Thursday, April 23, 2015

အမျိုးဘာသာ ဥပဒေများ လက်မှတ်မထိုးရန် မြန်မာသမ္မတကို Amnesty International တောင်းဆို


အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေးကို ရည်ရွယ်ရေးဆွဲသည့် ဥပဒေကို လက်မှတ်မထိုးရန် မြန်မာနိုင် ငံ သမ္မတ ဦးသိန်းစိန်ထံသို့ Amnesty International က စာရေးသားတောင်းဆိုထားသည်။ ဧပြီလ ၁၄ ရက်တွင် သမ္မတ ဦးသိန်းစိန်ထံသို့ ဗြိတိန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က ပေးပို့သည် အိတ်ဖွင့်ပေးစာကို ဘာသာပြန်ဆို ဖေါ်ပြပေးလိုက်ပါသည်။
အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေးဆိုင်ရာ ဥပဒေလေးရပ်အတွက် အိတ်ဖွင့်ပေးစာကို ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံသို့ စာရေးတိုက်တွန်းပါသည်။

လူဦးရေ ထိန်းချုပ်ရေး ကျန်းမာရေး စောင့်ရှောက်မှုဥပဒေကြမ်း သို့မဟုတ် အခြားသော ဥပဒေချမှတ်မှုများ သည် ဘာသာရေးနှင့် လိင်အခြေခံပေါ်တွင် ပိုင်းခြားမှုများ အမြစ်တွယ်စေခြင်း သို့မဟုတ် လွတ်လပ် စွာတွေးခေါ်မှု၊ သိရှိမှု၊ ကိုးကွယ်မှု၊ တစ်ဦးချင်းအခွင့်အရး၊ ကလေးသူငယ် အခွင့်အရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ခွင့်များအပါအဝင် အခြားသော လူ့အခွင့်အရေးများကို လည်းထိခိုက်စေမည်ဖြစ်၍ လက်မှတ်ရေး ထိုးခြင်း မပြုရန် တောင်းဆို ပါသည်။

Amnesty International က အဆိုပါဥပဒေကြမ်းလေးရပ်နှင့် ပတ်သက်ပြီး အလွန်ကြောင့်ကြစိုးရိမ်မှု ရှိနေပါသည်။ ယင်းဥပဒေကြမ်း လေးရပ်အား အသေးစိတ် ခွဲခြမ်းစိတ်ဖြာလျက်ရှိပြီး အဆိုပါဥပဒေများသည် လူ့အခွင့်အရေး များစွာကို ချိုးဖောက်လာနိုင်သည့်အကျိုးဆက်များ ဖြစ်လာစေနိုင်သည်။

လူဦးရေ ထိန်းချုပ်ရေး ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကြမ်းကို၂၀၁၅ခုနှစ် ဧပြီ ၆ ရက်က အမျိုးသား လွှတ်တော်နှင့် ပြည်သူ့လွှတ်တော် နှစ်ရပ်လုံးက အတည်ပြုပြီးဖြစ်၍ ဥပဒေ အတည်ဖြစ်လာရန် သမ္မတက လက်မှတ်ရေးထိုး မည်ကို စောင့်ဆိုင်းနေချိန်ဖြစ်သည်။

ယင်းဥပဒေသည် လူ့အခွင့်အရေးကို ပြည့်ဝစွာပေးနိုင်ခြင်းမရှိသလို မျိုးဆက်ပွားခြင်းအပေါ် အတင်းအကျပ် ထိန်းချုပ်ခြင်းနှင့် ခွဲခြားဆက်ဆံမှုများကို ကာကွယ်စွမ်းမဲ့မည်ဟု သုံးသပ်ပါသည်။ လက်ရှိအနေအထားတွင် အဆိုပါဥပဒေကို လက်မှတ်မထိုးသင့်ပါ။

ဥပဒေကြမ်းကို လွှတ်တော်သို့ တစ်ဖန်လွဲအပ်၍ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေစံနှုန်းစံထားများနှင့် ကိုက်ညီအောင်ပြင်ဆင်ရေးဆွဲသင့်သည်ဟု ကျွန်တော် တို့ အလေးအနက်တိုက်တွန်းသည်။ ကုလသမဂ္ဂ က ပြဋ္ဌာန်းထားသည့် အမျိုးသမီးများအပေါ် ခွဲခြားဆက်မှု အလုံးစုံဖယ်ရှားရေး ပဋိညာဉ်နှင့် ကလေးသူငယ် အခွင့်အရေး ပဋိညာဉ်တို့ကို အတိအကျ တာဝန်ယူရမည်ဖြစ်သည်။

