Thursday, April 23, 2015

လူမျိုးခြားမုန်းတီးရေး ဝါဒများ၏အကြမ်းဖက်တိုက်ခိုက်မှုများကို တောင်အာ ဖရိက စစ်တပ် ဝင်ရောက်နှိမ်နင်း


တောင်အာဖရိကနိုင်ငံ ဂျိုဟန်ဆန်ဘတ်မြို့တွင် ဖြစ်ပေါ်နေသော ရွှေ့ပြောင်း အခြေချသူ လူမျိုးခြားများ အပေါ် အကြမ်းဖက်တိုက်ခိုက်မှုများကို ထိန်းသိမ်း ကာကွယ်ရန် တောင်အာဖရိကစစ်တပ်က တပ်ဖွဲ့ဝင် များစွာ ဖြန့်ကြက် လိုက်ပြီ ဖြစ်ကြောင်း အစိုးရက သတင်းထုတ်ပြန်သည်။
CNN သတင်းဌာန၏ ထုတ်လွှင့်တင်ဆက်မှုများအရ ဂျိုဟန်ဆန်ဘတ်မြို့ ရှိ ရွှေ့ပြောင်းအခြေချသူ များ နေထိုင်ရာ ဒုက္ခသည်စခန်းများကို လူမျိုးခြားမုန်းတီးရေး ဝါဒီများက အကြမ်းဖက်တိုက်ခိုက်မှုများ အဆက်မပြတ် ပြုလုပ်ခဲ့သောကြောင့် နောက်ဆုံးတွင် အစိုးရက စစ်တပ်အင်အားဖြင့် ကာကွယ်ရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။

တောင်အာဖရိက ကာကွယ်ရေးဝန်ကြီး နိုဗီဝီမတ်စီပါနာကူလာက ရဲတပ်ဖွဲ့ဝင်များ ထိန်းသိမ်းနိုင်မှု အားနည်းသော နယ်မြေများ၌ တပ်ဖွဲ့ဝင်များ ဖြန့်ထားမည်ဟု ကြေညာသည်။

“ယခုလို စစ်တပ်က ဝင်ရောက်ဖြေရှင်းပေးတာဟာ ရဲတပ်ဖွဲ့ရဲ့ ကြိုးပမ်း ချက်တွေကို စွက်ဖက်တာ မဟုတ် ပါဘူး။ သူတို့အနေနဲ့ အကူအညီ လိုအပ်နေတဲ့အတွက် ကျွန်တော်တို့ ဝင်လာရတာပါ” ဟု ၎င်းက တိုက် ခိုက်ခံရသည့် စခန်းများကို သွားရောက်စစ်ဆေးပြီးနောက် ပြောကြား သည်။

အဆိုပါမြို့တွင် မျိုးချစ်ဝါဒီဟု အမည်ခံထားသော အင်အားစုများက လူမျိုးခြားများ (အခြားအာဖရိကနိုင်ငံမှ ဝင်ရောက်အခြေချသူများ) နေထိုင်ရာ အိမ်များ၊ ယာယီစခန်းများနှင့် ဈေးဆိုင်များကို ဝင်ရောက်ဖျက်ဆီးလျက် ရှိသည်။

အဆိုပါ တိုက်ခိုက်မှုများကြောင့် ရွှေ့ပြောင်းအခြေချသူ လူမျိုးခြားခုနစ်ဦး သေဆုံးသွားရကြောင်း အာဏာပိုင် များက ဆိုသည်။

တိုက်ခိုက်မှုများအများဆုံး ဖြစ်ပေါ်နေသည်မှာ ဒါဘန်မြို့တွင်ဖြစ်ပြီး နိုင်ငံခြားသားနှစ်ဦးနှင့် တောင်အာဖရိက လူမျိုး သုံးဦးတို့ သေဆုံးခဲ့ရသည်ဟု ၎င်းတို့က ပြောကြားသည်။

ဒါဘန်မြို့တွင် ဒေါသထွက်နေသည့် လူအုပ်ကြီးက လူမျိုးခြားများ ပိုင်ဆိုင်သည့် ဈေးဆိုင်များနှင့် နေအိမ်များ ကို ဖျက်ဆီးခဲ့ကြရာ လက်ရှိအနေအထားတွင် လူထောင်ပေါင်းများစွာ ယာယီဒုက္ခသည်စခန်းများ၌ အခြေချနေထိုင်လျက် ရှိသည်ဟု အန်ဂျီအိုအဖွဲ့တစ်ခု ဖြစ်သော Gift of the Givers က ဆိုသည်။

ထိုသို့ လူမျိုးခြားမုန်းတီးရေး ဝါဒီများ၏ အကြမ်းဖက်တိုက်ခိုက်မှုများကို အဆုံးသတ်အောင် ကြိုးပမ်းသွား မည်ဟု တောင်အာဖရိကသမ္မတ ရက်ကော့ဇူးမားက မကြာသေးခင် ရက်ပိုင်းအတွင်း ကတိပေးပြောဆိုခဲ့ သည်။

The Voice Weekly

No comments:

Post a Comment

My Blog List