Monday, January 05, 2015

နိုင်/ကျဉ်းများ ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရန် အဖွဲ့ ၂၂ ဖွဲ့ ဆန္ဒပြ


နိုင်ငံရေးတက်ကြွလှုပ်ရှားသူများအား ဖမ်းဆီးခြင်းများရပ်တန့်ပြီး နိုင်ငံရေး အကျဉ်းသားအား လုံးခြွင်းချက် မရှိဘဲ အမြန်ဆုံးပြန်လွှတ်ပေးရန် ဇန်န၀ါရီ ၄ ရက် ၆၇ နှစ် မြောက် လွတ်လပ်ရေးနေ့တွင် အဖွဲ့အစည်း ၂၂ဖွဲ့က ဆန္ဒပြ တောင်းဆိုလိုက်သည်။

ကျောက်တံတားမြို့နယ်၊ မဟာဗန္ဓုလပန်းခြံဝင်းထဲရှိ လွတ်လပ်ရေးကျောက်တိုင် ရှေ့မှ မြို့တော်ခန်းမကို မျက်နှာမူပြီး လူအင်အား ၁၀၀ ခန့်ဖြင့် ဆန္ဒဖော်ထုတ် ခဲ့ပြီး လွတ်လပ်ရေးကျောက်တိုင်အား အလေးပြုခြင်း၊ နိုင်ငံတော်သီချင်း သီဆိုခြင်းနှင့် ငှက်လွှတ်ခြင်းတို့ ပြုလုပ်ခဲ့သည်။ 

ထို့ပြင်ဆူးလေ စေတီတော်သို့ လမ်းလျှောက်ကာ ဘုရားတွင် နိုင်ငံရေးအကျဉ်းသားများ လွှတ်မြောက်ရေး အတွက် ဆု တောင်းပွဲ ပြုလုပ်ခဲ့သည်။

ဒီမိုကရေစီ၏ အနှစ်အရသာကို ပြည်သူများ မခံစားကြရသေးခြင်းကြောင့် ဒီမိုကရေစီနည်း ကျကျ ပဋိပက္ခ များကို ငြိမ်းချမ်းစွာညှိနှိုင်းအဖြေရှာမှုမျိုး လုပ်ရမည့်အစား ဖမ်းဆီးထိန်းသိမ်းခြင်း၊ အကြမ်းဖက်သတ်ဖြတ်ခြင်း များကို ကျင့်သုံးနေခြင်းကြောင့် တိုင်းပြည်၏ နေ့ထူးနေ့မြတ်လည်းဖြစ်သည့် လွတ်လပ်ရေးနေ့တွင် နိုင်ငံ သားအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွှတ်ပေးရေး၊ နိုင်ငံသားများ၏ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် အပြည့်အဝ ရရှိရေး၊ နိုင်ငံသားအခွင့်အရေးကို နိုင်ငံသားတိုင်း အပြည့် အ၀ရရှိရေးနှင့် ပြည်သူများအမှန်တ ကယ်အာဏာရှင်လက်အောက်က လွတ်မြောက်ဖို့ တဖက်သတ် ရေးဆွဲထားတဲ့ အခြေခံဥပဒေပြင်ဆင်ရေး အတွက် ဆန္ဒထုတ်ဖော်တောင်းဆိုခြင်းဖြစ်ကြောင်းဆန္ဒထုတ် ဖော်သည့်ရည်ရွယ်ချက်ကို Future Light Center မှ မသက်သက်အောင်က ပြောသည်။

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် အဖွဲ့အစည်း ၂၂ဖွဲ့မှ လက်ရှိ အရပ်သားတစ် ပိုင်းဖြင့် ဖွဲ့စည်းထားသော အစိုးရ လက်ထက်တွင် ဒီမိုကရေစီအသွင်ကူး ပြောင်းရေးပြုလုပ်နေသည်ဟု ဆိုသော်လည်း လက်တွေ့တွင် ပြည်သူများ ကြုံတွေ့နေကြရသည်မှာ မြေယာအဓမ္မသိမ်းဆည်းခံရခြင်း၊ အလုပ်သမား များ မတရားခေါင်း ပုံဖြတ်ခံရခြင်း၊ ကျောင်းသားများကို အခြေမခံသော အမျိုးသားပညာရေးဥပဒေပြဌာန်း ခြင်း၊ နိုင်ငံသားများ အနိုင်ကျင့်သတ်ဖြတ်ခံရခြင်းတို့ အပါအ၀င် နိုင်ငံတစ်နိုင်ငံ ပြန်လည်ထူ ထောင်ရေးနှင့် အသွင် ကူးပြောင်း ရေးကာလတို့တွင် အရေးပါ သော ပြည်သူ့အရေး၊ နိုင်ငံအရေးတက် ကြွလှုပ်ရှားသူများ၊ ပြည်သူလူထု၏ အခြေခံနိုင်ငံသားအခွင့် အ ရေး ကာကွယ်စောင့်ရှောက်သူများကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးထောင် ချခြင်း၊ နိုင်ငံသား တို့၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို တိုက်ရိုက် ပိတ်ပင်ကန့်သတ်ခြင်းများသည် အာဏာရှင် အပြုအမူများဖြစ်ပြီး တစ်နည်းအားဖြင့် ဒီမိုကရေစီကို ဆန့်ကျင်ခြင်း၊ နိုင်ငံသားတို့၏ လွတ်လပ် ရေးကို ဖိနှိပ် သိမ်းယူခြင်းပင်ဖြစ်သည်ဟု ကြေငြာ ချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

Generation Wave မှ ကိုမိုးဃ်သွေးက “စစ်မှန်တဲ့ လွတ်လပ်ရေးရရှိဖို့အတွက် နိုင်ငံရေး၊ လူမှုရေး၊ လူ့အခွင့်အရေး လှုပ်ရှားသူအားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆို ပါတယ်” ဟု ပြောသည်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ လယ်ယာမြေပြန်လည်ရရှိရေး တောင်းဆို သူများ ၁၆၄ဦး အကျဉ်းချခံနေ ရခြင်း၊ ၁၀၃ဦး တရားစွဲဆိုခံထားရဆဲဖြစ်သည်ဟု ၎င်းက ပြောသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် ပါဝင်သည့် Generation Wave၊ အလင်းစေတမန်၊ အဖြူရောင်လက် တွဲများ၊ ပြည်သူ လူထုမြင့်တင်ရေး ကွန်ယက်၊ Future Light Center၊ ဒီမိုကရေစီ အင်အားစု၊ မြန်မာ့ ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လှုပ်ရှားမှု အင်အားစု၊ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်(ဖြစ်မြောက် ရေးကော်မတီ)၊ အကြမ်း မဖက် တရားမျှတမှုပေါ်ပေါက်ရေးလှုပ်ရှားမှုကော်မတီ၊ မြန်မာနိုင်ငံ အလုပ်သ မားသမဂ္ဂများကွန်ယက်၊ မိကျောင်းကန်မြေသိမ်ခံရ သူများ အစရှိသည်တို့ အဖွဲ့အစည်းပေါင်း ၂၂ ဖွဲ့ ပါဝင် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ် သည်။

Mizzima - News in Burmese

No comments:

Post a Comment

My Blog List