Sunday, April 19, 2015

ဟီလာရီ ကလင်တန်က အမေရိကန်ကို ခေါင်းဆောင်တော့မယ်


အမေရိကန်သမ္မတကတော်၊ အထက်လွှတ်တော်အမတ်နဲ့ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီ ရော့ဒင်းမ် ကလင်တန်က လာမယ့် အမေရိကန် သမ္မတရွေးကောက်ပွဲမှာ သမ္မတ လောင်းအဖြစ် ၀င်အရွေးခံမယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းက ကြေညာလိုက်တာကို ကမ္ဘာ သတင်းမီဒီယာတွေက တခမ်းတနား ဖော်ပြခဲ့ကြပါတယ်။


ပထမဆုံး အမျိုးသမီး အမေရိကန်သမ္မတ တယောက် ဖြစ်လာနိုင်ချေ ရှိတယ်လို့ ခန့်မှန်းတွက်ချက်ကြတဲ့ နိုင် ငံရေး အကဲဖြတ်တွေလည်း အတော်များများ ရှိနေပါတယ်။ တပြိုင်နက်တည်းမှာပဲ သမ္မတ အိုဘားမားရဲ့ တတိယသက်တမ်းလို့ ပြောရမယ့် အနေအထားမျိုးပဲ ဖြစ်လာလိမ့်မယ်လို့ ခန့်မှန်းတွက်ချက်တဲ့သူတွေ လည်း ရှိလာပါတယ်။

ဟီလာရီကလည်း သူ သမ္မတရွေးကောက်ပွဲဝင်မယ်လို့ ကြေညာလိုက်တာနဲ့ တပြိုင်နက်တည်းပဲ သူဟာ အမေရိကန်တွေရဲ့ နေ့စဉ်ဘ၀အတွက် တခြားသူတွေထက် ပိုပြီး ဆောင်ရွက်ပေးနိုင်မယ့် သူတယောက်လို့ ရဲရဲတင်းတင်း ပြောလိုက်တာကို ကြားရပါတယ်။ သူက “အမေရိကန်တွေဟာ သူတို့ရဲ့နေ့စဉ်ဘ၀အတွက် စွမ်းစွမ်းတမံ လုပ်ဆောင်ပေးမယ့် သူရဲကောင်းတယောက် လိုအပ်နေပါတယ်။ ကျမက အဲဒီသူရဲကောင်းဖြစ် ချင်ပါတယ်”လို့ သူရဲ့ ၀က်ဘ်ဆိုက်သစ် စာမျက်နှာမှာ ရေးသားလိုက်ပါတယ်။

သူက သူရဲ့သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရာမှာ စီးပွားရေးတန်းတူညီမျှမှု မရှိမှုကိုအလေးထား တင်ပြ ပြောဆိုဖို့ စီစဉ်ထားပါတယ်။ 

ဒါပေမယ့် သူဟာ ၁၉၉၀ စုနှစ် အစောပိုင်းကာလကတည်းက အမေရိကန် နိုင်ငံမှာလူသိများထင်ရှားလာ ခဲ့သူ အမျိုးသမီးတဦး အနေနဲ့ အကြီးမားဆုံး ရင်ဆိုင်ရမယ့်စိန်ခေါ်မှုကတော့ သာမန်အမေရိကန်မဲဆန္ဒ ရှင်တွေနဲ့ ဆက်ဆံထိတွေ့ရာမှာ တကယ့် လက်တွေ့ သရုပ်မှန်ဘ၀တွေကို နားလည်သိမြင်ပါတယ်ဆို တာ ပြသနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။

သူရဲ့ ဒီမိုကရက်ပါတီထဲက လစ်ဘရယ်တွေကတောင် သူဟာဆယ်စုနှစ်နဲ့ ချီပြီးအမေရိကန်သမ္မတကတော် တယောက်၊ အထက်လွှတ်တော်အမတ် တယောက်နဲ့ နိုင်ငံခြားရေး ၀န်ကြီးတယောက်အဖြစ်နဲ့ ပြည်သူ လူထုနဲ့ ကင်းကွာခဲ့တယ်လို့ ဝေဖန် ထောက်ပြခဲ့ပါတယ်။

