Sunday, April 19, 2015

အစိုးရနှင့် KIO ပဋိပက္ခဖြေရှင်းရေး အဖွဲ့များ တစ်လတစ်ကြိမ် ပြန်တွေ့မည်


လိုင်ဇာရှိ KIA ဗိုလ်လောင်းသင်တန်းကျောင်းကို တပ်မတော်ကလက်နက်ကြီး နှင့် ပစ်ခတ်ပြီးနောက်ပိုင်း ရပ်ဆိုင်းထားသော အစိုးရနှင့် KIO ပဋိပက္ခ ဖြေရှင်းရေး အဖွဲ့များ ဆွေးနွေးပွဲကို တစ်လတစ်ကြိမ် ပြန် လည်ပြုလုပ်ရန် သဘောတူညီထားကြောင်း KIO အဖွဲ့မှ ပဋိပက္ခညှိနှိုင်းရေး အဖွဲ့ဝင် ဗိုလ်မှူးကြီးနော်လီ က ပြောသည်။
အဆိုပါ ပဋိပက္ခဖြေရှင်းရေး ဆွေးနွေးပွဲကို လစဉ် ပထမပတ်အတွင်း ပြန်လည်ပြုလုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ပြည်နယ်အဆင့် ပဋိပက္ခညှိနှိုင်းရေး အဖွဲ့က ပုံမှန်ပြန်တွေ့ဖို့ သဘောတူ လိုက်ပြီ။ အစိုးရနဲ့ တပ်မတော် ဘက်က ဆွေးနွေးမယ့် သူတွေက ဖွဲ့စည်းမှုပုံစံ ပြောင်းသွားတယ်။လူထပ်တိုးလာတယ်။ ကေအိုင်အို ဘက် ကတော့ အရင် ဖွဲ့စည်းမှု ပုံစံအတိုင်းပဲ ဆက်ဆွေးနွေးမှာပါ။ ရက်အတိအကျ သတ်မှတ်တွေ့ ဆုံဖို့ ကတော့ နှစ်ဖက်အရင် ညှိနှိုင်းရတာပေါ့” ဟု ဗိုလ်မှူးကြီးနော်လီက ပြောသည်။

ယင်းဆွေးနွေးပွဲတွင် ပဋိပက္ခလျှော့ချရေး၊ စစ်ကြောင်းများ သွားလာရာတွင် တစ်ဖက်နှင့်တစ်ဖက် ကြိုတင် အသိပေးခြင်း၊ နှစ်ဖက်ထိတွေ့မှု ဖြစ်လာပါက ညှိနှိုင်းဖြေရှင်းခြင်း၊ လူသစ်စုဆောင်းခြင်း အပါအဝင် ဆက်ကြေးကောက် ခံခြင်းများကို နှစ်ဖက်အဖွဲ့များမှ ညှိနှိုင်းဖြေရှင်းမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ဆက်သွယ် မေးမြန်းရာတွင်“အရင်တည်းက ပြည် နယ်အစိုးရရော မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရောက ပုံမှန်တွေ့ဆုံမှု လုပ်ဖို့ အမြဲ အကြောင်းကြားပါတယ်။ ဒီကြားထဲ လူချင်းမတွေ့ပေမယ့်လည်း စာနဲ့ အဆက်အသွယ် အမြဲရှိတယ်။ အခု ပုံမှန်ပြန်တွေ့ဖို့ သဘော တူညီခဲ့တယ်” ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မတော် အရာရှိတစ်ဦးက ပြောသည်။

ကချင်ပြည်နယ်အတွင်း ပဋိပက္ခ လျှော့ချရေးအတွက် ဖွဲ့စည်းထားသော ပြည်နယ်အဆင့် ပဋိပက္ခညှိနှိုင်းရေး အဖွဲ့သည် ၂၀၁၄ နိုဝင်ဘာလတွင်း ဖြစ်ပွားခဲ့သော လိုင်ဇာသင်တန်းကျောင်း ပစ်ခတ်မှု နောက်ပိုင်းတွင် ထပ်မံတွေ့ဆုံနိုင်ခြင်း မရှိဘဲ ကေအိုင်အိုခေါင်းဆောင်များနှင့် နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့ တွေ့ဆုံမှုအပြီး ဧပြီလအတွင်းမှသာ ပြန်လည်ပြုလုပ်နိုင်ခြင်း ဖြစ်သည်။

ပြည်နယ်အဆင့် ပဋိပက္ခညှိုနှိုင်းရေး အဖွဲ့ကို ၈ကြိမ်အထိ တွေ့ဆုံထားပြီး ၉ ကြိမ်မြောက်တွေ့ဆုံမှုမှ စတင် ကာရပ်ဆိုင်းထားခြင်း ဖြစ်ကြောင်း နှစ်ဖက် အဖွဲ့အစည်းများထံမှ သိရသည်။ ၁၀ ကြိမ်မြောက် တွေ့ ဆုံဆွေးနွေးမှုကို လာမည့် မေလ ပထမပတ်တွင် ပြုလုပ်ရန်ရှိကြောင်း သိရသည်။

The Voice Weekly

No comments:

Post a Comment

My Blog List