Tuesday, January 06, 2015

လက်ပံတောင်းတောင်စီမံကိန်းနှင့် ပတ်သက်ပြီး လျော်ကြေးငွေ ကျပ်သိန်းပေါင်း တစ်သိန်းကျော်ပေးလျော်ခဲ့ပြီးဟု အစိုးရထုတ်ပြန်၊ စီမံကိန်းပမာဏနှင့် နှိုင်းယှဉ်ပါက ဒေသခံများအားပေးသည့်လျော်ကြေးပမာဏမှာ နည်းပါးနေ


လက်ပံတောင်းတောင်စီမံကိန်းနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအပေါ် အကောင်အထည် ဖော်ဆောင်ရွက်မည့် ကော်မတီက ဇန်နဝါရီ ၅ ရက် ရက်စွဲဖြင့် သတင်းထုတ်ပြန်ချက်အမှတ် (၁/၂ဝ၁၅)ဖြင့် ထုတ်ပြန်ခဲ့ရာတွင်  လက်ပံတောင်းစီမံကိန်းနှင့် ပတ်သက်ပြီးလျော်ကြေးငွေ ကျပ်သိန်းပေါင်း ၁ဝ၇၉၆၆ ဒသမ ၉၂သိန်း ထုတ်ပေးခဲ့ပြီးဖြစ်ပြီး တောင်သူတစ်ဦးချင်းအနေဖြင့် လယ်မြေ၊ ယာမြေများအတွက် ထိုက် တန်သော လျော်ကြေးများကိုလည်း ရရှိခဲ့ကြပြီးဖြစ်သည်ဟု ကြေညာခဲ့သည်။

သို့သော်လည်း လက်ပံတောင်းတောင်ဒေသခံများ၊ အဆိုပါဒေသမှ လွှတ်တော် ကိုယ်စားလှယ်နှင့် လက်ပံတောင်းဒေသခံများအတွက် ကူညီပေးနေသူများက အဆိုပါ ကော်မတီ၏ ထုတ်ပြန်ချက်မှာ အမှန် တကယ် နစ်နာနေသူများကို ကိုယ်စားမပြုဘဲ ကိန်းဂဏန်းအချက်အလက်များအပေါ်ကိုသာ အမှီပြုပြီး ထုတ်ပြန်ထားခြင်းဖြစ်ကြောင်းနှင့် ဆုံးရှုံးနစ်နာခဲ့ရသော မြေပိုင်ရှင်များ၏ နစ်နာမှုများအပေါ် ထည့်သွင်းစဉ်း စားထားခြင်းမရှိကြောင်း ဝေဖန်ပြောဆိုလိုက် သည်။