ဒါပေမယ့် သူကတော့ “အမေရိကန်တွေဟာ ခက်ခဲကြမ်းတမ်းတဲ့ စီးပွားရေးကာလကိုတန်ပြန်တိုက်ခိုက်လာ ခဲ့ကြတာပါပဲ။ ဒါပေမယ့် အခင်းအကျင်းကတော့ ထိပ်ဆုံးက လူတွေ အတွက်ပဲ ဖြစ်နေတုန်းပါပဲ” လို့ သူက ပြောပါတယ်။ 

သူရဲ့ နိုင်ငံခြားရေးဝန်ကြီး တာဝန်ထမ်းဆောင်မှုနဲ့ ပတ်သက်လို့ ဖလော်ရီဒါ ပြည်နယ်အုပ်ချုပ်ရေးမှူးဟောင်း ဂျက်ဘုရှ့်က “ကျနော်တို့ရဲ့ မဟာမိတ်တွေနဲ့ ဆက်ဆံရေးကို ပျက်ယွင်းစေခဲ့ပြီး ကျနော်တို့ရဲ့ရန်သူတွေကို အရဲကိုးလာစေခဲ့တဲ့ အိုဘာမား-ကလင်တန် နိုင်ငံခြားရေးမူဝါဒထက် ပိုကောင်းအောင်တော့ ကျနော်တို့ လုပ်ရပါလိမ့်မယ်” လို့ ဝေဖန်သုံးသပ်ခဲ့ပါတယ်။

သူ့ရဲ့ ရီပက်ဘလီကန် ကိုယ်စားလှယ်လောင်း စာရင်းတင်သွင်းဖို့ မဲဆွယ်စည်းရုံးရေးကို စတင်ဆောင် ရွက်နေပြီဖြစ်တဲ့ ကင်တက်ကီပြည်နယ် အထက်လွှတ်တော်အမတ် ရန်းပေါလ် ကလည်း ၂၀၁၂ ခုနှစ် လစ်ဗျားနိုင်ငံ  ဘင်ဂါဇီ သံတမန်ဝန်းထဲကို ၀င်ရောက်တိုက်ခိုက်မှုမှာ ဟီလာရီကလင်တန်ရဲ့ ကိုင်တွယ် ညွှန်ကြားခဲ့မှုအပေါ် ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ဟီလာရီကတော့ ဒါဟာ နိုင်ငံရေးဆိုင်ရာ အကျိုးအမြတ်ထုတ်ဖို့ ကြေကွဲစရာ အဖြစ်ပေါ် အကြောင်းပြ အခွင့်ကောင်းယူလိုက်တာပဲလို့ ပြောပြီး အဲဒီ ဝေဖန်ချက်ကို ပယ်ချခဲ့ပါတယ်။ သူ့ရဲ့ဘ၀မှတ်တမ်းမှာတော့ ဒါဟာ “အလွန်ခက်ခဲတဲ့ ရွေးချယ်မှုတွေ”ပါပဲလို့ ရေးသားခဲ့ပါတယ်။

ဒီလိုမျိုး ခက်ခဲတဲ့အခြေအနေတွေနဲ့ ကြုံတွေ့ ရင်ဆိုင်ခဲ့ရ၊ ဆုံးဖြတ်ခဲ့ရတဲ့ အမျိုးသမီးတယောက်ဘ၀ကို ကျနော်တို့က ငါတို့ဆိုရင်ရော ဆိုပြီး နားလည်စာနာ ကြည့်ရင် သူကြုံတွေ့ခဲ့ရတဲ့ ဆုံးဖြတ်ချက် အခက်အခဲ ဟာ တကယ်ကြီးမားတယ်ဆိုတာ သိနိုင်ပါတယ်။

