Wednesday, April 22, 2015

သမ္မတလောင်း ဟီလာရီကလင်တန်နှင့် စောင့်ကြည့်ရမည့် မြန်မာ-အမေရိကန် ဆက်ဆံရေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းနှင့် သမ္မတကတော်ဟောင်း ဟီလာရီကလင်တန်က ၂၀၁၆ အမေရိ ကန်သမ္မတရွေးကောက်ပွဲဝင်မည်ဟု ကြေညာလိုက်ပြီဖြစ်သည်။ ဟီလာရီကလင်တန်မှာ မြန်မာပြည်သူ များနှင့် စိမ်းသည့်သူမဟုတ်ပါ။ နှစ်ပေါင်းနှစ်ဆယ်ကြာ ပျက်ပြားခဲ့သော မြန်မာ- အမေရိကန် နှစ်နိုင်ငံ ဆက် ဆံရေးကို ပြန်လည်ကောင်းမွန်စေရန် မြန်မာအပေါ် ပိတ်ဆို့အရေးယူဒဏ်ခတ်မှုတစ်ခုတည်း ကျင့်သုံးသည့် အမေရိကန်အစိုးရမူဝါဒအပြောင်းအလဲ ဖြစ်စေရန် ဦးဆောင်ကြိုးပမ်းခဲ့သူမှာဟီလာရီကလင်တန် ဖြစ်သည်။
ထို့ပြင် မြန်မာနိုင်ငံသို့ နှစ်ပေါင်းငါးဆယ်ကျော်အတွင်း ပထမဆုံးအကြိမ် လာရောက်ခဲ့သည့် အမေရိကန်နိုင် ငံခြားရေးဝန်ကြီးလည်းဖြစ်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေးရင်းနှီး ကျွမ်းဝင်မှုတို့ကြောင့် မြန်မာပြည်သူများအကြား ဟီလာရီကလင်တန်ကို ရင်းနှီးကျွမ်းဝင်ပြီးဖြစ်သည်။

သမ္မတရွေးပွဲတစ်ကြိမ် ရှုံးနိမ့်ထားသော်လည်း မြန်မာ−အမေရိကန်ဆက်ဆံရေးကို ထုဆစ်ပုံဖော်ခဲ့ သည့် ဟီလာရီသာ အမေရိကန်သမ္မတအဖြစ် ၂၀၁၆ တွင် ရွေးကောက်ခံရပါက မြန်မာ− အမေရိကန် နှစ်နိုင် ငံဆက်ဆံရေး ယခုထက်ပို၍ လျင်မြန်သွက်လက်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်အတွက်လည်း အရေး ပါမည့် နိုင်ငံရေးမဟာမိတ်ကောင်းတစ်ဦး ဖြစ်လာမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူတို့က ပြော ဆိုနေကြပြီ ဖြစ်သည်။

ထို့အပြင် အမေရိကန်ပြည်ထောင်စုတွင် အမျိုးသမီးများအပေါ် သြဇာကြီးမားသူဖြစ်ပြီး အမျိုးသမီးအရေးလှုပ် ရှားသူလည်းဖြစ်သော ဟီလာရီသာ သမ္မတဖြစ်လာပါက မြန်မာ့နိုင်ငံရေးနှင့် အရပ်ဘက်အဖွဲ့အစည်းများ တွင် အမျိုးသမီးများ ပိုမိုပါဝင်ရေးအတွက် ရေရှည်အကူအညီများ ပိုမိုပေးလာဖွယ်ရှိကြောင်းလည်းသုံးသပ် ကြသည်။

‘‘ဟီလာရီကလင်တန်က မြန်မာအပေါ်အိုဘားမားထက်တောင် ကောင်းကောင်းနားလည်တယ်။ ထက်မြက် တဲ့ မိန်းမတစ်ယောက်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း အိုဘားမားထက်စာရင် ပိုပြီးအလွမ်းသင့် တယ်။ သူဟာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှုတွေမှာ သူ့ဘ၀ တစ်လျှောက်လုံး မြှုပ်နှံထားသူဖြစ်တယ်။ အတွေ့အကြုံလည်း အင်မတန်များပြားရင့်ကျက်တဲ့သူ ဖြစ်တယ်။ ဒါကြောင့် အန်တီတို့နိုင်ငံရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အားကိုးအားထားပြုနိုင်တဲ့ ကန်သမ္မ တလောင်းအဖြစ် အန်တီကတော့ သူ့ကိုထောက်ခံကြိုဆိုတယ်။ သူသာကန်သမ္မတဖြစ်လာရင် နှစ်နိုင်ငံ ဆက်ဆံရေး ဒီထက်ပိုကောင်းမယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ အမျိုးသမီးအခွင့် အရေးလှုပ်ရှားသူ ဒေါက်တာညိုညိုသင်းက ပြောသည်။

