Wednesday, April 22, 2015

“၀” နယ်တွင် ကျင်းပမည့် တိုင်းရင်းသား ညီလာခံ ရလဒ်ကောင်းနိုင်မလား


ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ၏ ထိပ်သီးညီလာခံ တခု အား “၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော်(UWSA) နယ်မြေ၌ ကျင်းပမည် ဖြစ်ပြီး တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာများကို အဓိက ဆွေးနွေးကြမည်ဟု တိုင်းရင်းသား ခေါင်းဆောင်များက ပြော သည်။
ထိုညီလာခံကို ၂၀၁၅ ခုနှစ် မေလ ၁ ရက်မှ ၃ ရက် အထိ UWSA ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့၌ ကျင်းပ မည် ဖြစ်ကြောင်းနှင့် ညီလာခံ တက်ရောက်ရန် လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ကို ဖိတ်ကြားထားကြောင်း UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ပြော သည်။ ထို ၁၂ ဖွဲ့တွင် UWSA လည်း ပါဝင်သည်။

ညီလာခံတွင် လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး ပြဿနာများနှင့်ပတ်သက်ပြီး အမြင်ဖလှယ်ခြင်းများ၊ လက်ရှိ ဖြစ်ပွားနေသည့် ပြည် တွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ မိမိတို့၏ သဘောထား အမြင်နှင့် သုံးသပ်ချက်များကို ညီလာခံ၌ ဆွေးနွေးခြင်းများ ပြုလုပ် မည်ဟု သိရသည်။

ထို့အတူ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး၏ လိုလားချက်ဖြစ်သော တနိုင်ငံလုံး ငြိမ်းချမ်းရေး အတွက် ဆွေးနွေး အဖြေရှာနိုင်ရန်နှင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်(NCA) ပါ အချက်များ ကို ဆွေးနွေးကြရန် UWSA အဖွဲ့က စီစဉ်ထားသည်ဟု ဦးအောင်မြင့်က ပြောသည်။

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) ခေါင်းဆောင် နိုင်ဟံသာကလည်း ၎င်းတို့ အနေဖြင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား မကြာသေးခင်က သဘောတူ ထားသည့် NCA မူကြမ်းပါ အချက်များကို အဓိက ဆွေးနွေးကြမည်ဖြစ်ကြောင်း ပြောပြသည်။

NCCT တွင် ပါဝင်သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ပေါင်း ၁၆ ဖွဲ့ရှိပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အားလုံးပေါင်း ၂၀ ကျော် ရှိကြောင်း၊ NCCT တွင်ပါဝင်သော တိုင်းရင်းသား အဖွဲ့များသည် အစိုးရနှင့် NCA စာချုပ်မူကြမ်း ရရှိထားပြီး ထိုအဖွဲ့များနှင့်သာ လက်မှတ်ရေးထိုးရန် ရှိကြောင်း သိရသည်။

NCA မူကြမ်းကို NCCT အဖွဲ့၌ မပါသည့် တိုင်းရင်းသား ခေါင်းဆောင် အားလုံးက မသိရှိကြသေးကြောင်း၊ ထို့ကြောင့် ညီလာခံ၌ NCA မူကြမ်းပါ အကြောင်းအရာများကို အသေးစိတ်ရှင်းလင်းတင်ပြမည် ဖြစ် ပြီး ခေါင်းဆောင် များ၏ သဘောထားများကိုပါ ရယူ မည်ဟု နိုင်ဟံသာက ဆက်ပြောသည်။

“NCA မူကြမ်းကို ရှင်းပြမယ်၊ ပြီးရင် ခေါင်းဆောင်တွေရဲ့ သဘောထားကို ရယူမယ်၊ တကယ် လို့ ခေါင်းဆောင်တွေရဲ့ သဘောထား ဟာ NCA ပါ အချက်တွေနဲ့ ကွဲလွဲနေတာ ရှိရင်တော့ အစိုးရနဲ့ ပြန် ညှိရဦးမှာပေါ့၊ အချက်တွေ အားလုံးကို နှစ်ဘက်စလုံးက သဘော တူပြီ ဆိုရင်တော့ NCA လက်မှတ် ထိုးနိုင်တော့မှာပေါ့”ဟုလည်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ ကူကီး အမျိုးသား အစည်းအရုံး မြန်မာပြည် (KNO-B)၊ အမျိုးသား ဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော် (NDAA) ၊“၀” ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၊ နာဂအမျိုးသား ဆိုရှယ်လစ် ကောင်စီ (NSCN-K) အဖွဲ့များ NCCT တွင် ပါဝင်ခြင်း မရှိပေ။