အခြားကျန်ရှိသည့် ဥပဒေကြမ်းသုံးရပ်က လွှတ်တော်တွင် အဆိုတင် ထားဆဲဖြစ်သည်။ထိုဥပဒေများအ တွက်လည်း တစ်မူကွဲပြားစွာဆင်ခြင်စဉ်းစား သုံးသပ်ရမည်ဖြစ်သည်။ ဘာသာကူးပြောင်းခြင်း ဥပဒေ ကြမ်းနှင့် ဗုဒ္ဓဘာသာ မြန်မာအမျိုးသမီးများ အထူးထိမ်းမြားခွင့် ဥပဒေတို့သည် လူ့အခွင့်အရေးနှင့် မလျော် ညီသောဥပဒေများဖြစ်သည်။

ထိုဥပဒေကြမ်းနှစ်ရပ် အတည်ပြုပြီး လက်မှတ်ရေးထိုးရန် သမ္မတထံ တင်ပြလာပါက လုံးလုံးပလပ်ပစ်ရန် ကျွန်တော်တို့ အလေးအနက် တိုက်တွန်းပါသည်။ တစ်လင်တစ်မယား ဥပဒေသည်လည်း တစ်ဦးချင်း အခွင့်အရေးများကို ချိုးဖောက်ရာရောက်ပြီး လက်ရှိအနေအထားနှင့်အတည်ပြုရန်မသင့်ပါ။

လူဦးရေ ထိန်းချုပ်ရေး ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်း

လူဦးရေထိန်းချုပ်ရေး ကျန်းမာရေးစောင့်ရှောက်မှုဥပဒေကြမ်း၏ ရည်ရွယ်ချက်အများစုသည် ယေဘုယျ အားဖြင့် ကြိုဆိုလက်ခံစရာ ဖြစ်သော် လည်း အမျိုးသမီများ၊ အမျိုးသားများနှင့် အရွယ်ရောက်ပြီးသူများ၏ မျိုးဆက်ပွားခြင်းနှင့် လိင်ပိုင်းဆိုင်ရာ အခွင့်အရေးများကိုအပြည့်အဝ လုံခြုံမှု မပေးနိုင်ပေ။

ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်း ဥပဒေ

လူ့အခွင့်အရေး တကမ္ဘာလုံးဆိုင်ရာကြေညာချက် UDHR  ၏ အခန်း ၁၈တွင် လွတ်လပ်စွာတွေးခေါ်ခွင့်၊ စဉ်းစားခွင့်နှင့် ကိုးကွယ်ခွင့်များကိုပြဌာန်းထားသည်။ တစ်စုံတစ်ဦး၏ ကိုးကွယ်ယုံကြည်ရာ ကူးပြောင်းခြင်း လွတ်လပ်ခွင့်ကို ယင်းကြေညာချက်တွင် ထည့်သွင်းထားသည်။ လူတစ်ဦးတစ်ယောက်၏ ကိုးကွယ်ယုံ ကြည်မှုသည် တစ်ဦးတည်းပုဂ္ဂလဘဝ အခွင့်အရေးသာဖြစ်သည်။

ဘာသာခြားသို့ ကူးပြောင်းခြင်းနှင့် ဘာသာစွန့်လွှတ်ခြင်းများသည် နိုင်ငံနှင့် သက်ဆိုင်ခြင်းမရှိသည့် ပုဂ္ဂိုလ်ရေး ကိုယ်ရေးကိုယ်တာသာ ဖြစ်သည်။

ဘာသာကူးပြောင်းခြင်းကို ထိန်းချုပ်ရန် ကြိုးစားသည့် ကိုးကွယ်ရာဘာသာ ကူးပြောင်းခြင်းဥပဒေကြမ်းသည် မလျော်မကန်သည့် ကိစ္စသာဖြစ်ပြီး UDHR ၏ သတ်မှတ်ပြဌာန်းချက်များကိုလည်းချိုးဖောက်ရာရောက်သည်။

ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးထိမ်းမြားခွင့် ဥပဒေကြမ်း

ဗုဒ္ဓဘာသာ အမျိုးသမီးများ အထူးထိမ်းမြားလက်ထပ်ခွင့် ဥပဒေကြမ်းသည် ဘာသာရေးနှင့် လိင်ပိုင်းဆိုင်ရာ ကို လုံးလုံးခွဲခြားဆက်ဆံသည့်ဥပဒေကြမ်းသာဖြစ်သည်။ ထိမ်းမြားလက်ထပ်ခြင်းဆိုင်ရာတွင် အရွယ် မရောက်သေးသော ကလေးငယ်များမှအပ လုံးလုံးလွတ်လပ်ခွင့်ရှိပြီး ညီမျှမှုနှင့် အကြမ်းဖက်မှုများမှ လွတ်ငြိမ်းမှုတို့ ခိုင်မာစေရန်သာ ဥပဒေဖြစ်သင့်သည်။

