Friday, April 24, 2015

ခြောက်ပွင့်ဆိုင် တိုင်းရင်းသားကိုယ်စားလှယ် ဒေါက်တာအေးမောင် နိုင်ငံရေး ပါတီ ၂၁ ပါတီကို ကိုယ်စားမပြုဟု NBF ထုတ်ပြန်


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲသို့ တိုင်းရင်းသားကိုယ်စားလှယ် အဖြစ် ပြည်ထောင်စုလွှတ်တော်က ရွေးချယ်ထားသော ဒေါက်တာအေးမောင်သည် တိုင်းရင်းသား နိုင်ငံရေး ပါတီ ၂၁ ပါတီကို ကိုယ်စားမပြုကြောင်း ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF အဖွဲ့က ထုတ်ပြန် လိုက်သည်။
ဧပြီလ ၁၀ ရက်နေ့တွင် ပြုလုပ်ခဲ့သော နိုင်ငံတော်သမ္မတ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌနှစ်ဦး၊ NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား လွှတ်တော်ကိုယ်စားလှယ်
 ဒေါက်တာအေးမောင်တို့ ပါဝင်သော ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲနှင့် ပတ်သက်ပြီး အထက်ပါအတိုင်း ထုတ်ပြန်ခြင်း ဖြစ်ကြောင်း NBF အဖွဲ့ဝင် ဦးစောသန်းမြင့်က ပြောကြားသည်။

“ကျွန်တော်တို့အနေနဲ့က ဒီခြောက်ပွင့်ဆိုင်ကို ကန့်ကွက်တာမဟုတ်ဘူး။ ပြည်ထောင်စုလွှတ်တော် က ရွေးချယ်ထားတဲ့ တိုင်းရင်းသားကိုယ်စားလှယ်ကို ကန့်ကွက်တာ မဟုတ်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့ NBF အဖွဲ့ထဲက နိုင်ငံရေးပါတီတွေကနေပြီး ရွေးချယ်ထားတာ မဟုတ်ဘူး။ အဲဒီတော့ NBF ကို ကိုယ်စား မပြုဘူးဆိုတာ အားလုံးကို သိစေချင်တာပါ” ဟု ၎င်းက ရှင်းပြသည်။

ယင်းသို့ NBF အဖွဲ့ကို ကိုယ်စားမပြုသော်လည်း ပြည်ထောင်စုလွှတ်တော်မှ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးချယ်ထားမှုကို မည်သည့်အခြားနိုင်ငံရေး အစုအဖွဲ့တစ်ခုခု၏ ဆုံးဖြတ်ချက် က ကျော်လွန်နိုင်ခြင်း ရှိမရှိ မေးခွန်းထုတ်ရမည် ဖြစ်ကြောင်း ဒေါက်တာအေးမောင်က ဆိုသည်။

“ကျွန်တော်ကိုယ်တိုင်လည်း NBFအဖွဲ့ထဲမှာ ပါတာပဲလေ၊ ဒါပေမဲ့ NBF ရဲ့ မူအတိုင်း ခေါင်းဆောင်မှုအတိုင်း လုပ်ရမယ်လို့ မရှိပါဘူး။ ကိုယ်စားပြုမှု ရွေးချယ်ခြင်း ကိစ္စမှာလည်း ဒီမိုကရေစီနည်းကျကျ လုပ်နည်းလုပ်ဟန် NBF ထဲမှာ မရှိဘူး” ဟု ၎င်းကဆိုသည်။

အလားတူ ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲအပြီး ဆွေးနွေးပွဲရလဒ်များကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီကို လာရောက်ရှင်းလင်းခြင်း မရှိကြောင်း အဆိုပါ ပါတီက ဧပြီလ ၂၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲတွင် လွှတ်တော်တွင်း တိုင်းရင်း သား ကိုယ်စားပြုတစ်ဦးအဖြစ် ဒေါက်တာအေးမောင်ကို မဲစနစ်ဖြင့် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။

ညီနောင်တိုင်းရင်းသားများ ဖက်ဒရေးရှင်း NBF ကို လွှတ်တော်တွင်း ရောက်ရှိခြင်း မရှိသေးသော နိုင်ငံရေး ပါတီများ အပါအဝင် တိုင်းရင်းသား နိုင်ငံရေးပါတီ စုစုပေါင်း ၂၁ ပါတီဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List