Thursday, April 23, 2015

အီရန်က ယီမင်ရှိ ဟိုသီသူပုန်များထံ လက်နက် ထောက်ပံ့ရန် ကြိုးပမ်းနေကြောင်း အမေရိကန် ယူဆနေ


အီရန် ကုန်တင်သင်္ဘော အုပ်စုတစ်ခုသည် ယီမင်ရှိ ဟိုသီသူပုန် တပ်ဖွဲ့များထံလက်နက်များ ထောက်ပံ့ပေး ပို့ရန် စီစဉ်နေသည်ဟု မိမိတို့ သင်္ကာမကင်းရှိကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာ တာ က ပြောကြားလိုက်သည်။
၎င်းက ယီမင်တွင် ဖြစ်ပွားနေသော ပဋိပက္ခများကို ပိုမိုဆိုးရွားလာအောင် မီးစာ ဖြည့်မပေးရန်လည်း အီရန် ကို သတိပေး တောင်းဆိုလိုက်သည်။ အမေရိကန်သည် အီရန်၏ စစ်လက်နက်များ ယီမင်သို့ ပေးပို့နိုင်ခြင်း မရှိအောင် ကြားဖြတ် ဟန့်တားရန်အတွက် လေယာဉ်တင် သင်္ဘောကြီး တစ်စီးကို အာရေးဗီးယား ပင်လယ်ဘက် စေလွှတ်ထားသည်။ ယီမင်တွင် ဟိုသီသူပုန်များနှင့် အစိုးရတပ်များ တိုက်ခိုက်နေပြီး ယီမင် အစိုးရဘက်မှ ဆော်ဒီအာရေးဗီးယား ဦးဆောင်သော အာရပ် မဟာမိတ်နိုင်ငံများက လေကြောင်းပစ် ကူ ပေးလျက်ရှိသည်။

ကာတာက ယီမင်ကမ်းလွန်တွင် လေယာဉ်တင် သင်္ဘောတစ်စီး အပါအဝင် စစ်ရေယာဉ်များ အားဖြည့် စောင့်ကြည့်နေခြင်းသည် သမ္မတ ဘာရတ်အိုဘားမား၏ စိတ်ကူးစိတ်သန်းဖြစ်ကြောင်း အတည်ပြုခဲ့သည်။ သို့သော်လည်း အီရန်သင်္ဘောများ ယီမင်ရေပိုင်နက်ထဲ အမှန်တကယ် ဝင်ရောက်လာ ပါက အမေရိကန် ရေတပ်အနေဖြင့် အင်အားသုံး ဟန့်တားရန် လက်တွေ့ လုပ်ဆောင်ရန် ရှိမရှိကိုမူ ၎င်းက မှတ်ချက် မပေးခဲ့ချေ။

“အမေရိကန် ပြည်ထောင်စုက ဘာလုပ်ဖို့ ရည်ရွယ်ထားတယ် ဆိုတာကို ကျွန်တော် ထုတ်ပြောနေမှာ မဟုတ်ပါဘူး။ သမ္မတ ပြောထားသလိုပါပဲ။ ကျွန်တော်တို့မှာ ရွေးချယ်စရာတွေ ရှိပါတယ်”ဟု ကာတာ က ပြောကြားခဲ့သည်။

ဆော်ဒီသည် တစ်လမျှ ကြာမြင့်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုများ အဆုံးသတ်ပြီဟု ဧပြီ ၂၁ ရက် တွင် ကြေညာခဲ့သော်လည်း နောက်တစ်ရက် တွင် အီရန်၏ မဟာမိတ် ဟိုသီသူပုန်များကို တိုက်စစ်ဆင် မှုများ တစ်ကျော့ပြန် ပြုလုပ်ခဲ့သည်။ ထို့အပြင် ယီမင်စစ်တပ်နှင့် ဟိုသီတို့ကြား မြေပြင်တိုက်ပွဲများလည်း ဖြစ် ပွားနေသည်။

ကာတာက အမေရိကန် အနေဖြင့် အဆိုပါ ပဋိပက္ခများကို စိတ်ပျက်မိသော်လည်း ယင်းပဋိပက္ခများအဆုံး တွင် ငြိမ်းချမ်းရေးအတွက် အားထုတ်မှုများ ဖြစ်ပေါ်လာရန် မျှော်လင့် ယုံကြည်ထားကြောင်း ပြောဆိုသွား သည်။

Ref: CNA
7Day News Journal

No comments:

Post a Comment

My Blog List