ဟီလာရီကလင်တန်သည် အမေရိကန်၏ ၄၂ ဦးမြောက် သမ္မတဘီလ်ကလင်တန်၏ ဇနီးဖြစ်ပြီး သမ္မတ ကတော်ဘ၀၊ အမေရိကန်နိုင်ငံ၏ ပထမဆုံးအမျိုးသမီးနိုင်ငံခြားရေးဝန်ကြီးဘ၀၊ အမေရိကန် လွှတ်တော် အမတ်ဘ၀ဖြင့် နိုင်ငံရေးလောကတွင် နှစ်ပေါင်း ၂၀ ကျော်ကြာ ကျင်လည်ခဲ့သူ ဖြစ်သည်။

ထို့ပြင် ဟီလာရီကလင်တန်သည် အမေရိကန်တွင် သြဇာကြီးမားသည့် အမျိုးသမီးဖြစ်ပြီး မြန်မာ့ဒီမိုကရေ စီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ခင်မင်ရင်းနှီးသည့် ပုဂ္ဂိုလ်ရေးဆက်ဆံမှုရှိသည်။ သူသာ သမ္မတဖြစ်လာပါက ဒေါ်အောင်ဆန်းစုကြည်အတွက် အားထားရမည့် မဟာမိတ်ကောင်းတစ်ဦးရရှိမည်ဟု ယုံကြည်ကြောင်း ယနေ့ခေတ်မဂ္ဂဇင်းအယ်ဒီတာချုပ် ဦးသက်ဇင်က ပြောသည်။

‘‘သူသာ အမေရိကန်သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရမယ်ဆိုရင် မြန်မာ့ဒီမိုကရေစီရေးအပြောင်း အလဲအတွက် အလားအလာကောင်းတွေ ဖြစ်ထွန်းလာနိုင်ပါမယ်။ အဓိကအားဖြင့် ပြည်သူအများအလို ရှိနေတဲ့ အခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲရေးမှာ အမေရိကန်ဟာ ခုထက် ပိုမိုဖိအားပေးမှုတွေကို ပြုလုပ် လာနိုင်ပါတယ်။ ဒါဟာ မြန်မာ့ဒီမိုကရေစီရေးအတွက် အလားအလာကောင်းလို့ မြင်ပါတယ်’’ဟု ၎င်းကပြော သည်။

ဟီလာရီကလင်တန်သည် မြန်မာအပေါ် Smart Power ဟုခေါ်သည့် မူဝါဒကို ချမှတ်ခဲ့သူဖြစ်သည်။ Soft Power (ပျော့ပျောင်းသည့်မူဝါဒ)နှင့် Hard Power (တင်းမာသည့်မူဝါဒ)လည်း မဟုတ်သည့် မြန်မာစစ်ဗိုလ် ချုပ်ဟောင်းများ ဦးဆောင်သည့် အရပ်သားအစိုးရအဖွဲ့၏ ပြုပြင်ပြောင်းလဲမှုများအပေါ်လိုက်၍ မပျော့ လွန်း၊ မတင်းလွန်း လိုအပ်လျှင် လိုအပ်သလို ပျော့ပျောင်း၍ရ၊ တင်းမာကြည့်လျှင်လည်းရမည့် မူဝါဒတစ်ရပ်ကို အမေရိကန်လွှတ်တော်သို့ တင်သွင်းခဲ့သူဖြစ်ပြီး သူသာ ကန်သမ္မတဖြစ်လာပါက ထိုလမ်းကြောင်း အတိုင်း သာ ဆက်လက်ရှိနေမည်ဖြစ်ကြောင်း နိုင်ငံရေးသိပ္ပံလေ့လာသူ ဦးကျော်လင်းဦးက သုံးသပ်သည်။

