Monday, January 05, 2015

လွတ်လပ်ရေးနေ့တွင် လွတ်လပ်ရေး ကြေညာစာတမ်း အရွက်ရေ ၁၀၀၀၀ ရန်ကုန်မြို့အနှံ့ ဖြန့်ဝေ


လွတ်လပ်ရေးနေ့တွင် လွတ်လပ်ရေး ကြေညာစာတမ်း အရွက်ရေ တစ်သောင်းကို ရန်ကုန် နိုင်ငံရေးသိပ္ပံ ကျောင်းသားဟောင်း ငါးဦးက ဇန်န၀ါရီ ၄ ရက် နံနက် ၉ နာရီကျော်ခန့်တွင် ရန်ကုန်မြို့အနှံ့ ဖြန့်ဝေခဲ့ ကြောင်း သိရသည်။

အဆိုပါ လွတ်လပ်ရေး ကြေညာစာတမ်း အရွက်ရေ ၁၀၀၀၀ ကို ရန်ကုန် နိုင်ငံရေးသိပ္ပံ ကျောင်းသား ကျောင်းသူဟောင်း ငါးဦးတို့က ပုဇွန်တောင်မြို့နယ် ၅၁ လမ်းမှ စတင်၍ ပြည်သူများကို စာတမ်းများ ဖြန့်ဝေ ခဲ့ပြီး အနော်ရထာလမ်း၊ ဆူးလေဘုရားလမ်းတို့တစ်လျှောက် လွတ်လပ်ရေး ကြေညာစာတမ်းများကို ဖြန့်ဝေခဲ့ကြသည်။

ထို့ပြင် ရန်ကုန်မြို့အတွင်းရှိ မြို့နယ် အနှံ့အပြားတွင် လွတ်လပ်ရေး ကြေညာစာတမ်းများကို ဖြန့်ဝေသွားမည် ဟု သိရသည်။

“ဒီ လွတ်လပ်ရေး ကြေညာစာတမ်းထဲမှာ လွတ်လပ်ရေးကို ဘယ်လိုတိုက်ယူ ခဲ့ရတယ်ဆိုတဲ့ အကြောင်း တွေ ပါတယ်။ ကြေညာစာတမ်း အပိုဒ်လေးမှာ ‘ငါတို့နိုင်ငံသည် တစ်မျိုးတစ်ဘာသာအတွက် မဟုတ်ဘူး’ အပိုဒ် (၅) မှာက ‘ငါတို့ နိုင်ငံသည် မည်သူ တစ်ဦးတစ်ယောက်၊ တစ်ဖွဲ့တစ်သင်း၏ ဘိုးဘွားပိုင် အမွေအနှစ် မဟုတ်ဘူး’ ဆိုတဲ့ အချက်တွေ ပါတယ်။ အဲဒီ အချက်တွေကို ပြည်သူတွေကို သိစေချင်တယ်။ ဒါကြောင့် ဒီလွတ်လပ်ရေး ကြေညာစာတမ်းကို ဖြန့်ဝေတာ ဖြစ်ပါတယ်။ အခုက ဘာဖြစ်နေလဲဆိုတော့ ပြည်သူတွေ တော်တော်များများက ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေးရခဲ့တာကို သိကြတယ်။ ဒါပေမဲ့ လွတ်လပ်ရေးရခဲ့တယ် ဆိုတာကိုပဲ သိပြီး လွတ်လပ်ရေး ကြေညာစာတမ်း ရှိတယ်ဆိုတာ မသိကြတဲ့အတွက် အခုလို ဖြန့်ဝေ တာပါ” ဟု လွတ်လပ်ရေးကြေညာစာတမ်း ဖြန့်ဝေနေသည့် ကိုထက်အောင်လင်းက ပြောပြသည်။

ဆက်လက်ပြီး ၎င်းက “အစိုးရအနေနဲ့ အခုလို လွတ်လပ်ရေးနေ့မှာ လွတ်လပ်ရေး ကြေညာစာတမ်းကို တရားဝင် ပြောပြသင့်တယ်။ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ ဖြစ်ပေါ်နေချိန်မှာ လွတ်လပ်ရေး ရယူခဲ့ တုန်းက လူမျိုးဘာသာမရွေး တိုက်ယူခဲ့တယ်ဆိုတာ ပြည်သူတွေကို ပြောပြစေချင်ပါတယ်” ဟု ဆိုသည်။

ရန်ကုန် နိုင်ငံရေးသိပ္ပံ ကျောင်းသားဟောင်းများသည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် လွတ်လပ်ရေးနေ့တွင်လည်း လွတ်လပ်ရေး ကြေညာစာတမ်းများကို ရန်ကုန်မြို့ အနှံ့တွင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List