန်းမြို့နယ်၊ ဗိုလ်ချိုရပ် ကွက်၊ ဖိုးစိန်လမ်းတွင်ရှိသည့် သရုပ်ဆောင် မင်းအုပ်စိုး၏ နေအိမ်တွင် သရပါမဂ္ဂဇင်းအယ်ဒီတာ မနုနုရင် (ခ) တေးနုရင်ကို လူမှုရေးကိစ္စ မေးမြန်းရာမှ မေးမရသဖြင့် မင်းအုပ်စိုးက ထိုးကြိတ် ရိုက်နှက်ခဲ့ရာမှ မနုနု ရင် သေဆုံးခဲ့၍ဟုဆိုကာ ဗဟန်းမြို့မရဲစခန်း ရဲအရာခံ လင်းထွဋ်က တရားလိုပြု တိုင်တန်းခဲ့ခြင်း ဖြစ်သည်။

မနုနုရင် (ခ) တေးနုရင်သည် သရပါမဂ္ဂဇင်းတွင် တာဝန်ထမ်းဆောင်နေ သည်မှာ ၇ နှစ်ဝန်းကျင် ရှိနေ ပြီ ဖြစ်ပြီး ၎င်းအလုပ်လုပ်သည့် သရပါမဂ္ဂဇင်း တိုက်သည် မင်းအုပ်စိုး၏ နေအိမ်ခြံဝင်းအတွင်းရှိကာ မဂ္ဂဇင်း ဖောင်ပိတ် သည့် ရက်များတွင် တိုက်၌ပင် ညအိပ်လေ့ရှိသူတစ်ဦး ဖြစ်သည်။

အဆိုပါအမှုကို ဗဟန်းမြို့မရဲစခန်းက (ပ) ၅၁၄/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး အနောက်ပိုင်း ခရိုင်တရားရုံး၊ တွဲဖက် ခရိုင်တရားသူကြီးက ပြစ် မှုကြီးပုဒ်မ ၇/၂၀၁၅ ဖြင့် လက်ခံစစ်ဆေးနေခြင်းဖြစ်ကာ လာမည့်ဧပြီ ၂၉ ရက်တွင် တရားလိုပြ သက်သေ တစ်ဦးကို ထပ်မံစစ်ဆေးသွားမည် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List