Friday, April 24, 2015

အီဘိုလာ ကူးစက်ခံရသူ (၂၆၀၀၀)ကျော်ထိ ရှိခဲ့ကြောင်း WHO ကြေညာ


ပြီးခဲ့သည့် နှစ်အတွင်း စတင်ခဲ့သည့် အီဘိုလာရောဂါ ပျံ့နှံ့ဖြစ်ပွားမှုအတွင်း လူပေါင်း (၂၆၀၀၀)ကျော် ကူး စက်ခံခဲ့ရကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က အတည်ပြု ပြောကြားခဲ့သည်။ ယင်းတို့အနက် လူပေါင်း (၁၀၈၀၀)ကျော် သေဆုံးခဲ့ကြောင်းလည်း WHO၏ ဧပြီ ၂၂ ရက် ထုတ်ပြန် ကြေညာချက် တွင် ဖော်ပြ ပါရှိသည်။ 


WHOက ယခုအခါ အနောက်အာဖရိက ဒေသတွင် အီဘိုလာရောဂါ ကူးစက်မှုများ လျော့နည်း ကျဆင်း လာပြီ ဖြစ်သော်လည်း လုံးဝ အမြစ်ပြတ် ပျောက်ကွယ်သွားသည်အထိ တိုက်ဖျက်ရန် လိုအပ်နေဆဲဟု သတိပေးထားသည်။

WHO၏ အစီရင်ခံစာအရ (၁၈)လကြာ ကာလအတွင်း လူပေါင်း (၂၆၀၇၉)ဦးထိ ရောဂါကူးစက် ခံရပြီး (၁၀၈၂၃) သေဆုံးကြောင်း သိရှိရသည်။ ကူးစက်ခံရသူနှင့် သေဆုံးသူ အားလုံးနီးပါးသည် အနောက် အာဖရိက ဒေသရှိ ဂီနီရာ၊ လိုက်ဘေးရီးယားနှင့် ဆီယာလီယွန် နိုင်ငံများမှ ဖြစ်ကြသည်။ အဆိုပါ သုံးနိုင်ငံတွင် အီဘိုလာ ကူးစက်မှုသည် တောမီးသဖွယ် မြန်ဆန်ခဲ့ကြောင်းလည်း အစီရင်ခံစာတွင် ပါရှိသည်။

ဧပြီ ၁၉ ရက်ထိ စာရင်းအရ နောက်ဆုံးသီတင်းပတ်အတွင်း ဂီနီရာတွင် (၂၁)ဦး၊ ဆီယာလီယွန်တွင် (၁၂)ဦး ရောဂါထပ်မံ ကူးစက်ခံရပြီး လိုက်ဘေးရီးယားတွင် အီဘိုလာ ကူးစက်မှု နောက်ထပ် မဖြစ်ပေါ်တော့ကြောင်း သိရသည်။ ယင်းမတိုင်မီ တစ်ပတ်က အီဘိုလာ ဖြစ်ပွားသူ (၃၇)ဦးနှင့် ထိုမတိုင်မီက (၃၀)ဦး ရှိခဲ့သည်။

“ပြီးခဲ့တဲ့ သုံးပတ်အတွင်းမှာ အီဘိုလာ ကူးစက်မှုနှုန်း ကျဆင်းနေတဲ့ အရှိန်အဟုန်က နည်းနည်း တုံ့ဆိုင်း သွားတယ်။ သုညမှတ်ထိ ကျဆင်းသွားဖို့ အတွက်ကတော့ အရှိန်မြှင့်တင် ဆောင်ရွက်မှုတွေ လိုအပ်နေ ဆဲပါ။ အဖွဲ့အစည်း အချင်းချင်းပူးပေါင်းဆောင်ရွက်မှုတွေ၊ ရောဂါဖြစ်ပွားမှုကို စောစောစီးစီး သိရှိ အဖြေ ရှာနိုင်မှုတွေ ဒီထက်ပိုပြီး လိုအပ်ပါတယ်”ဟု WHOက ကြေညာသွားသည်။

Ref: CNA
7Day News Journal

No comments:

Post a Comment

My Blog List