‘‘၂၀၁၅ ရွေးကောက်ပွဲအပြီးမှာ အသွင်ကူးပြောင်းရေး ညင်ညင်သာသာ တည်တည်ငြိမ်ငြိမ်နဲ့ အာဏာ လွှဲပြောင်းနိုင်တဲ့ အနေအထားရှိမယ်ဆိုရင် ကလင်တန်လက်ထက်မှာ နှစ်နိုင်ငံဆက်ဆံရေး ပိုကောင်း လာလိမ့်မယ်။ အမေရိကန်ရဲ့ ထုံးစံအတိုင်း လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီရေးကိုပဲ ဦးစားပေးမှာပါ။ သူက အမျိုးသမီးဖြစ်တဲ့အတွက် မြန်မာနိုင်ငံမှာ အမျိုးသမီးတွေရဲ့ ဦးဆောင်မှုနဲ့ အခန်းကဏ္ဍတွေကို အရှိန်အဟုန် ပိုကောင်းအောင် ရေရှည်အကူအညီတွေ ပေးနိုင်မယ်လို့ ထင်ပါတယ်’’ဟု ၎င်းကပြောသည်။

မြန်မာအပေါ် စေ့စပ်ညှိနှိုင်းမှုနှင့် ပိတ်ဆို့မှုနည်းလမ်းနှစ်ခုအနက် တစ်ခုမဟုတ်တစ်ခုကိုသာ သုံးနေခြင်းမှာ မှားယွင်းသော ရွေးချယ်မှုဖြစ်ပြီး ထိုနှစ်ခုစလုံးကို စွဲကိုင်အသုံးပြု၍ မြန်မာ့ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးကို အားပေးကူညီခြင်းမှာ အန္တရာယ်များသော စိန်ခေါ်မှုဖြစ်သော်လည်း အရှေ့တောင်အာရှတွင် အမေရိကန်၏ ပါဝါချိန်ခွင်လျှာညှိနိုင်မည့် ထိုအခွင့်အရေးကို လက်လွှတ်မခံခဲ့ကြောင်း ဟီလာရီကလင်တန်က ၎င်း၏ Hard Choice (ခက်ခဲသော ရွေးချယ်မှု) စာအုပ်တွင် ရေးသားခဲ့သည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာကို မှန်ကန်သော လမ်းကြောင်းပေါ်သို့ရောက်အောင် ကူညီပေး ခဲ့ပါက မြန်မာ့အလားအလာပိုကောင်းလာမည်ဟု ယုံကြည်ပြီး စိန်ခေါ်မှုများကို ကိုင်တွယ်ကျော်လွှားနိုင်ခဲ့ သည်ဟု ဟီလာရီက ရေးသားခဲ့သည်။

အာရှနှင့် ပြန်လည်ပေါင်းစည်းရေး မဟာဗျူဟာကို မြှင့်တင်ခဲ့ခြင်းတွင် ဟီလာရီနှင့်အဖွဲ့က အဓိကကျပြီး အိုဘားမားကလည်း ယုံယုံကြည်ကြည်ထောက်ခံအားပေးခဲ့သည်။ ဟီလာရီသည် သြဇာကြီးမားသည့် အမေရိကန် ဆီနိတ်တာတစ်ယောက်အနေဖြင့် ပြိုင်ဘက် ရီပက်ဘလေကန်ခေါင်းဆောင်များကို လက်ခံ လာအောင် စည်းရုံးနားချနိုင်ခဲ့ခြင်းကြောင့် ဟီလာရီကလင်တန်သာ ကန်သမ္မတအဖြစ် ရွေးကောက်ခံရပါက အမေရိကန်-မြန်မာ နှစ်နိုင်ငံဆက်ဆံရေး ပိုမိုလျင်မြန်လာမည်ဖြစ်ကြောင်း သမ္မတရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောသည်။

‘‘နှစ်နိုင်ငံဆက်ဆံရေးက သေချာပေါက် ပိုကောင်းလာပါလိမ့်မယ်။ ဒီနေရာမှာ ၂၀၁၅ ရွေးကောက်ပွဲတွေ လွတ်လပ်တရားမျှတပြီး အားလုံးပါဝင်နိုင်ဖို့က နှစ်နိုင်ငံဆက်ဆံရေးရဲ့ သော့ချက်ဖြစ်လာပါလိမ့်မယ်။ ဒီရွေးကောက်ပွဲတွေကပဲ ဒီနိုင်ငံအနာဂတ် အမေရိကန်နဲ့ ဆက်ဆံရေးအပါအ၀င် အားလုံးကို ဆုံးဖြတ်ပေး သွားမှာပါ’’ဟု ၎င်းကပြောသည်။

