Wednesday, April 22, 2015

ရခိုင်တွင် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဒုက္ခသည် ရာချီရှိလာ


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း အစိုးရ တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA) တို့ အကြား တိုက်ပွဲများ ရက်ဆက် ဖြစ် ပွားခဲ့ပြီးနောက် ဒေသခံ ၄၅၀ ကျော် စစ်ဘေးလွတ်ရာကို ထွက်ပြေးခိုလှုံ နေ ရကြောင်း သိရသည်။
“တိုက်ပွဲ ဖြစ်နေတဲ့နားက အောင်လံချောင်းရွာကို ၁၉ ရက်နေ့မှာ တပ်မတော်က မီးရှို့လိုက်တော့ အနား မှာရှိတဲ့ ရွာတွေက ကြောက်လန့်ပြီး ထွက်ပြေးလာကြတာ။ သေနတ်သံတွေလည်း ကြားနေရတော့ သူတို့လည်း မနေရဲကြဘူး”ဟု ဒုက္ခသည်များကို သွားရောက် ကူညီပေးနေသည့် ရခိုင်အမျိုးသမီး ကွန်ရက် မှ ဒေါ်ညိုအေးက ဧရာဝတီကို ပြောသည်။

စစ်ဘေး လွတ်ရာသို့ ထွက်ပြေးကြသူများသည် ကျောက်တော်မြို့နယ် အနီးရှိ ပင်လုံ၊ အောင်လံချောင်း၊ ကုလားချောင်းနှင့် ဘင်ချောင်း ကျေးရွာများက ရွာသူ၊ ရွာသားများ ဖြစ်ကြပြီး အမျိုးသမီးများနှင့် ကလေးငယ် အများစု ပါဝင်ကြသည့် ဒုက္ခသည် ၄၅၀ ကျော်က တိုက်ပွဲဖြစ်ပွားရာ နေရာနှင့် အလှမ်းကွာဝေးသည့် စပါးဆိပ် ကျေးရွာက ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ ခတ္တနေ ထိုင် နေကြရကြောင်းလည်း ၎င်းက ဆိုသည်။

စပါးဆိပ် ကျေးရွာရှိ ဒုက္ခသည်များကို ကူညီထောက်ပံ့ရန် ယူဆောင်သွားသည့် ဆန်၊ ဆီ၊ ဆားနှင့် စားနပ် ရိက္ခာများကို တင်ဆောင် လာသည့် ကားများကို လမ်းခရီး၌ အစိုးရ တပ်က တားမြစ်ကြောင်း ဒေါ်ညိုအေး က ဆက်လက် ပြောဆိုသည်။

“ဒုက္ခသည်တွေက ဟိုမှာ ထမင်းနဲ့ ရေပဲ ရှိတော့တယ်။ ကျမတို့ အချိန်မီ ပို့နိုင်ဖို့ သွားတာကို လမ်းမှာ လုံခြုံရေး အကြောင်းပြချက်နဲ့ တပ်က တားလို့ ဒုက္ခသည်တွေဆီကို ရိက္ခာတွေ မပို့နိုင်ဘူး။ ဒါကြောင့် ကျမတို့ ပြည်နယ် အစိုးရနဲ့ တွေ့ဖို့ သွားနေပါတယ်”ဟု ဒေါ်ညိုအေးက ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ နေရာအနီးရှိ ဒေသခံ တဦးကလည်း“ဆိပ်ကမ်းတွေမှာ ခရီးသွားလာတဲ့ လူတချို့ကို စစ်တပ်က လက်ပြန်ကြိုးတုပ်ပြီး ရိုက်နှက် စစ်ဆေးတာတွေ လုပ်တော့ ရွာကလူတွေက မသွားရဲ မလာ ရဲ ဖြစ်နေကြတယ်”ဟု ဧရာဝတီကို ပြောသည်။

ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ကျောက်တော်မြို့နယ် အတွင်း ဧပြီ ၁၇ ရက်က အစိုးရ စစ်ကြောင်း များနှင့် တိုက်ပွဲဖြစ်ပွားရာ တွင် လက်နက်ကိုင် တပ်ဖွဲ့ဝင် ၅ ဦးကို လက်နက်ခဲယမ်းများနှင့် အတူ ဖမ်းဆီးရ မိခဲ့သည်ဟု ဖော်ပြထားသည်။

အစိုးရ သတင်းစာများတွင် ဖမ်းဆီးရမိသူ ၅ ဦးအား“ရခိုင် သောင်းကျန်းသူ” များဟု သုံးနှုန်းထားပြီး ဖမ်းဆီး ရမိသူများနှင့် အတူ အမ် (၂၂) သေနတ် ၅ လက်၊ ကျည်အိမ် ၁၂ ခု၊ ကျည် ၂၄၇ တောင့်၊ လက်ပစ်ဗုံး ၉ လုံးနှင့် ချပ်ဝတ်တန်ဆာ ၅ စုံ တို့ကို ရှာဖွေ သိမ်းဆည်းရမိကြောင်း ဆက်လက် ဖော်ပြထားသည်။

အစိုးရတပ်က ဖမ်းမိထားသည့် လက်နက်ကိုင် တပ်ဖွဲ့ဝင် ၅ ဦးသည် ရက္ခိုင့်တပ်မတော်က ဟုတ်မဟုတ် ဆိုသည်ကို တပ်အတွင်း၌ စစ်ဆေးမှုများ ပြုလုပ်နေကြာင်း ရက္ခိုင့်တပ်မတော် ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ဒေါက်တာ ညိုထွန်းအောင်က ဧရာဝတီကို ပြောသည်။

ရက္ခိုင့်တပ်မတော်ကို ၂၀၀၉ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ် အပါအဝင် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် စစ်ရေးလှုပ်ရှားမှုများ ရှိနေကြောင်း သိရသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List