Friday, April 24, 2015

ခြောက်ပွင့်ဆိုင်ကိုယ်စားလှယ် ဒေါက်တာ အေးမောင် ပြည်နယ်လွှတ်တော် အတွက်သာ ဝင်ရောက်ယှဉ်ပြိုင်တော့မည်


လာမည့် ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲများတွင် ရခိုင်ပြည်နယ် လွှတ်တော်အတွက်သာဝင်ရောက်ယှဉ်ပြိုင်မည်ဟု ခြောက်ပွင့်ဆိုင်ကိုယ်စားလှယ် ဒေါက်တာ အေးမောင် က ပြောသည်။
ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ‘‘ကိုယ့်ပြည်နယ် အတွက် ကိုယ်ပြန်ပြိုင်တဲ့သဘော ပါပဲ’’ ဟု တယ်လီဖုန်းမှ တစ်ဆင့် ပြောသည်။

လက်ရှိရခိုင်ပြည်နယ် အမှတ် ၁ မဲဆန္ဒနယ်အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဒေါက်တာ အေးမောင် က ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် တစ်ဦးအနေဖြင့် တာဝန်ထမ်းဆောင်ခဲ့ဖူးသဖြင့် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်လိုခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းက ‘‘ပြည်နယ်ရဲ့ အကျိုးကို ပိုပြီးအနီးကပ်လုပ်နိုင်မယ် မျှော်လင့်ပါတယ်’’ ဟု ဆိုသည်။

၎င်းအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များကို နိုင်ငံတော် သမ္မတက တိုက်ရိုက်ခန့်နိုင်သည် ဆိုသည့်အစား ပြည်နယ်နှင့် တိုင်းဒေသကြီး လွှတ်တော်များကသာ ခန့်အပ်နိုင်သည်ဟု ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးတွင် ပြင်ဆင်နိုင်မည်ဟု ယုံကြည်သည်ဟု ဆိုသည်။

သို့သော် ၎င်းအနေဖြင့် လာမည့် ၂၀၁၅ ရွေးကောက်ပွဲအပြီး ၂၀၁၆ တွင် အစိုးရဖွဲ့ပါက ရခိုင်ပြည်နယ် ၀န်ကြီးချုပ်အဖြစ် ရည်မှန်းထားခြင်း ရှိ၊ မရှိကိုမူ ပြောကြားရန်ငြင်းဆိုသည်။

၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ဒေါက်တာအေးမောင်သည် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ ဥက္ကဌအနေဖြင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ပြည်သူ့လွှတ်တော် ၇ ဦး၊ အမျိုးသားလွှတ်တော် ၆ ဦးနှင့် တိုင်းဒေ သကြီးနှင့် ပြည်နယ်လွှတ်တော် ၁၉ ဦးအနိုင်ခဲ့ပြီး ၎င်းကိုယ်တိုင် ဒုတိယ သမ္မတလောင်းအဖြစ် အမည်စာ ရင်း တင်သွင်းခြင်းခံခဲ့ရသူ ဖြစ်သည်။

၂၀၁၄ ခုနှစ်တွင် ၎င်း၏ ပါတီသည် ၁၉၉၀ ပြည့်နှစ်က အနိုင်ခဲ့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲအား သပိတ်မှောက်ခဲ့သည့် ဦးအေးသာအောင် ခေါင်းဆောင်သည့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ပူးပေါင်းကာ ရခိုင်အမျိုးသားပါတီဟု ပြောင်းလဲဖွဲ့စည်းခဲ့သည်။

ရခိုင်အမျိုးသားပါတီအနေဖြင့် ရခိုင်ပြည်နယ်တွင် ပြည်သူ့လွှတ်တော ၁၇ နေရာ၊ အမျိုးသားလွှတ်တော် ၁၂ နေရာနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ၃၄ နေရာတို့အတွက် ယှဉ်ပြိုင်၇န် လျထားပြီး ပြည်နယ်နှင့် တိုင်းဒေသကြီး အချို့တွင် တိုင်းရင်းသားရေးရာ ၀န်ကြီးနေရာအချို့အတွက် ပါဝင်ယှဉ်ပြိုင်ရန် လျာထားသည် ဟု ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List