သို့သော် NCA လက်မှတ် ရေးထိုးနိုင်မည့် အချိန်ကို ခန့်မှန်းရ ခက်နေသေးကြောင်း၊ ထိုသို့ဖြစ်ရခြင်းသည် လက်ရှိတွင် အစိုးရ တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကြား တိုက်ပွဲများ ဆက်လက် ဖြစ် ပွားနေခြင်းကြောင့် ဖြစ်ကြောင်း နိုင်ဟံသာက ဆက် လက် ပြောဆိုသည်။

“၀” နယ်မြေ၌ ကျင်းပမည့် တိုင်းရင်းသားညီလာခံသည် ယခင်ကျင်းပခဲ့သည့် လိုင်ဇာ၊ လော်ခီးလာ ညီလာ ခံတို့နှင့်မတူဘဲ ပွင့်လင်း မြင်သာမှု အားနည်းကြောင်း၊ ဖိတ်ကြားမည့် အဖွဲ့အစည်းများနှင့် တက်ရောက် မည့် ခေါင်းဆောင်များကို ကန့်သတ်မှုများ ရှိနေပြီး ဆွေးနွေးမည့် အကြောင်းအရာများနှင့် ပတ်သက်၍လည်း တက်ရောက်မည့် ပုဂ္ဂိုလ်များကို ကြိုတင်ရှင်းလင်းမှု မရှိကြောင်း ဖိတ်ကြား ခံထားရသည့် တိုင်းရင်း သား ခေါင်းဆောင်များက ပြောသည်။

တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် တချို့က ၎င်းတို့ UNFC အဖွဲ့အနေဖြင့် ညီလာခံ၌ ဆွေးနွေးမည့် အကြောင်းအရာများကို တိတိကျကျ မသိရသေးကြောင်း ပြောဆိုကြသည်။

UWSA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့်က ၎င်းတို့နယ်မြေ၌ ကျင်းပမည့် ညီလာခံသည် တနိုင်ငံလုံး ငြိမ်းချမ်းရေး ဆိုင်ရာများကို ဆွေးနွေးကြမည်ဖြစ်ပြီး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ဆွေးနွေးမှုထက် ပိုမို ကျယ်ပြန့် လေးနက်ကြောင်း၊ အဖွဲ့ ၁၂ ဖွဲ့ ကို ဖိတ်ကြားထားသော်လည်း အပြောင်းအလဲများ ရှိ လာနိုင်သေးကြောင်း၊ မကြာမီ အသေးစိတ်ကို ထုတ်ပြန် ပေးသွားမည် ဖြစ်ကြောင်း ပြော သည်။

“၀” နယ်မြေ၌ ကျင်းပမည့် ညီလာခံသည် လိုင်ဇာ ညီလာခံ၊ လော်ခီးလာ ညီလာခံတို့နှင့်မတူဘဲ အပစ် အခတ် ရပ်စဲရေးအပြင် တနိုင်ငံ လုံး ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးမည် ဖြစ်သဖြင့် ပိုမိုလေးနက်သည်ဟု ဦးအောင်မြင့်က ဆိုသည်။

“၀” ဒေသ၌ ကျင်းပမည့် ယခုအစည်းအဝေးသည် ယခင်တိုင်းရင်းသား အဖွဲ့ပေါင်းစုံ ပါဝင်သည့် ညီလာခံ မဟုတ်ပေ။ တိုင်းရင်း သား ပေါင်းစုံ ပါဝင် ဆွေးနွေးခွင့် မရှိသည့် အတွက် လိုင်ဇာ ၊ လော်ခီးလာ ကဲ့ သို့သော အဖွဲ့ပေါင်းစုံ ပါဝင်သည့် ညီလာခံ တခုကို မေလ အတွင်း ထပ်မံ ခေါ်ယူမည်ဟုလည်း NCCT ခေါင်းဆောင်များက ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ထိပ်သီးညီလာခံကို လက်ခံကျင်းပမည့် UWSA သည် ယခင်ကျင်း ပခဲ့သည့် တိုင်းရင်းသား ညီလာခံများသို့ တက်ရောက် ဆွေးနွေးမှု မရှိခဲ့သည့် အဖွဲ့လည်း ဖြစ်သည်။