အကောင်အထည်ဖော်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် လုပ်ငန်းအဖွဲ့ လေးဖွဲ့ဖြစ်သည့် သိမ်းဆည်းမြေ ယာများ စိစစ်ရေးအဖွဲ့၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့၊ လူမှုစီးပွားဆိုင်ရာ အကောင်အထည် ဆောင်ရွက်ရေးအဖွဲ့နှင့် သာသနိကအဆောက်အအုံများ ရွှေ့ပြောင်းခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်း အဖွဲ့တို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဆိုင်ရာ သဘောတူစာချုပ်ကို အသစ်ပြန်လည်ချုပ်ဆိုခဲ့သဖြင့် အကျိုးအမြတ်အပေါ်တွင် နိုင်ငံတော် မှ ၅၁ ရာခိုင်နှုန်း၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ၁၉ ရာခိုင်နှုန်းနှင့် မြန်မာဝမ်ပေါင်ကုမ္ပဏီမှ ၃ဝ ရာခိုင်နှုန်းရရှိကြောင်း၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အတွက် စီမံကိန်းလုပ်ငန်းများမစတင်မီ တည်ဆောက်ရေးကာလတွင် နှစ်စဉ် ဒေါ်လာ တစ်သန်းနှင့် ထုတ်လုပ်မှုကာလအတွင်း နှစ်စဉ်အသားတင်အမြတ်၏ နှစ်ရာခိုင်နှုန်း အချိုးကျထည့် ဝင်သုံးစွဲမည်ဖြစ်ပြီး မိုင်းပိတ်သိမ်းချိန်တွင် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နှစ်စဉ် ဒေါ်လာနှစ်သန်း ထည့်ဝင်သုံးစွဲသွားမည်ဖြစ်ကြောင်း သိမ်းဆည်းခဲ့သော မြေယာများနှင့်စပ်လျဉ်း၍ ၂ဝ၁၁ ခုနှစ်တွင် မြေသိမ်းဥပဒေနှင့်အညီ မြေခွန်၏ ၂ဝ ဆနှုန်းဖြင့် ပထမအကြိမ် မြေယာလျော်ကြေးပေး လျော်ခဲ့ရာ ဒေသခံများအားလုံး ထုတ်ယူခဲ့ပြီးဖြစ်သဖြင့် စီမံကိန်းမြေ သိမ်းဆည်းအမိန့်အား လုပ်ထုံးလုပ် နည်းနှင့် အညီ ထုတ်ပြန်ပြီးနောက် စီမံကိန်းနယ်မြေလုံခြုံရေးအတွက် ပုဒ်မ ၁၄၄ ကို ထုတ်ပြန်ခဲ့ကြောင်း၊  မြေယာထောက်ပံ့ကြေးများကို မြေယာအမျိုးအစားအလိုက် တစ်ဧကလျှင် သုံးသိန်းမှ ၁၂ သိန်းအထိ ထပ်မံပေးအပ်ခဲ့သဖြင့် မြေယာလျော်ကြေး နှင့်ထောက်ပံ့ကြေး ကျပ်သိန်းပေါင်း ၁ဝ၇၉၆၆ ဒသမ ၉၂ သိန်း ထုတ်ပေးခဲ့ကြောင်း၊ မြေယာထုတ်ယူသူ တောင်သူတစ်ဦးချင်းအနေဖြင့် လယ်မြေ၊ ယာမြေများအတွက် ထိုက်တန်သော လျော်ကြေးများ ရရှိခဲ့ကြပြီးဖြစ်ကြောင်း ဇန်နဝါရီ ၅ ရက်တွင်ထုတ်ပြန်သော ထုတ်ပြန်ချက် တွင် ဖော်ပြခဲ့သည်။

ယခု ထုတ်ပြန်ခဲ့သော အကောင်အထည်ဖော်ရေးကော်မတီ၏ ကြေညာချက်နှင့် ပတ်သက်ပြီး လက်ပံ တောင်းတောင်စီမံကိန်းဧရိယာနှင့် ထိစပ်နေသော ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က လက်ပံတောင်းတောင်ကြေးနီစီမံကိန်းမှ ရရှိနိုင်သည့် အကျိုးအမြတ်ဝင်ငွေနှင့် နှိုင်းယှဉ် မည်ဆိုပါက လက်ရှိဒေသခံများကို ပေးလျော်နေသည့် မြေယာလျော်ကြေး ပမာဏမှာ ပြောပလောက်သည့် ပမာဏ မဟုတ်ကြောင်း ဆိုသည်။

“အခုစီမံကိန်းက နှစ် ၃ဝ လုပ်ပိုင်ခွင့်ပေးထားတဲ့ စီမံကိန်းပါ။ ထွက်လာမယ့် ကြေးနီကိုပဲ ပေါက်ဈေးနဲ့ တွက်ကြည့်မယ်ဆိုရင်  ဒေါ်လာသန်းပေါင်းများစွာ တန်ပါတယ်။ ကြေးနီအပြင် အချို့တွက်ချက်ထားတာက ဒီစီမံကိန်းကနေ ရွှေတို့၊ ယူရေနီယံတို့ ထွက်လာမယ်ဆိုရင် ဒီထက် အကျိုးအမြတ်တွေ ရဦးမှာပါ။ လက်ရှိလျော်ကြေးပေးထားတဲ့ လယ်ယာမြေလျော်ကြေးနဲ့ အကျိုးအမြတ်ကိုကြည့် ရင် ပေးထားတာက ပြောပလောက်တဲ့ ပမာဏမဟုတ်ပါဘူး” ဟု စီမံကိန်းမှ ရရှိလာမည့် အကျိုးအမြတ်အခြေအနေကို ရှင်းပြသည်။

