Friday, January 09, 2015

ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် ချားစ်ဘိုနှင့် တွေ့ဆုံမေးမြန်းခြင်း


အမေး။ ။ ဆရာတော်အား ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ဘာကြောင့် ရွေးကောက်ခဲ့တယ်လို့ထင်ပါသလဲ။

အဖြေ။ ။ ပုပ်ရမင်းကြီးက မသိတဲ့သူတွေ၊ မေ့နေတဲ့သူတွေ၊ ဆင်းရဲတဲ့သူတွေကို အဝေးမှာနေတဲ့သူတွေကို ပိုပြီး ဦးစားပေး တယ်။ အရင်က ကာဒီနယ်ပေးတယ် ဆိုတာ အီတလီ၊ အမေရိကန်နိုင်ငံ ထင်ရှားတဲ့နေရာတွေကနေပြီး ရွေး တယ်။ ကက်သလစ်အများကြီးရှိတဲ့ နေရာ ကနေပြီး ရွေးလေ့ရှိတယ်။
မြန်မာပြည်က ဒီမိုကရေစီပွင့်လင်းလာတဲ့ ရာသီဖြစ်တယ်ဆိုတော့ သူအားပေးချင်တဲ့ သဘောမျိုးနဲ့ ကမ္ဘာ ကိုလည်း သိစေချင်တဲ့သဘောမျိုးနဲ့ နိုင်ငံတော်ကို ဂုဏ်ပြုချင်တဲ့ သဘောမျိုးနဲ့ရော ကမ္ဘာကလည်း မိသားစု ချင်းဖြစ်တာကြောင့် တစ်နိုင်ငံနဲ့တစ်နိုင်ငံ ဝိုင်းကူညီကြဖို့အတွက် ဖြစ်တယ်။

အမေး။ ။ ဆရာတော်နဲ့ ပုပ်ရဟန်းမင်းကြီးတို့ တိုက်ရိုက်တွေ့ဆုံခွင့် ရမယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဘာတွေဆွေးနွေးသွားဖို့ ရှိပါသလဲ။

အဖြေ။ ။ ဆရာတော်တို့အနေနဲ့က မြန်မာပြည်တကယ်စစ်မှန်တဲ့၊ တရားမျှတတဲ့ ဒီမိုကရေစီရဖို့နဲ့ ရွေးကောက်ပွဲ တွေ လုပ်နိုင်ဖို့။ မြန်မာပြည်ကို စိတ်ဝင်စားပြီး အချင်းချင်းဝိုင်းဝန်းကူညီပေးကြဖို့အတွက် ဆွေးနွေးသွားပါမယ်။ မြန်မာပြည်မှာ ငြိမ်းချမ်းရေး၊ ဘာသာရေးကြောင့် အဓိကရုဏ်းဖြစ်နေတာတွေ ရှိတယ်။ လူမျိုး ရေးကြောင့် တပ်မတော်နဲ့ ပြည်တွင်း
စစ်တွေ ဖြစ်တယ်။ ဒီကိစ္စတွေကို ဆွေးနွေးပြီးနောက် သူတို့အနေနဲ့ ဘယ်လို အကြံဉာဏ်ပေးချင်လဲ ပြောမယ်။

အမေး။ ။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဘာသာရေး အဓိကရုဏ်းတွေအပေါ် ဘယ်လိုမြင်ပါသလဲ။

အဖြေ။ ။ ရခိုင်နဲ့ ဘင်္ဂါလီကိစ္စမှာ ဘာသာရေးခေါင်းဆောင်တွေ ခဏခဏ တွေ့ဆုံဆွေးနွေးကြရမယ်။ လက်ရှိ အခြေ အနေကို ပြောကြမယ်။ ထုတ်ပြန်ကြေညာချက်တွေ ထုတ်ကြမယ်။ အဲဒီလို များများလုပ်နိုင်လေ ငြိမ်းချမ်းရေး တစ်ဖြည်း 
ဖြည်း ဖြစ်သွားမယ်။ မြန်မာပြည်မှာ အားလုံးက ဘာသာရေးကို ကိုင်းရှိုင်းသူတွေချည်းပဲ။ဘာသာရေး ခေါင်းဆောင်တွေ အချင်းချင်း ညီညွှတ်ကြတယ်။ ဆွေးနွေးကြတယ်။ နားလည်မှုပြတယ်ဆိုရင် တစ်ခြားဗဟုသုတတွေ ပိုပြီးရရှိလာမယ်။ ဒီပြဿနာကြီးက အကြာကြီးအောင်းနေမယ်ဆိုရင် ပိုပြီး အခက်အခဲဖြစ်နိုင်တယ်။