ယခု ဥပဒေသည် ဗုဒ္ဓဘာသာ အမျိုးသမီးနှင့် ဗုဒ္ဓဘာသာမဟုတ်သူ အမျိုးသား စုံတွဲတို့ကို လုံးဝခွဲခြားဆက် ဆံထားသည်။ ဗုဒ္ဓဘာသာ အမျိုးသားများကို ကန့်သတ်တင်းကြပ်မှုများမရှိဘဲ ယင်းအမျိုးသားများကို ဆန့် ကျင်သည့် ဗုဒ္ဓဘာသာ အမျိုးသမီးများကို ခွဲခြားဆက်ဆံထားသည့် ဥပဒေကြမ်းတစ်ရပ်ဖြစ်သည်။

တစ်လင် တစ်မယား ဥပဒေ

တစ်လင်တစ်မယားဥပဒေ၏ ရည်ရွယ်ချက်သည် ပြတ်ပြတ်သားသားမရှိပေ။ မြန်မာနိုင်ငံတွင် လက်ထပ် ထမ်းမြားခြင်းနှင့် ပတ်သက်သည့် ဥပဒေများက ရှိနှင့်ပြီးဖြစ်သည်။ ယခုဥပဒေကြမ်းသည် နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေစံချိန်စံညွှန်းများနှင့် မကိုက်ညီသည့် ဥပဒေဖြစ်သည်။

ကြီးမားကျယ်ပြန့်သည့် စိုးရိမ်ပူပန်မှု

အထက်ပါ ဥပဒေလေးရပ်နှင့် ပတ်သက်ပြီး အပြင်းအထန် စိုးရိမ်ပူပန်မှုကို ဖော်ပြမှုသည် Amnesty International တစ်ဖွဲ့တည်း မဟုတ်ပါ။ ဇန်နဝါရီလအတွင်းတွင် မြန်မာနိုင်ငံတွင်းရှိ လူမှုအဖွဲ့အစည်း ၁၈၀ ကျော်က လွှတ်တော်က ဥပဒေကြမ်းကို အတည်မပြုရန် ပူးတွဲထုတ်ပြန်ချက်ကို လက်မှတ်ရေးထိုးခဲ့ကြ သည်။

မတ်လတွင်လည်း  မြန်မာနိုင်ငံရှိလူ့အခွင့်အရေး ကုလသမဂ္ဂအထူးကိုယ်စား လှယ် ယန်ဟီလီးက "ဥပဒေ ကြမ်းလေးရပ်က မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုအတွက် အခက်အခဲဖြစ်လာနိုင်တယ်" ဟု သတိပေးလိုက်ကာ မြန်မာ အစိုးရအနေဖြင့် ယင်းဥပဒေများ ပြင်ဆင်ခြင်းသို့မဟုတ်ရုတ်သိမ်းခြင်းတို့အတွက် စဉ်းစားသင့်သည်ဟု ပြော ဆိုလိုက်သည်။

ထိုတစ်လတည်းမှာပင် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မြန်မာအစိုးရသည် လူမျိုးရေးနှင့်ဘာသာရေး တွင် နိုင်ငံတကာ လူ့အခွင့်အရေး စံများနှင့်အညီ ဥပဒေများ ခိုင်မာစေရန် လုပ်ဆောင်သင့်သည်ဟု တိုက် တွန်းသည်။

အဆိုပါဥပဒေများသည် မြန်မာနိုင်ငံအတွင်း ခွဲခြားဆက်ဆံမှုများနှင့် ဘာသာရေးအငြင်းပွားမှုများ မြင့် တက်နေချိန်တွင် ထွက်ပေါ်လာခြင်းကိုသုံးသပ်ဆင်ခြင်လျက် Amnesty International က စိုးရိမ်ခြင်းဖြစ် သည်။

ထို့အတွက်ကြောင့် လူဦးရေထိန်းချုပ်ရေး ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကြမ်းနှင့် ပတ်သက်ပြီး သမ္မတ လက်မှတ်မရေးထိုးပါရန် အလေး အနက် တိုက်တွန်းခြင်းဖြစ်သည်။ အခြားဥပဒေသုံးရပ်ကဲ့သို့လည်း ခွဲခြား ဆက်ဆံမှုများ ဖြစ်စေမည့် မည်သည့်စည်းကမ်း သတ်မှတ်ချက်များကိုမှ လက်မှတ်မထိုးပါရန် တိုက်တွန်းပါ သည်။

စဉ်းစားပေးသည့်အတွက် ကျေးဇူးတင်ပါသည်။ အထက်ပါအကြောင်းများ အပေါ် မည်သို့တုံ့ပြန်မည်ကို လည်း မျှော်လင့်နေပါသည်။

လေးစားလျက်
Amnesty International
Mizzima - News in Burmese

No comments:

Post a Comment

My Blog List