Thursday, April 23, 2015

သတင်းမီဒီယာများ ဝက်ဘ်ဆိုက်များ ဆိုက်ဘာ တိုက်ခိုက်ခံရခြင်း ဥပဒေအရ အကာအကွယ် မရှိသေး


ပြည်တွင်း သတင်းမီဒီယာများ၏ ဝက်ဘ်ဆိုက်များကို ဆိုက်ဘာ တိုက်ခိုက်ခံခဲ့ကြရသော်လည်း ဆိုက်ဘာ တိုက်ခိုက်မှုများအတွက် ဥပဒေအရ အကာ အကွယ် ပေးနိုင်ခြင်းမျိုး မရှိသေးဟု ပြည်တွင်း အိုင်တီ ပညာရှင် များက သုံးသပ်ပြောဆိုသည်။
ဧပြီ ၂၂ ရက် နံနက်ပိုင်းတွင်  တိုင်းရင်းသား သတင်းဌာန ၁၁ ခုဖြင့် ဖွဲ့စည်းတည်ထောင်ထားသည့် နိုင်ငံ တကာ မြန်မာ့သတင်း BNI (အင်္ဂလိပ်ပိုင်း) အင်တာနက် စာမျက်နှာသည်  ဆိုက်ဘာ တိုက်ခိုက်ခြင်းခံခဲ့ ရသည်။

BNI (အင်္ဂလိပ်ပိုင်း) ကို ဝင်ရောက်ကြည့်ရှုမည်ဆိုပါက "မြန်မာနိုင်ငံကို ကျူးကျော်ရန်စခဲ့သည့် ကိုး ကန့် သောင်း ကျန်းသူများအား အားပေး အားမြှောက် ပြုနေသော ပြည်ပသြဇာခံ သူပုန်တပ်ပေါင်းစု UNFC အား ၎င်းတို့၏ မီဒီယာ ဝက်ဘ်ဆိုက်ဖြစ်သည့် Burma News International မှ တစ်ဆင့် မြန်မာနိုင်ငံလုံး ဆိုင်ရာ ဟက်ကာများ သမဂ္ဂက ပြင်းထန်စွာ သတိပေးအပ်သည်" ဟု ရေးသားထားသည်ကို တွေ့ရှိရသည်။

မြန်မာနိုင်ငံတွင် ဆိုက်ဘာတိုက်ခိုက်မှုများကို အရေးယူရန် တိကျသည့် ဥပဒေများပြဋ္ဌာန်းထားခြင်း မရှိသေး ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးဇော်မင်းဦးက မဇ္ဈိမကို ပြောသည်။

ဆိုက်ဘာ တိုက်ခိုက်မှုများကို ကျူးလွန်သည့် အဖွဲ့များကို ဖော်ထုတ်အရေးယူနိုင်ရန် ဆိုင်ဘာရဲအဖွဲ့ အစည်း များလည်း လိုအပ်မည်ဟုလည်း ၎င်းက ဆိုသည်။

ဦးဇော်မင်းဦးက "မြန်မာနိုင်ငံမှာ တိကျတဲ့ ဆိုက်ဘာဥပဒေတွေတော့ မရှိသေးဘူး။ အီလက်ထရောနစ် အက်ဥပဒေနဲ့ စွဲမယ်ဆိုရင်တော့ ရတာပေါ့။ တစ်ဖက်ကလည်း အမှုဖွင့်ဦးမှလေ" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် ဆိုက်ဘာ ပြစ်မှုဥပဒေ ပြဋ္ဌာန်းရန် မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်က အကြံပြု တင်ပြ ထားပြီး ယင်းဥပဒေပြဋ္ဌာန်းရန် ရှိနေသည်ဟုလည်း ၎င်းက ဆိုသည်။

BNI ဝက်ဘ်ဆိုက်ကို ဆိုင်ဘာတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင် အသင်း၊ နည်းပညာ ကော်မတီဥက္ကဋ္ဌ ဦးရဲကျော်သိန်းက "အကြမ်းဖျင်း ပြောရရင် အဲဒီသတင်းဌာနမှာ ပုဂ္ဂိုလ်ရေး၊ နိုင်ငံရေး၊ လူမျိုးရေး တိုက်ခိုက်မှု ပါဝင်တဲ့ ပို့စ်တစ်ခုကြောင့် တိုက်ခိုက်ကြတယ်လို့ အကြမ်းဖျင်း သိထားတယ်" ဟု ပြောသည်။

ဆိုက်ဘာ တိုက်ခိုက်မှုများကို နိုင်ငံတကာ ဆိုက်ဘာ ဥပဒေများတွင် ငွေဒဏ်၊ ထောင်ဒဏ်မှ စ၍ သေဒဏ် အထိ အပြစ်ပေးနိုင်သည်ဟုလည်း ဦးရဲကျော်သိန်းက ဆိုသည်။

သတင်းမီဒီယာများ၏ ဝက်ဘ်ဆိုက်များကို ဆိုက်ဘာ တိုက်ခိုက်ရာတွင် အချက်အလက်များကို ဖျက်မသွား ဘဲ သတိပေးစာများ ရေးသားခြင်းအပေါ် အသရေဖျက်မှုဖြင့် တရားစွဲဆိုနိုင်သော်လည်း တိကျသည့် ဥပဒေ မရှိသေးဟု ၎င်းက သုံးသပ်သည်။

မြန်မာနိုင်ငံတွင် E-Government စနစ်အကောင်အထည်ဖော်နိုင်ရန် ဆောင် ရွက်လျက်ရှိပြီး လက်ရှိ အခြေအနေများအရ ဆိုက်ဘာ တိုက်ခိုက်မှုများ ရှိနေသည့်အတွက် လုံခြုံရေး စနစ်များကိုပါ ထည့်သွင်း စဉ်းစားရန် လိုအပ်မည် ဖြစ်သည်ဟု မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးဇော်မင်းဦးက ပြောသည်။

ဧပြီလ ၂၂ ရက်တွင် ဖြစ်ပွားသည့် BNI ဝက်ဘ်ဆိုက်အပါအဝင် ပြည်တွင်းရှိ သတင်းမီဒီယာများ၏ ဝက်ဘ် ဆိုက်များကို ဆိုက်ဘာ တိုက်ခိုက်ခြင်းများ  ဖြစ်ပွားခဲ့သော်လည်း အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသေးပေ ။ ပြည်သူ့လွှတ်တော်ကဲ့သို့ အစိုးရ၏ ဝက်ဘ်ဆိုက်များကို တိုက်ခိုက်မှုများအတွက်လည်း အရေးယူနိုင် ခဲ့ခြင်း မရှိပေ။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List