ပြောရရင် ဒီဆောင်းပါးဟာ ဒီလောက်နဲ့ ရပ်လို့ မရအောင်ရှည်လျားတော့မှာမို့ ဟီလာရီ ကလင်တန် မကြာ ခင်ကမှ လုပ်ခဲ့တဲ့ လူထုအကျိုးပြုလုပ်ငန်းလေးကို ပြောပြချင်ပါတယ်။ သူနဲ့ သြစတြေးလျဝန်ကြီးချုပ်ဟောင်း ဂျူလီယာ ဂျီးလတ် (ဂီးလတ်လို့လည်း တချို့ခေါ်) တို့က ကမ္ဘာတ၀ှမ်း ပညာရေးအတွက် ကလင်တန် ကမ္ဘာ့လွှမ်းခြုံပညာရေး အဦးအစလုပ်ငန်းကြီးကကို ဘရုကလင်းက (CHARGE) လို့ ခေါ်တဲ့ (The Collaborative for Harnessing Ambition and Resources for Girls Education) မှာ ထုတ်ဖော် ကြေ ညာခဲ့ပါတယ်။

အဲဒီအဖွဲ့ကြီးထဲမှာ အမေရိကန်ပြည်ထောင်စုနဲ့ တခြားပုဂ္ဂလိကတွေက ဒေါ်လာ သန်း ၆၀၀ ရင်းနှီး စိုက် ထုတ်ပြီး နောက်၅ နှစ်အတွင်း မိန်းကလေးငယ် ၁၄ သန်းကို ပညာသင်ကြားပေး ဖို့ လုပ်ဆောင်ကြမှာပါ။ ဂျီးလတ်က တိုင်းမ်မဂ္ဂဇင်းကို “အဲဒါကို ဦးတည်ရတာက တကယ် အစွမ်းထက်လို့ပါ။ ပညာရေးဟာ တကယ် အစွမ်းထက်ပါတယ်။ 

ဒါကြောင့်လည်း တချို့လူတွေက ရပ်ဆိုင်းပစ်ချင်ကြပြီး ကျမတို့ကတော့ အဲဒီပညာရေး ဖြစ်တည်လာအောင် အသည်းအသန် ကြိုးစားနေရတာပါ။” လို့ ပြောကြားခဲ့ပါတယ်။

ခုတော့ ကမ္ဘာ့ခေါင်းဆောင်တွေကမူလတန်းပညာရေးမှာ ယောက်ျားလေးတွေ လိုပဲ မိန်းကလေးတွေ အရေ အတွက်များများ စာရင်းသွင်း ကျောင်းနေလာကြဖို့ အလေးဂရုပြု ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ ကျနော် တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ဟီလာရီကလင်တန်လို အစွမ်းထက်တဲ့ အမျိုးသ မီးခေါင်းဆောင်တယောက်ပါ။ ဒါပေမယ့် သူကတော့ သူ့ရဲ့ အစွမ်းအစကို ပြသခွင့် တိုင်းပြည်ကို ဦးဆောင်ခွင့် မရ နိုင်သေးပါဘူး။ အလွန်အစွမ်းထက်တဲ့ ပညာရေကို မြန်မာနိုင်ငံက ကလေးတွေ သင်ကြား ခွင့် မရအောင် တားဆီးပိတ်ပင်ထားပြီး တိုင်းပြည်နဲ့လူမျိုးကို စစ်ကျွန်ဘ၀က မတက်နိုင်အောင် ဖိနှိပ်အုပ်စိုး ထားဆဲ ဖြစ်ပါတယ်။

အဲဒီအခြေအနေကို လူထုခေါင်းဆောင်နေရာကို ရရှိထားတဲ့ ဒေါ်အောင်ဆန်းစုကြည် လွန်မြောက်နိုင်ပါ့မ လား။ ပြည်သူလူထုရဲ့ ပါဝင်ပူးပေါင်းဆောင်ရွက်မှုကို တောင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ လူထုက အဆင်သင့် ရှိနေပါပြီ စစ်အာဏာရှင်စနစ်ကို အမြစ်က လှန်ပစ်လိုက်ပါလို့ တိုက်တွန်းလိုက် ပါကြောင်း။

DVB

No comments:

Post a Comment

My Blog List