Sunday, April 19, 2015

ရင်းနှီးမြှုပ်နှံမှုကြောင့် ရခိုင်ဒေသခံများ မနစ်နာစေရန် ရခိုင်အမျိုးသားပါတီ တရုတ်သို့ သွားရောက်ဆွေးနွေး


ရခိုင်ပြည်နယ်တွင် တရုတ်နိုင်ငံမှ လာရောက်ရင်းနှီး မြှပ်နှံမှုများကြောင့် ဒေသခံများ ထိခိုက်နစ်နာမှုများ မရှိစေရန် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ရခိုင်အမျိုးသားပါတီက တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီနှင့် သွားရောက်ဆွေးနွေးခဲ့သည်ဟု  ရခိုင်အမျိုးသားပါတီမှ ဒုတိယခေါင်းဆောင် ဒေါက်တာ အေးမောင်က မဇ္ဈိမ ကို ပြောသည်။
"ကျွန်တော်တို့ ဒေသမှာ သူတို့ အရင်းအမြစ်တွေ ရှိတယ်။ အဲဒီရှိပြီးသား ကဏ္ဍတွေကို အမှီပြုပြီး ဒေသ ဖွံ့ဖြိုးရေး တည်ဆောက်ဖို့လိုတယ်။

တည်ဆောက်ပြီးသားတွေကို ဖြိုဖျက်ဖို့ မဟုတ်ဘူး။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်ရင် မထိခိုက်အောင် ဘာလုပ်ပေးမလဲ၊ ဒေသခံတွေ မကျေနပ်ရင်ကျေနပ်အောင် ဘယ်လို သူတို့လုပ်ပေးမလဲပေါ့" ဟု ဆွေးနွေး ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ဒေါက်တာ အေးမောင်က ပြောသည်။

ဆွေးနွေးမှုတွင် ရခိုင်ဒေသ လမ်း၊ မီး၊ ဆိပ်ကမ်း စသည့် အခြေခံလိုအပ်ချက်၊ စိုက်ပျိုးရေး အခြေပြုလုပ်ငန်း များ ဆုံးရှုံးနစ်နာမှု မရှိစေရေးနှင့် ဒေသတွင် ဆေးရုံ၊ ဆေးခန်း၊ ရေတွင်းများ၊ ပရဟိတ လုပ်ငန်းများ၊ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်ဟု ဆိုသည်။ နှစ်ဘက် ချစ်ကြည်ရင်းနှီးမှု ရစေရန် ရခိုင်ပြည်သူများက ပူးပေါင်းဆောင်ရွက်ရန်လည်း ရည်ရွယ်ထားသည်ဟု ဆိုသည်။

ဆွေးနွေးမှု၏ ရလဒ်အရ တရုတ်ကွန်မြူနစ်ပါတီက လာမည့် မေလအတွင်းမြန်မာနိုင်ငံသို့ လာရောက် ကာ လေ့လာစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

ယင်းအပြင် ရခိုင်အမျိုးသားပါတီမှ ပါတီလူငယ် အယောက်၂၀ အားဇွန်လအတွင်း တရုတ်နိုင်ငံသို့ လေ့ လာရေး စေလွှတ်မည်ဟုလည်းဒေါက်တာ အေးမောင်က ဆိုသည်။

"လူငယ်တွေကို ပါတီတစ်ခုကို ဘယ်လိုထောင်တယ်။ သူတို့နိုင်ငံမှာ  လူငယ်တွေကို အဆင့်ဆင့် ဘယ် လို ပြုစုပျိုးထောင်လဲ ဆိုတာကို လေ့လာရေး အနေနဲ့ စေလွှတ်တာပါ" ဟု ၎င်းက ပြောသည်။

ထိုလူငယ်များအတွက် တရုတ်နိုင်ငံတွင် ပညာသင်ဆု ရရှိရေးအတွက်လည်း တရုတ်ကွန်မြူနစ်ပါတီက ကူညီမည်ဟုဆိုသည်။ ဒေါက်တာ အေးမောင်နှင့် အဖွဲ့သည် တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ဧပြီ  ၁၂ ရက်မှ ၁၅ ရက်အထိ သွားရောက် ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List