လယ်ယာမြေလျော်ကြေးနှင့် ပတ်သက်ပြီး ဒေသခံများသည် သားစဉ်မြေးဆက် လုပ်ကိုင်နိုင်သည့် လယ်ယာ
မြေများကို ဆုံးရှုံးလိုက်ရပြီး ထိုက်သင့်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖော်ဆောင်မပေးနိုင်ခြင်း ကြောင့် ဒေသခံများအနေဖြင့် စီးပွားရေးအခက်အခဲများဖြင့် ရင်ဆိုင်နေရကြောင်း ၎င်းက ဆိုသည်။

“အဓိကက ဒေသခံတွေဟာ လယ်ယာလုပ်ငန်းပဲ လုပ်ကြတာပါ။ အိမ်သား ငါးယောက်လောက်ရှိတဲ့အိမ်မှာ လယ်ယာရှိရင် အကုန်လုံး အလုပ်ရှိတယ်။ အခုဟာက လယ်ယာမရှိ၊ အလုပ်ပေးတယ်ဆိုတော့လည်း တစ်အိမ်မှာ တစ်ယောက်၊ နှစ်ယောက်အပြင် အပိုမရဘူး။အဖေအလုပ်ရရင် သားမရဘူး။ သားရရင် အဖေက အသက်ကြီးလို့ အလုပ်မရဘူး။ လယ်ယာအလုပ်ဆိုတာက အဖေသေသွားလည်း ကျန်တဲ့သူတွေ ဆက်လုပ်လို့ရတယ်။ အဓိကကတော့ ဒေသခံတွေ စိတ်ကျေနပ် နားလည်လာအောင် လုပ်ပေးဖို့ အရေးကြီးတယ်” ဟု ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြား သည်။

မြန်မာဝမ်ပေါင်ကုမ္ပဏီအနေဖြင့် လက်ပံတောင်းတောင် စီမံကိန်းဧရိယာအတွင်း ပါဝင်သောကျေးရွာများမှ ဒေသခံများကို အလုပ်အကိုင်များ ဖန်တီးပေးနေသည် ဆိုသော်လည်း လက်ရှိစားဝတ်နေရေး၊ လူနေမှု စရိတ်နှင့် ကိုက်ညီသော လုပ်ခလစာကို ရရှိခြင်းမရှိသောကြောင့် ဆန္ဒပြမှုများနှင့် ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောကြားကြသည်။

ယခုရက်ပိုင်းအတွင်း လက်ပံတောင်းဒေသသို့ သွားရောက်ကာ ဒေါ်ခင်ဝင်းသေဆုံးမှုနှင့် ပတ်သက်ပြီး စုံစမ်းလေ့လာမှု ပြုလုပ်ခဲ့သည့် ရှေ့နေများကွန်ရက်အဖွဲ့ဝင် ဦးသိန်းသန်းဦးကလည်း “ထိုက်တန်တဲ့လျော် ကြေးဆိုတာ ဘာကိုပြောတာလဲ။ ဒါက အစိုးရရဲ့ ပြောနေကျပဲ။ သူတို့ပြောတဲ့အတိုင်းဆိုရင် တောင်သူလယ် သမားတွေ တကယ်ရလို့လား။ မြေယာလျော်ကြေးပေးတဲ့အခါ လျော်ကြေးသတ်မှတ်ပေးတဲ့အထဲမှာ ကျွမ်း ကျင်သူတွေပါရဲ့လား။ တိတ်တိတ်ပုန်း ပေးထားတာတွေနဲ့ စာရွက်ပေါ်တင်ပြီး ပြောလို့မရဘူး။ ထိုက်တန် တယ်ဆိုရင် လယ်သမားတွေက အခုလို အသက်အသေခံပြီး ဆန္ဒပြမှာမဟုတ်ဘူး။ အသေခံတောင်းဆိုနေ မှာ မဟုတ်ဘူး။ သူတို့ လျော်ကြေးပေးတဲ့အခါ ပွင့်လင်းမြင်သာမှု လုံးဝမရှိဘူး။ ဒါကြောင့် အခုကြေညာချက် မှာပါတဲ့ ထိုက်တန်တဲ့လျော်ကြေးဆိုတာကို ယုံကြည်မှုမရှိဘူး။ ကျွန်တော့်ဘဝနဲ့ရင်းပြီးကို မယုံကြည်တာ။ သူတို့ကလည်း ဘယ်တော့မှ အမှန်ပြောမယ့်သူတွေ မဟုတ်ဘူး” ဟု ဆိုသည်။

