Friday, April 24, 2015

သာယာဝတီထောင်ရှိ ဗကသခေါင်းဆောင်သုံးဦး ပုဒ်မ ၁၈ ဖြင့် ထပ်မံအမှုဖွင့်ခံရ


ဒီမိုကရေစီပညာရေး လှုပ်ရှားမှုနှင့် အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ပေးရန် တောင်းဆိုရာမှ သာယာ ဝတီထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) မှ မဖြိုးဖြိုးအောင်၊ ကိုနန္ဒာစစ်အောင်နှင့် ကိုဖြိုးဓနတို့ကို ပန်းဘဲတန်းနှင့် ဗိုလ်တထောင် မြို့နယ် ရဲစခန်းတို့က ပုဒ်မ ၁၈ ဖြင့် အမှုထပ်ဖွင့်ခဲ့ကြောင်း ဖမ်းဆီးခံရသူအချို့၏ မိသားစုဝင်များက ပြောကြားသည်။
မဖြိုးဖြိုးအောင်ကို ယခင်က နိုင်ငံတော်အကြည်ညိုပျက်စေမှု အပါအဝင် ပုဒ်မငါးခုဖြင့် အမှုဖွင့်ထားခဲ့ရာမှ ပန်းဘဲတန်းနှင့် ဗိုလ်တထောင်မြို့နယ် ရဲစခန်းတို့က ပုဒ်မ ၁၈ ဖြင့် ထပ်မံဖွင့်ဆိုခဲ့ကြောင်း ၎င်း၏ ဖခင် ဒေါက်တာနေဝင်းက The Voice သို့ ပြောဆိုသည်။

ဗကသ ခေါင်းဆောင်တစ်ဦး ဖြစ်သူ ကိုနန္ဒာစစ်အောင်ကိုမူ ဗိုလ်တထောင် မြို့နယ်ရဲစခန်းက အမှုဖွင့်ခဲ့ပြီး ကိုဖြိုးဓနကိုမူ ပန်းဘဲတန်းမြို့နယ် ရဲစခန်းက အမှုထပ်မံဖွင့်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

ဖမ်းဆီးထိန်းသိမ်းခံထားရသော ကျောင်းသားများနှင့် ဝန်းရံသူ ၇၃ ဦးနှင့် အာမခံရရှိထားသူ ၁၁ ဦးကို ဧပြီလ ၂၃ ရက်တွင် လက်ပံတန်းမြို့နယ် တရားရုံး၌ ငါးကြိမ်မြောက် ရုံးထုတ်စစ်ဆေးခဲ့ကြသည်။

“နန္ဒာစစ်အောင်နဲ့ ဖြိုးဖြိုးအောင်က ဗိုလ်စိန်မှန်ကွင်းကနေ မြို့တော်ခန်းမရှေ့ ထိ ဒီမိုကရေစီပညာရေး သပိတ်စစ်ကြောင်း ထောက်ခံကြိုဆိုပွဲလျှောက်လို့ ဗိုလ်တထောင်ကနေ အမှုဖွင့်လိုက်တာ။ ပန်းဘဲတန်းက ဘာကြောင့်ဆို တာတော့ မသိဘူး” ဟု မဖြိုးဖြိုးအောင်၏ ဖခင် ဒေါက်တာနေဝင်းက ရှင်းပြသည်။

သာယာဝတီထောင်တွင် ဖမ်းဆီးခံထားရသူများကို လက်ပံတန်းတရားရုံးတွင် ရုံးထုတ်စစ်ဆေးမှုများ ဆက်တိုက်ပြုလုပ်ခဲ့သော်လည်း သွားလာရေး အခက်အခဲကြောင့် လာမည့် ဧပြီလ ၃၀ ရက် ရုံးချိန်းတွင် သာယာဝတီတရားရုံးတွင် ပြောင်းရွှေ့စစ်ဆေးရန် ရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးရောဘတ် စန်းအောင်က ဆိုသည်။“ဒီကနေ့ ရုံးထုတ်တဲ့ အချိန်မှာတော့ ရုံးပြောင်းအမိန့်ချပြီးပြီ ဆိုတာကို ပြောပါတယ်” ဟု ဦးရောဘတ်စန်းအောင်က ပြောဆိုသည်။

တရားရုံး ပြောင်းရွှေ့စစ်ဆေးရန် အဆိုကို မတ်လ ၂၆ ရက်တွင် တရားလိုဘက်မှ သာယာဝတီခရိုင် ဥပဒေအရာရှိ ဦးဌေးအောင်က တင်သွင်းခဲ့ပြီး ဧပြီလ ၂၃ ရက်တွင် အတည်ပြုခဲ့ကြသည်။

“ကျွန်တော်တို့ အခုထောင်ထဲမှာ ဆိုးဆိုးဝါးဝါး ထောင်ရေမသန့်လို့ ဝဲတွေ ပေါက်ပါတယ်။ ညညဆိုရင် အိပ်လို့တောင်မရဘူး” လို့ ဧပြီလ ၂၃ ရက် ရုံးထုတ်စဉ်တွင် သာယာဝတီထောင်တွင် ဖမ်းဆီးခံထားရသူ တစ်ဦးက ပြော ကြားသည်။

ဧပြီလ ၂၃ ရက် တရားရုံးချိန်းကို နံနက် ၁၀ နာရီ ဝန်းကျင်မှ မွန်းလွဲ ၂ နာရီဝန်းကျင်အထိ ပြုလုပ်ခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူများနှင့် မိသားစုဝင်များ အချို့ကိုလည်း တွေ့ဆုံခွင့်ပေးခဲ့ကြောင်း ယင်းမိသားစု ဝင်များ ထံမှ သိရှိရသည်။

The Voice Weekly


No comments:

Post a Comment

My Blog List