Friday, January 09, 2015

မဟာမိတ် လေတပ်က IS ပစ်မှတ်များကို ဗုံး(၅၀၀၀)နီးပါး ကြဲချပြီးဖြစ်ဟု အမေရိကန် ကြေညာ


အမေရိကန် ဦးဆောင်သည့် မဟာမိတ် လေတပ်များသည် အီရတ်နှင့် ဆီးရီးယားရှိ အစ္စလာမ်မစ် နိုင်ငံတော် (IS) စစ်သွေးကြွ ပစ်မှတ်များကို ဗုံးပေါင်း (၅၀၀၀)နီးပါးထိ ကြဲချခဲ့ကြောင်း သိရသည်။ အဆိုပါ ဗုံးကြဲတိုက် ခိုက်မှုများတွင် တင့်ကားများ၊ အဆောက်အအုံများ အပါအဝင် IS ပစ်မှတ် (၃၀၀၀)ကျော်ကို အပြီးအပိုင် သို့မဟုတ် တစ်စိတ်တစ်ပိုင်း ဖျက်ဆီးနိုင်ခဲ့ကြောင်း ပင်တဂွန် စစ်ဌာနချုပ်၏ ဇန်နဝါရီ ၇ ရက် ကြေညာချက် တွင် ဖော်ပြထားသည်။
ဩဂုတ်လက စတင်ကာ အမေရိကန်နှင့် မဟာမိတ် လေတပ်များသည် နာမည်ဆိုးဖြင့် ကျော်ကြားသည့် ဆွန်နီအစ္စလာမ်မစ် စစ်သွေးကြွ တပ်ဖွဲ့များကို လေကြောင်းမှ ထိုးစစ်ဆင်ခဲ့ခြင်း ဖြစ်သည်။ IS တပ်များသည် ဆီးရီးယားနှင့် အီရတ်ရှိ နယ်မြေ အမြောက်အမြားကို သိမ်းပိုက်ထားပြီး နိုင်ငံတကာက အသိအမှတ် မပြု သည့် အစ္စလာမ်မစ် နိုင်ငံတော်တစ်ရပ် ထူထောင်ထားသည်။

အမေရိကန်၏ ကြေညာချက်အရ လေကြောင်း တိုက်ခိုက်မှုများဖြင့် IS တပ်ဖွဲ့ပိုင် တင့်ကား (၅၈)စီး၊ ဟမ်းဗီး သံချပ်ကာယာဉ် (၁၈၄)စီး၊ ပစ်ကပ် ထရပ်ကားငယ် (၃၀၃)စီး၊ သံချပ်ကာယာဉ် (၂၆)စီးနှင့် အခြား ဘက်စုံသုံး ယာဉ် အမျိုးမျိုး (၃၉၄)စီးထိ ပျက်စီးခဲ့ကြောင်း သိရှိရသည်။

IS တပ်ဖွဲ့က အသုံးပြုနေသည့် ယာဉ်အများအပြားသည် အမေရိကန် စစ်ဘက်သုံး ယာဉ်များဖြစ်ပြီး အီရတ် တပ်ဖွဲ့များက IS ထိုးစစ်ကို မခုခံဘဲ ဆုတ်ခွာ ထွက်ပြေးစဉ် လက်ရ သိမ်းဆည်းခံခဲ့ရခြင်း ဖြစ်သည်။

IS တပ်ဖွဲ့၏ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများ ဖျက်ဆီးခံရမှု ပမာဏကို အမေရိကန် စစ်ဘက်က တိတိ ကျကျ မကြေညာသော်လည်း စစ်ဘက် ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးကြီး စတီဗန် ဝါရန်က “သူတို့ရဲ့ ထိခိုက်ပျက်စီးမှု ပမာဏက တော်တော်ကြီး မြင့်မားမယ်လို့ ယုံကြည်ပါတယ်”ဟု မှတ်ချက်ပြု ပြောကြားခဲ့ သည်။

အမေရိကန်နှင့် မဟာမိတ် လေတပ်များမှ လေယာဉ်များသည် ဆီးရီးယားနှင့် အီရတ် လေပိုင်နက်ထဲတွင် တိုက်ခိုက်ရေးကဏ္ဍ၊ ကင်းထောက်မှု ကဏ္ဍနှင့် လောင်စာဆီ ဖြည့်တင်းမှု ကဏ္ဍများအရ စုစုပေါင်း (၁၅၄၆၅)ကြိမ် ပျံသန်းခဲ့ကြောင်းလည်း ပင်တဂွန်၏ ကြေညာချက်တွင် ပါရှိသည်။

Ref: Channelnewsasia
7Day News Journal

No comments:

Post a Comment

My Blog List