Thursday, April 23, 2015

RCSS/SSA မှ တပ်သားသစ် စုဆောင်းမှုနှင့် အခွန်ကောက်ခံမှုများ ဆက်တိုက်ပြုလုပ်မှုကြောင့် ဒေသခံများ အခက်တွေ့


အစိုးရနှင့် အပစ်ခတ်ရပ်စဲထားသည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA မှ ရှမ်းပြည်တောင် ပိုင်းရှိ မြို့နယ်များတွင် တပ်သားသစ် စုဆောင်းမှုများနှင့် အခွန်ကောက်ခံမှုများ အဆက် မပြတ်ပြုလုပ် လာနေခြင်းကြောင့် ဒေသခံများ အခက်တွေ့နေကြောင်း ဒေသခံ ပြည်သူများနှင့် ရှမ်းလူမှု့အဖွဲ့ စည်းများထံမှာ သိရသည်။
ရှမ်းပြည်နယ်တောင်ပိုင်းရှိ မိုင်းကိုင် ၊ လွိုင်လင် ၊ လဲချား ၊ နမ့်စမ် အစရှိ သည့် မြို့နယ်များရှိ ကျေးရွာများတွင် RCSS/SSA မှ တပ်သားသစ် စုဆောင်းခြင်းများ ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် ဒေသခံများမှာ နေရပ် များမှ တိမ်းရှောင်မှုများ များပြားလာကြောင်းလည်း ဒေသခံများက တညီတညွတ်တည်း ပြောဆိုသည်။

‘ ကျန်တော်တို့ လဲချား ပင်လုံလမ်းဘက်မှာဆိုရင် ကားတစီးကို တနှစ်စာ ဘီးတလုံး တစ်သိန်းနှုန်း ဥပမာ အားဖြင့် ၆ ဘီးကားဆိုရင် တနှစ် ၆ သိန်းနှုန်း အခွန်ကောက်နေတယ်။ လူသစ်ကတော့ ရွာတွေမှာ တရွာကို ခွဲတမ်းနှုန်း နဲ့ ကောက်နေတဲ့အတွက် မိုင်းကိုင်ဘက်မှာဆိုရင် ရွာလုံးကျွတ်ပြေးနေပြီ ‘ ဟု လဲချားမြို့မှအမည် မဖော်လိုသူ ရပ်မိရပ်ဖတဦးက ပြောသည်။

ရှမ်းပြည်နယ်တောင်ပိုင်းတွင် RCSS/SSA မှ တပ်သား စုဆောင်းမှုများမှာ ၂၀၁၄ ခုနစ်အတွင်းမှ စတင် ခဲ့ခြင်းဖြစ်ပြီး ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဟု ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ရွက်ဆစ်က ၂၀၁၄ ခုနစ် ဇွန်လအတွင်းက ပြောဆိုခဲ့ ဖူးသည်။

‘အသက် ၁၈ နှစ်ပြည့် သျှမ်းပြည်သားတိုင်း စစ်ပညာ တတ်မြောက်ရမည်ဆိုတဲ့ ပေါ်လစီတော့ရှိတယ်။ လိုအပ်ရင် အသုံးပြုဖို့ လပိုင်းစစ်သင်တန်းပေးတာတွေရှိတယ်။ စစ်သင်တန်းပြီးရင် အိမ်ပြန်နေပြီး မိဘ အလုပ်ပြန်ကူ လုပ်ဖို့ ပြန်လွှတ်ပေးတယ်။ စစ်ထဲမှာဘဲဆက်နေချင်ရင်လည်း ရတယ်။ ဒါလည်း တွေ့ဆုံ စည်းရုံးပြီးမှ ခေါ်လာတာ။ အဓမ္မ ခေါ်ယူတာမရှိဘူး။ နားလည်မှုလွဲ တာလဲဖြစ်နိုင်တယ်။ ဒီကိစ္စသေချာ စုံစမ်းရမယ်။ တကယ် ကျူးလွန် ခဲ့ရင် အဲဒီလူအပြစ်ရှိတယ်။ ခေါ်ယူစစ်ဆေးပြီး ပြစ်ဒဏ်ပေးရ ပါလိမ့်မယ်” ဟု RCSS/SSA ခေါင်းဆောင် ဒု-ဗိုလ်ချုပ်ကြီး ယွက်စစ်က သျှမ်းသံတော်ဆင့်သတင်းဌာနအား ၂၀၁၄ ခုနစ် အတွင်းက ပြောဆိုခဲ့သည်ဟု သျှမ်းသံတော်ဆင့် သတင်းဌာနက ဖော်ပြထားသည်။