ဟီလာရီသည် မြန်မာ့ပြုပြင်ပြောင်းလဲရေးကာလတွင် နှစ်နိုင်ငံဆက်ဆံရေးကို ဦးစီးပဲ့ကိုင်ခဲ့သူဖြစ်ရာ အားနည်းချက်၊ အားသာချက်၊ လိုအပ်ချက်နှင့် ပြုပြင် ရမည့်အချက်များကို ကျေကျေညက်ညက်သိထား သည့် ခေါင်းဆောင်တစ်ဦးအနေဖြင့် သမ္မတအဖြစ် ရွေးကောက်ခံရပါက နှစ်နိုင်ငံဆက်ဆံရေး ပိုကောင်း လာအောင် ပံ့ပိုးပေးနိုင်မည်ဖြစ်သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးညီအစ်မဆက်ဆံရေးပုံစံရှိ၍ သူသာ ကန်သမ္မတဖြစ်လာပါ က မြန်မာ့နိုင်ငံရေးတွင် ဒေါ်အောင်ဆန်း စုကြည်၏ အရေးပါမှုနှင့် အခန်းကဏ္ဍ၊ ကန်အစိုးရအ ဖွဲ့နှင့် ဒေါ်အောင် ဆန်းစုကြည်တို့ကြား ဆက်ဆံရေးပိုအားကောင်းလာမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာ သုံးသပ်သူ ဆောင်းပါးရှင် ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

လက်ရှိ အိုဘားမားအစိုးရကဲ့သို့ အစိုးရချင်းဆက်ဆံရေးထက် ပိုအလုပ်ဖြစ်မည့် ပြည်သူချင်းဆက်ဆံရေးကို ဦးတည်မှသာ အမေရိကန်အစိုးရအပေါ် မြန်မာပြည်သူများ ဆက်လက်ထောက်ခံနေမည်ဖြစ်ကြောင်း ၎င်း ကပြောကြားသည်။

‘‘ဥပမာ ပြည်သူလိုလားချက်ဖြစ်တဲ့ ခြေဥပြင်ရေးတို့၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အပစ်ရပ်ရေးတို့မှာ အာဏာရ ဘက်ကနေ မသိမသာလေး ရပ်တည်နေ တာမျိုးထက် ပြည်သူဘက်က သိသိသာသာရပ်တည်ဖို့တော့လို မယ်။ ဆင်းရဲမွဲတေမှု လျှော့ချရေးဆိုလည်း အစိုးရကို လုံးဝယုံကြည်အပ်နှံ လုပ်ဆောင်စေတာထက် အမေရိ ကန်က စေတနာ့ဝန်ထမ်းတွေ လာကူညီထိတွေ့လုပ်ဆောင်ရင်တော့ အောက်ခြေပြည်သူတွေအတွက် ပိုအသက်ရှူချောင်စေမယ်’’ဟု ၎င်းကပြောသည်။

သို့သော် အမေရိကန်အစိုးရ၏ မူဝါဒမှာ ယခင်လိုပုဂ္ဂိုလ်ရေးကိုအခြေခံသည့် အခြေအနေမဟုတ်တော့သည့် အတွက် အမေရိကန်အနေဖြင့် မြန်မာအပေါ် အကောင်းမမြင်ရန် ဝေဖန်ကြမှုများ ရှိနေသော်လည်း မဟာ ဗျူဟာ သဘောဘက်သို့သာ ပိုမိုယိမ်းယိုင်မည်ဖြစ်ပြီး ဟီလာရီမှာ ဒီမိုကရက်ပါတီ ကဖြစ်၍ မြန်မာကို အစဉ် တစိုက်ပိတ်ဆို့အရေးယူရန် ဦးဆောင်သူများဖြစ် ကြသည့် ရီပက်ဘလေကန်လောက်သဘောထားပြင်းထန် မည်ဟု မယူဆကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူအချို့ကဆိုသည်။

‘‘Real Politic မှာ အဲဒါတွေက သိပ်အရေးမပါပါဘူး။ ဒီမိုကရက်ပါတီက ရီပက်ဘလေကန်တွေလို Agressive မဖြစ်ဘူး။ သူ (ဟီလာရီ)က အမျိုးသမီးအရေးပိုပြီးကြိုးပမ်းမယ့်သဘောရှိတယ်။ မြန်မာ့အရေး ကတော့ ကိုယ်ဘာသာကိုယ် ကြိုးစားရမှာက အဓိကပါ။ အမေရိကန်ဘက်က သံတမန်ရေးဖိအားပေးတာပဲ လုပ်နိုင်မှာပါ’’ဟု နိုင်ငံရေးဆောင်းပါးရှင် ဦးအေးမောင်ကျော်ကပြောသည်။

