Thursday, January 08, 2015

လိုက်ဘေးရီးယားနိုင်ငံတွင် အီဘိုလာဆေး စတင်စမ်းသပ်အသုံးပြု


အီဘိုလာရောဂါကို ကုသနိုင်မည့် ဆေးဝါးများကို လိုက်ဘေးရီးယားနိုင်ငံရှိ နယ်စည်းမခြားဆရာဝန်များ အဖွဲ့(MSF)ဌာနတွင် စတင်၍ စမ်းသပ်အသုံးပြု နေပြီဖြစ်သည်။ Brincidofovir ခေါ် ဗိုင်းရပ်စ်ကာကွယ်ဆေး ကို အီဘိုလာရောဂါရှင်များ၏ ဆန္ဒအရ စမ်းသပ်အသုံးပြုနေသည်။ ယင်းဆေးဝါးဖြင့် ကုသမှုခံယူရန် သဘော မတူသူများကို ပုံမှန်အတိုင်း ဆက်၍ကုသ ပေးနေသည်။
ယင်းဆေးဝါးစမ်းသပ်အသုံးပြုမှုကို ဦးဆောင်သည့် အောက်စဖို့ဒ်တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ကနဦး ရလဒ်များ လာမည့်လအနည်းငယ်အတွင်း ထွက်ပေါ်မည်ဟု မျှော်လင့်ထားသည်။

ဂီနီနိုင်ငံတွင် ဒီဇင်ဘာအတွင်းက စတင်ခဲ့သည့် ဆေးဝါးစမ်း သပ်အသုံးပြုမှုတွင် အလားတူဆေးဝါး တစ်မျိုးဖြစ်သည့် Favipiravir ပါဝင်သည်။

အီဘိုလာဗိုင်းရပ်စ်ပျံ့နှံ့မှုအတွင်း လူပေါင်း ၈,၀၀၀ ကျော် သေဆုံးခဲ့ပြီဖြစ်ကာ အများစုမှာ အီဘိုလာဗိုင်းရပ်စ် အဆိုးရွားဆုံး ပျံ့နှံ့ သည့် ဂီနီ၊ ဆီယာရာလီယွန်နှင့် လိုက်ဘေးရီးယားနိုင်ငံတို့မှ ဖြစ်သည်။

Brincidofovir နှင့် Favipiravir တို့ အပါအ၀င်စမ်းသပ်ဆဲ ဆေးများကို ပြီးခဲ့သည့်နှစ်က ထုတ်လုပ်ခဲ့ကြပြီး လူသားများနှင့် သိပ္ပံနည်းကျ စမ်းသပ်မှုအတွင်း အီဘိုလာဗိုင်းရပ်စ်ကို အောင်မြင် စွာ နှိမ်နင်းနိုင်ကြောင်း မည်သည့်ဆေးဝါးကိုမှ အတည်ပြုထားနိုင် ခြင်း မရှိပေ။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO, MSF, ဆေးဝါးကုမ္ပဏီများ၊ Wellcome Trust နှင့် အခြားကမ္ဘာ့ကျန်းမာရေး အဖွဲ့အစည်းများ အပါအ၀င် နိုင်ငံတကာက အီဘိုလာဗိုင်းရပ်စ်ကုသနိုင်ခြေရှိသော ဆေးဝါးများအဖြစ် သတ်မှတ်ထားသည့် အမြန်ထုတ်လုပ်နိုင်မည့် ဆေးဝါးများ ရရှိရန် ရည်ရွယ်ထားသည်။

Brincidofovir ဆေးကို ဓာတ်ခွဲခန်းများတွင် အီဘိုလာဗိုင်းရပ်စ်ပါရှိသော ဆဲလ်များဖြင့်စမ်းသပ်ရာတွင် ထိရောက်မှုများ ရှိခဲ့၍ ရွေးချယ်ရခြင်းဖြစ်ပြီး အခြားသော ဗိုင်းရပ်စ်များအတွက် စမ်းသပ်ကုသရာတွင် လူနာတစ်ထောင်ကျော်၌ အန္တရာယ်ကင်းပုံရကာ ဆေးပြားအဖြစ် တိုက်ကျွေးနိုင်ကြောင်း အောက် စဖို့ဒ် တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ပြောသည်။

သုတေသီများက လူနာတစ်ရာကျော် စုဆောင်းကာ ဆေးစမ်း သပ်အသုံးမပြုမီနှင့် ပြုပြီးချိန် ၎င်းတို့ဌာန တွင် သေဆုံးမှုနှုန်းကို နှိုင်း ယှဉ်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

ပြင်သစ်ကျန်းမာရေးဌာနက စမ်းသပ်နေသည့် Favipiravir ဟု ခေါ်သော အခြားဗိုင်းရပ်စ်ကာကွယ်ဆေး တစ်မျိုးကို တုပ်ကွေး ရောဂါရှင်များအတွက် အသုံးပြုထားပြီး ဖြစ်သည်။

အခြားသောဆေးဝါးများနှင့် ကုသနည်းများကိုလည်း သိပ္ပံ ပညာရှင်များစမ်း သပ်နေကြသည်။

စမ်းသပ်ကုသမှုများအတွင်း အီဘိုလာရောဂါ ကူးစက်ခြင်းမှ ကာကွယ်ရန် ထုတ်လုပ်ထားသည့် ကာကွယ်
ဆေးသုံးမျိုးလည်း ပါဝင်ပြီး ဆွစ်ဇာလန်၊ ဗြိတိန်၊ အမေရိကန်နှင့် မာလီနိုင်ငံတို့တွင် စမ်းသပ်နေသည်။

ယင်းဗိုင်းရပ်စ်ကို တိုက်ဖျက်ရန် ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီများစွာက ကြိုးစားနေကြစဉ် အီဘိုလာ ဗိုင်းရပ်စ်ကူးစက်ခံရ သူများကို စောစောစီးစီး လုံလောက်သော ရေဓာတ်ဖြည့်ပေးခြင်းနှင့် အာဟာရဖြည့်
ပေးခြင်းမှာ များစွာအရေးကြီးကြောင်း ကျွမ်းကျင်သူ များက ပြောသည်။

BBC
7Day News Journal

No comments:

Post a Comment

My Blog List