အမေး။ ။ အမုန်းစကားနဲ့ ပတ်သက်ပြီး ဘာသာရေး အဓိကရုဏ်းတွေ ဦးတည်လာတဲ့အပေါ် ဆရာတော်သုံး သပ်ပေးပါဦး။

အဖြေ။ ။ အပြင်မှာရှိတဲ့ မူစလင်တွေက ပြောကြတယ်။ မြန်မာပြည်မှာရှိတဲ့ မူစလင်တွေကို ညှင်းဆဲတယ် ဘာညာ ဆိုတဲ့ ဟာတွေက ဒီပြဿနာကို ရှင်းနိုင်မှ မရှင်းနိုင်ဘူးဆိုရင် နိုင်ငံတကာ အကြမ်းဖက်သူတွေ လာနိုင်တယ်။ အဲ့ဒီအလားအလာ ရှိတယ်။ ဗုဒ္ဓဘာသာအပိုင်း ကြည့်တဲ့အခါမှာ ဦးဆောင်နေတဲ့ ဆရာတော်တွေအနေနဲ့ ကြည့်တဲ့အခါလည်းပဲ တစ်ကမ္ဘာ လုံးရဲ့ အခြေအနေတွေ သတင်းတွေ၊ မူစလင်တွေရဲ့ အကြမ်းဖက်မှုတွေမှာ မူစလင်အနည်းစုလုပ်ပေမယ့် သူတို့က အဲဒီလိုပေါ်နေတယ်။ ဗုဒ္ဓဘာသာနဲ့ ပြန်စဉ်းစားရင် ၈၅ ရာခိုင် နှုန်းရှိပြီး ဒါတွေကို လက်ခံလို့ရှိရင် ဗုဒ္ဓဘာသာအတွက် အန္တရာယ်ဖြစ်သွားမယ်။ သူတို့လည်း စည်းတားတဲ့ သဘောနဲ့ ပြောတာဆိုတာတွေက အစ္စလာမ်ဘာသာကို ရှုပ်ချပြောတဲ့ စကားတွေလည်း အမုန်းစကားတွေ ပါလာတယ်။ ဘယ်လိုပဲဖြစ်နေနေ အကြမ်းဖက်တာကိုတော့ ဘယ်လိုမှ လက်မခံဘူး။ ဗုဒ္ဓဘာသာဆိုတာ သိမ်မွေ့တာဖြစ်တဲ့အတွက် အဖြေရှာပြီး လုပ်နိုင်ဖို့ အရေးကြီးတယ်။

အမေး။ ။ မျိုးစောင့် ဥပဒေတွေအပေါ် ဆရာတော်အမြင်။

အဖြေ။ ။ လက်ထပ်ထိမ်းမြားခြင်းနှင့် ပတ်သက်ပြီး ဘာသာရေးဆိုတာ ယုံကြည်မှုသက်သက်ပဲဖြစ်တယ်။ ဘယ်သူကမှ ကိုယ့်ကိုဟိုဘာသာပြောင်းပါ။ အဓမ္မလုပ်လို့ မရဘူး။ ဘာသာပြောင်းချင်တယ်ဆိုရင် အာဏာပိုင်တွေကို တင်ရမယ်။ သူတို့ခွင့်ပြုမှဆိုတာ ဆရာတော်အနေနဲ့ လုံးဝလက်မခံဘူး။ ဘာသာရေးကို အတင်းအကြပ် လုပ်တယ်ဆိုရင် ဒီမိုကရေစီ ရဲ့ခွန်အားက နည်းနေတယ်။ လွတ်လပ်တဲ့နေရာ မဟုတ်တော့ဘူး။ ဘာသာရေးကို လွတ်လွတ်လပ်လပ်နဲ့ တစ်ဖက်သား ဘာသာကို ရိုသေမယ်။ လေးစားမယ်။ ထိခိုက်တဲ့ စကားတွေ၊ ရှုတ်ချတဲ့ စကားတွေ မပြောဖို့ အရေးကြီးတယ်။