စီမံကိန်း အစီရင်ခံစာပါ အကောင်အထည်ဖော်ဆောင်ရွက်ရေးကော်မတီ၏ ကြေညာချက်တွင် မြေယာ လျော်ကြေးနှင့် ထောက်ပံ့ကြေးငွေ ကျပ်သိန်းပေါင်း တစ်သိန်းကျော် ထုတ်ပေးခဲ့ပြီးဖြစ်သည်ဟု ထုတ်ပြန်ခဲ့ သော်လည်း စီမံကိန်းဧရိယာအတွင်း ပါဝင်နေသည့် ယာမြေများ၏ တန်ဖိုးမှာ ကျပ် သိန်း ၃ဝ ကျော်ရှိ ကြောင်း၊ တောင်သူများအနေဖြင့် ကာလတန်ဖိုးနှင့် လိုက်လျော်ညီထွေရှိသည့်  တန်ဖိုးကို မရရှိခြင်းကြောင့် ယခုကဲ့သို့ ပြ ဿနာများ ဖြစ်ပေါ်နေရခြင်း ဖြစ်ကြောင်း သုံးသပ်မှုများလည်း ရှိသည်။

တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက “အခုအချိန်မှာ လယ်မြေတစ်ဧက ပေါက်ဈေးက လက်ပံ တောင်းဧရိယာမှာတင် ကျပ် သိန်း ၃ဝ ကျော်ရှိတယ်။ ကော်မရှင်အစီရင်ခံစာက ၁၅ သိန်း သတ်မှတ်ပေးလို့ အစိုးရ ဒီအပေါ်မှာပဲ တွက်ပြီးပြောနေတာ။

တကယ်ဖြစ်နေတာက ၁၅ သိန်း၊ ၂၅ သိန်း၊ သိန်း ၃ဝ ဆိုတာတွေ မဟုတ်ဘူး။ အဓိကအချက်က လယ် သမားတွေရဲ့ဘဝ လုံခြုံမှုမရှိတာ။ ၁၈၉၄ မြေသိမ်းဥပဒေအရ အစိုးရအနေနဲ့ မြေသိမ်းခွင့်ရှိတယ်။ ဒါပေမဲ့ မြေအသိမ်းခံရသူတွေ ကျေနပ်အောင် လုပ်ပေးရမယ်။ တောင်းဆိုတာတွေကို အလေးအနက်ထားပေး ရမယ်။ အခု သူတို့ကအဲဒါတွေကို လုပ်မပေးဘူး။ လယ်သမား ၇ဝ ကျော်ကိုတောင် တရားစွဲထားတယ်။ တရုတ်ကစွဲတဲ့အမှုတွေကျတော့ လက်ခံပေးထားတယ်။ အကျိုးဖျက်ဆီးမှု၊ ပိုင်နက်ကျူးလွန်မှုတွေနဲ့ တရားစွဲ တယ်။ ဒေါ်ခင်ဝင်းအမှုကို တရားစွဲဖို့ခက်ပေမယ့် တရုတ်က တရားစွဲတာကျတော့ အမှုတွေတသီကြီး ဖွင့်ထားတယ်။ ဒေါ်ခင်ဝင်းဖြစ်စဉ်တုန်းကဆိုရင် ရဲနဲ့အတူ တရုတ် ၇ဝဝ လောက်ပါတယ်။ အဲဒီလူတွေကို ကျတော့ ဘာမှလုပ်လို့မရဘူး။ မတရားမှုတွေက ပြောလို့မနိုင်အောင်ကို များနေတယ်” ဟု ဆိုသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးအစီ ရင်ခံစာအပေါ် အကောင် အထည်ဖော်ဆောင်ရွက်မည့် ကော်မတီ၏ ကြေညာ ချက်နှင့်ပတ်သက်ပြီး စီမံကိန်းဧရိယာအတွင်း ကျရောက်သည့် ဝက်မှေးကျေးရွာမှ မသွဲ့သွဲ့ဝင်းက “ဒီကြေညာချက်ကို သမ္မတရဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ဦးရဲထွဋ်ရဲ့ ဖေ့စ်ဘွတ်မှာတစ်ဆင့် ပြန်လည်ဝေမျှထားတာ တွေ့ရပါတယ်။ ပြောချင်တာက ဦးရဲထွဋ်အနေနဲ့ လက်ပံတောင်းကို ဘယ်နှစ်ခေါက်ရောက်ဖူးပါသလဲ။ ကြေညာချက်မှာ တောင်သူတွေက လျော်ကြေးယူ ထားတယ်လို့ ထည့်သွင်းပြောဆိုထား ပါတယ်။ မယူရသေးတဲ့သူတွေ သေနတ်မှန်သေဆုံးတဲ့အဖြစ်ကို ထည့်ပြော ထားတာ မပါပါဘူး။ လျော်ကြေးတွေ မယူရသေးတဲ့အတွက် အခုလို သေနတ် မှန်သေဆုံးရတဲ့ အခြေအနေအထိ ဖြစ်လာတာပါ” ဟု ပြောကြားသည်။