ယခုကျင်းပမည့် တိုင်းရင်းသား ညီလာခံသို့ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(MNDAA) ကိုးကန့် အဖွဲ့နှင့် ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့ကိုလည်း ဖိတ်ကြားထားရာ ကိုးကန့် အဖွဲ့ တက်ရောက် မည်ကို ကန့်ကွက်မှုများ ရှိနေကြောင်းလည်း သိရသည်။

လက်ရှိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေခြင်းနှင့် ပတ်သက်၍လည်း ညီလာခံ၌ ဆွေးနွေးသွားကြ မည် ဖြစ်ကြောင်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောသည်။

“၀”ဒေသ၌ ကျင်းပမည့် ညီလာခံ၌ NCA မူကြမ်းပါ အချက်များကို တိုင်းရင်းသားအဖွဲ့ ခေါင်းဆောင်များ အားလုံးက သဘောတူညီမှု ရရှိပါက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်အား လာမည့် မေလ အတွင်း လက်မှတ် ရေးထိုးနိုင်ဖွယ် ရှိကြောင်း လေ့လာ စောင့်ကြည့်သူများက သုံးသပ်ပြောဆိုသည်။

နိုင်ငံတော် အစိုးရက NCA မူကြမ်း ထောက်ခံပွဲများကို နိုင်ငံတ၀န်း၌ဆောင် ရွက်ရန် သက်ဆိုင်ရာ အာဏာပိုင်များကို ညွှန်ကြား ထား ကြောင်း၊ ကျေး ရွာတိုင်း၌ ထောက်ခံပွဲများ ပြုလုပ်ရန် စီစဉ်နေပြီး မလိုက်မနေရ ဖိအားပေး မှုများ ရှိနေကြောင်း လူမှုကွန်ရက် စာမျက်နှာများ၌ ရေးသားနေကြသည်ကို လည်း တွေ့ရသည်။

အလားတူ အစိုးရပိုင် မီဒီယာများကလည်း NCA မူကြမ်းကို နိုင်ငံတ၀န်း၌ ထောက်ခံနေကြကြောင်း ရေး သားဖော်ပြနေသည်။ အမှန်တကယ်တွင်မူ ပြည်သူများက NCA စာချုပ် မူကြမ်း၌ မည်သည့် အကြောင်း အရာများ ပါဝင်သည် ဆိုသည်ကို မသိရှိကြဟု ပြောဆိုကြသည်။

အစိုးရက NCA ထောက်ခံပွဲများကို နိုင်ငံတ၀န်း၌ ကျင်းပရန် ဆောင်ရွက်နေခြင်းအပေါ် နိုင်ဟံသာက “ထောက်ခံပွဲတွေ လုပ်နေတာ ဟာ NCA အောင်မြင်သွားပြီ ဆိုတာကို ပြည်သူတွေသိအောင် ပြချင်တာ
လည်း ဖြစ်မယ်၊ နောက်တခုက အဲဒီမူကြမ်းပါ အချက်တွေကိုပဲ အတည်ယူပြီး စာချုပ် လက်မှတ်ထိုး မယ် ဆိုတဲ့ သဘောလည်း ပါမယ်”ဟု ပြောဆိုသည်။

အကယ်၍ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ်ရေးထိုးနိုင်သည်အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါက ထိုစာချုပ်သည် အရေးပါသည့် စာချုပ်တခု ဖြစ်လာမည် မဟုတ်ကြောင်းလည်း တိုင်းရင်းသား ခေါင်းဆောင်များက ပြောဆိုထား သည်။

အစိုးရနှင့် တပ်မတော်က တဘက်တွင် ငြိမ်းချမ်းရေး စကားဝိုင်းများ ဆောင်ရွက်နေပြီး တခြားတဘက်တွင် တိုက်ပွဲများ ဆက်လက် ဆင်နွဲနေခြင်းကြောင့် အစိုးရ၏ NCA အပေါ် သဘောထားကို တိုင်းရင်း သားခေါင်းဆောင် အများစုက သံသယရှိဆဲ ဖြစ်ကြောင်း လည်း ပြောဆိုနေကြသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List