သို့သော် ယင်းနောက်ပိုင်းကာလတွင်လည်း တပ်သားသစ် စုဆောင်းမှုများမှာ ဆက်လက် ဖြစ်ပေါ်နေ ခဲ့ခြင်း ဖြစ်ကြောင်း Tai Youth Network မှ တာဝန်ရှိသူများကလည်း ဆိုသည်။

‘ သာမန်ဒေသခံတွေက တပ်မတော်နဲ့ ရှမ်းတပ်တွေ တကယ်စစ်ဖြစ်လို့ လိုအပ်ရင်လည်း စစ်မှုထမ်းပေးနေ တာပဲ အခုက ခွဲတမ်းအလိုက်နဲ့ကို ကောက်နေတော့ ကျေးရွာတွေက ဒေသခံတွေက ဘယ်နေရဲမလဲဗျ’ ဟု နမ့်စမ်မြို့မှ အမည်မဖော်လိုသူ မြို့မိမြို့ဖတဦးက ပြောသည်။

အခွန်ကောက်ခံမှုနှင့် ပတ်သက်၍လည်း ပိုမိုများပြားလာနေပြီး ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှုများတွင် အား နည်းမှုများ ရှိနေခြင်းအပေါ်တွင်လည်း ဒေသခံများမှ ဝေဖန်မှုများ ရှိနေသည်။

‘ အခွန်ကောက်ခံတာကတော့ အဖွဲ့တိုင်းက ကောက်တာပဲ ဒါပေမဲ့ သူက ရှမ်းအချင်းချင်းကို ပိုများ များ ကောက်ခံနေတယ်။ ပြီးတော့ အပစ်ရပ်ထားတယ်သာ ပြောတာ ကျန်တဲ့ ကချင်တို့ ကရင်ဒေသတို့ နဲ့ နှိုင်းယှာဉ်ကြည့် စာသင်ကျောင်း ၊ ဆေးပေးခန်းဆောက်တာတွေ ဒေသဖွံ့ဖြိုးရေးအတွက် လုပ်တာ နည်းတယ်။ ဘာအတွက်အခုလိုလုပ်နေတာလဲ ဒေသအကျိုး အတွက်လား သူတို့ရဲ့ ရပ်တည်ရေးအတွက် သက်သက်ပဲလား ။ အမှန်တော့ သူတို့အဖွဲ့ရဲ့ သြဇာအာဏာ ကြွယ်ဝမှုတွေနဲ့ အခုထက်အများကြီး ရှမ်းပြည်အကျိုးအတွက် ဆောင်ရွက်နိုင်သင့်တယ် ရှမ်းပြည်တပ်မတော်ဆိုတဲ့ နာမည်နဲ့ကို ရှမ်းတွေက အရင်ကေ တ်ာတော်မျှော်လင့်ထားခဲ့တာ ‘ဟု လွိုင်လင်ဒေသခံ စိုင်းအိုက် ( အမည်လွှဲက )က ရန်ကုန် မီဒီယာ ဂရုပ်သို့ ပြောသည်။

RCSS/SSA မှာ ၂၀၁၁ ခုနစ် ဒီဇင်ဘာလအတွင်းက အစိုးရနှင့် အပစ်ခတ် ရပ်စဲမှုများ ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းဖြစ်ပြီး ကေအန်ယူ ကရင်အမျိုးသား အစည်းရုံးပြီးလျှင် အစိုးရနှင့် ယုံကြည်မှု အတည်ဆောက်နိုင်ဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့စည်း ဖြစ်ကြောင်းလည်း သိရသည်။

( မှတ်ချက်။ ။ ဒေသခံအများစုမှာ အခွန်ကောက်ခံမှု ၊ တပ်သားသစ်ပတ်သက်၍ အမည်နှင့် တကွ ထုတ်ဖော်ပြောဆိုမှုများ ပြုလုပ်ချင်သော်လည်း အန္တာရယ်ရှိနိုင်သောကြောင့်သတင်းရင်းမြစ်များ၏ တောင်း ဆိုချက်အရ အမည်များကို ချန်လှပ်ထားခဲ့ခြင်း ဖြစ်သည်။)

ဓါတ်ပုံ - RCSS | အခမ်းအနားတခုမှ RCSS တပ်မတော် |
Yangon Media Group

No comments:

Post a Comment

My Blog List