အလားတူ စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် ဆည်တည်းကျေးရွာမှ မဝင်းဌေးက “အကုန်လျော်ကြေးယူ ထားတယ်ဆိုတာ လုံးဝမဟုတ်ဘူး။ ၁၁၁၃ ဒသမ ၁၇ ဧက လျော်ကြေးလုံးဝ မယူရသေးဘူး။ အဲဒါတွေ အကုန်လုံးကို ခြံစည်းရိုးခတ်ပြီး ယူသွားကြပြီ။ သပိတ်စခန်းဖွင့်တယ်ဆိုတာကလည်း ကိုယ့်လယ်ကိုယ်ပြန် ရဖို့ လုပ်နေကြတာ။ တကယ်လုပ်ကိုင်စားသောက်နေတဲ့ ဦးပိုင်ပေါက်မြေယာတွေက လုံးဝလျော်ကြေးမယူ ရသေးဘူး။ ရပ်/ ကျေးအုပ်ချုပ်ရေးမှူးတွေက အလွဲသုံးစား လုပ်ပြီး လျော်ကြေးထုတ်ကြတယ်။အာဏာပိုင် တွေက ခြိမ်းခြောက်တဲ့ အတွက် မိသားစုအတွင်းမှာ စိတ်ဝမ်းကွဲတာတွေရှိတယ်။ တချို့ မြေယာတွေက ကိုယ်တိုင်ခုတ်ထွင် ရှင်းလင်းထားတဲ့ မြေယာတွေ။ အဲဒီတော့ ဦးပိုင်မပေါက်ဘူး။ ဒါကို အာဏာပိုင်တွေက အထက်ကိုတင်ပြပြီး ဒီအတွက် လျော်ကြေးလိမ်ထုတ် ထားကြတာ” ဟု ပြောကြားသည်။

ဇန်နဝါရီ ၅ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သော လက်ပံတောင်းတောင်ကြေးနီ စီမံကိန်း နှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးရေးအစီရင်ခံစာအပေါ် အကောင် အထည်ဖော်ဆောင်ရွက်မည့် ကော်မတီ၏ကြေညာချက် တွင် အချက် ၂ဝ ပါဝင်ခဲ့သော်လည်း လက်ရှိဖြစ်ပျက်နေသော ဒေသခံများ၏ စိုက်ခင်းများဆုံး ရှုံးပျက်စီးမှု အပေါ်တွင် ပေးလျော်မည့် လျော်ကြေးငွေပမာဏ၊ မြန်မာဝမ်ပေါင် ကုမ္ပဏီ၏ ခြံစည်းရိုး တိုးချဲ့ခတ်မှုတွင် ကန့်ကွက်ရာမှ သေဆုံးခဲ့သူ ဒေါ်ခင်ဝင်းနှင့် ပတ်သက်ပြီး မည်သို့ဖြေရှင်းပေးမည်ဆိုသည်ကို ဖော်ပြ ထားခြင်းမရှိကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List