ဟီလာရီမှာ ဒီမိုကရက်ပါတီမှဖြစ်၍ ပုဂ္ဂိုလ်ရေးအခြေခံသည့် ဆက်ဆံရေးမျိုးသွားမည်မထင်ကြောင်း သမ္မတ ရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးကပြောသည်။

ဟီလာရီသည် လက်ရှိအနေအထားအရ အမေရိကန်ပြည်ထောင်စုတွင် ၎င်းကိုယှဉ်ပြိုင်နိုင်မည့် သမ္မ တလောင်းရှားပါးနေပြီး စစ်တမ်းအချို့အဆိုအရ သူ၏ ဒီမိုကရက်ပါတီတွင်းမှာပင် ပါတီ၏ ထောက်ခံမှု ၈၁ ရာခိုင်နှုန်းရရှိရန် အလားအလာရှိနေကြောင်း သတင်းများက ဖော်ပြကြသည်။ ဟီလာရီသမ္မတရွေးပွဲ ၀င်ရောက်မည်ဟု ကြေညာလိုက်ခြင်းကို အမေရိကန်သတင်းမီဒီယာအချို့က ရီပက်ဘလေကန်ပါတီ၏ အကြီးမားဆုံး အိပ်မက်ဆိုးဟုပင် တင်စားရေးသားသည်အထိ ဟီလာရီမှာ ပထမဆုံးအမျိုးသမီးသမ္မတဖြစ် ရန် ရေပန်းစားနေသည်။

၂၀၀၈ တွင် ဒီမိုကရက်တစ်ပါတီ၏ သမ္မတလောင်းအဖြစ် ပါတီတွင်း ယှဉ်ပြိုင်ရာတွင် လက်ရှိသမ္မတ ဘားရက်အိုဘားမားကို ရှုံးနိမ့်ခဲ့ပြီးနောက် အိုဘားမားက ၎င်း၏အစိုးရအဖွဲ့၌ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ပြန် လည် ခန့်အပ်ခဲ့သည်။ သို့သော် ၂၀၁၂ နှောင်းပိုင်းတွင် ကျန်းမာရေးအခြေ အနေကြောင့် နိုင်ငံခြားရေး ၀န်ကြီးတာဝန်မှ အနားယူခဲ့ပြီးယခုနာ မည်ကျော်နေသည့် Hard Choiceကိုယ်တိုင်ရေးအတ္ထုပ္ပတ္ထိကို ရေး သားခဲ့သည်။

ဟီလာရီနိုင်ငံခြားရေးဝန်ကြီးဘ၀က လစ်ဗျားတွင် ကန်သံအမတ်ကြီးသေဆုံးခဲ့မှုကို အသုံးချ၍ နိုင်ငံရေး အရ တိုက်ခိုက်ရန် ကြိုးပမ်းမှုများရှိသော်လည်း မအောင်မြင်ခဲ့ပေ။ သို့သော်လက်ရှိမြန်မာ့ပြုပြင်ပြောင်း လဲရေး ရပ်တန့်နေသည်၊ နောက်ပြန်လျောကျနေသည်ဆိုသည့် ဝေဖန်ချက်များကို အသုံးပြု၍ ဟီလာရီ
၏ သမ္မတလောင်းမဲဆွယ်စည်းရုံးရေးကာလများတွင် နိုင်ငံရေးပြိုင်ဘက်များက တိုက်ခိုက်လာနိုင်ဖွယ် ရှိကြောင်း ဝေဖန်သုံးသပ်သူအချို့က ထောက်ပြနေသော်လည်း ဟီလာရီမှာ သမ္မတလောင်း မဲဆွယ်စည်း ရုံးရေး ခရီးစဉ်များစတင်ရန် စီစဉ်နေပြီဖြစ်ပါသည်။

ပထမဆုံးလူမည်း သမ္မတအဖြစ် သမ္မတဘားရက်အိုဘားမားကို အမေရိကန်ပြည်သူတို့ ရွေးချယ်အပြီးတွင် ကန်ပြည်သူများအပေါ် သြဇာကြီးမားသော သမ္မတကတော်ဟောင်း ဟီလာရီကလင်တန်မှာ အမေရိ ကန်နိုင်ငံ၏ ပထမဆုံး အမျိုးသမီးသမ္မတဖြစ်လာရန် ရေပန်းစားနေသလို နိုင်ငံရေးစိတ်ဝင်စားသော မြန် မာပြည်သူများကလည်း စောင့်ကြည့်နေသည်။


7Day News Journal

No comments:

Post a Comment

My Blog List