အမေး။ ။ ဆရာတော်အနေနဲ့ ပြုလုပ်သွားမယ့် ရှေ့လုပ်ငန်းစဉ်များကိုလည်း သိရှိလိုပါတယ်။

အဖြေ။ ။ အဓိကအရေးကြီးတဲ့ ကဏ္ဍဖြစ်တဲ့ ရခိုင်နဲ့ ကေအိုင်အေဘက်ကို အရေးပေးပြီး ဆောင်ရွက်မယ်။ ဘာသာရေး ခေါင်းဆောင်တွေနဲ့ ပူးပေါင်းမယ်။ အစိုးရက ဘယ်လောက်ခွင့်ပြုမလဲ၊ ဆင်းရဲသူတွေကို ပညာရေးပိုင်း၊ လူမှုဖွံ့ဖြိုးတိုးတက်ရေးပိုင်းမှာ အားပေးမယ်။ ဗာဒီကန်နဲ့ အစိုးရသံအမတ် ဆက်သွယ်ရေးမှာ လုပ်နိုင်ဖို့ဆောင်ရွက်ချင် တယ်။

အမေး။ ။ ရဟန်းမင်းအမတ် အနေနဲ့ ဘယ်လိုတာဝန်တွေ ထမ်းဆောင်ခွင့်ရရှိလာမလဲ။

အဖြေ။ ။ ဒီနယ်ဖြစ်ပြီးနောက်ပိုင်း ရဟန်းမင်းကြီး ပျံလွန်တော်မူပြီးဖြစ်စေ၊ ရဟန်းမင်းကြီး အနားယူတဲ့အခါဖြစ်စေ၊ နောက် ထပ်ရဟန်းမင်းကြီး အသစ်ရွေးဖို့အတွက် ကာဒီနယ်အပါး ၁၂၀ က မဲပေးပိုင်ခွင့် ရှိတယ်။ ကိုယ်ကလည်း ရဟန်း မင်းကြီး အဖြစ်နဲ့ ရွေးကောက်နိုင်ခြင်းခံနိုင်တဲ့ အခွင့်အရေးလည်း ရှိတယ်။ အသက် ၈၀ မပြည့်မချင်း ရဟန်းမင်းကြီး ဖြစ်ပိုင်ခွင့်ရှိ တယ်။

ဆရာတော်ကို ကာဒီနယ်အဖြစ်နဲ့ ရွေးတယ်ဆိုတာ ကိုယ်ရဲ့ဂုဏ်သိက္ခာထက်၊ ရဟန်းမင်းကြီးက မြန်မာပြည်ကို ဦးစားပေးချင်တယ်။ တိုးတက်စေချင်တဲ့ သဘောမျိုးဖြစ်တဲ့အတွက်ကြောင့် ကမ္ဘာက မြန်မာပြည်ကို ပိုပြီးအားပေးမယ်။ ဆရာတော်အနေနဲ့ ဘာသာခွဲခြားမှုမရှိဘဲ အချင်းချင်း ညီအစ်ကိုမောင်နှမလို မြင်တတ်ရင်၊ စိတ်ကောင်းနှလုံးကောင်း နဲ့ မြင်တတ်တယ်ဆိုရင် မြန်မာပြည်က ပိုပြီးငြိမ်းချမ်းမယ်။ ငြိမ်းချမ်းဖို့ အတွက် တရားမျှတမှု ရှိရမယ်။ တရားမျှတမှု ရှိမယ် ဆိုရင် တိုးတက်မယ်။

ဆရာတော်ချားစ်ဘို၏ အတ္ထုပ္ပတ္တိအကျဉ်း

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ မုံလကျေးရွာတွင် ဖွားမြင်ခဲ့သူ သက်တော် ၆၆နှစ် ၊ရဟန်းဝါ ၃၅ ဝါနှင့် ဆရာတော်ဝါ ၂၅ ဝါရှိ ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်ဆရာတော် ဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List