Friday, January 09, 2015

ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ်ကို စွပ်စွဲပြစ်တင်မည်


ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်းလပ် ရှင်နာဝပ်အား စွပ်စွဲ ပြစ်တင်မှုကို ဥပဒေ ပြုလွှတ်တော်က ယခုရက်သတ္တ တစ်ပတ်တွင်း စတင် လုပ်ဆောင်မည်ဖြစ်ပြီး ငြိမ်သက်နေသော ထိုင်းနိုင်ငံရေးအတွက် စမ်းသပ်မှုတစ်ခု ဖြစ် လာမည်ဖြစ် ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
၂၀၁၁ ခုနစ် ထိုင်းရွေးကောက်ပွဲတွင် ကျေးလက်နေပြည်သူ သန်းပေါင်း များစွာ၏ ထောက်ခံမှုဖြင့် မဲအပြတ် အသတ် အနိုင်ရခဲ့သော ယင်းလပ်အပေါ် ထောက်ခံသူများစွာ ရှိနေခြင်းကြောင့် တရားစွဲဆို မှုသည် ထိုင်းစစ် အာဏာပိုင် များအတွက် အဓိက စိန်ခေါ်ချက်တစ်ရပ် ဖြစ်နေသည်။

အာဏာ အလွဲသုံးစားပြုသည်ကို စစ်ဆေး တွေ့ရှိရခြင်းကြောင့် ထိုင်းတရားရုံးက ယင်းလပ်ကို မေလအတွင်း ရာထူးမှ ဖယ်ရှားခဲ့ပြီး နောက်ရက်အနည်းငယ် အကြာတွင် ထိုင်းတပ်မတော်က စစ်အာဏာ သိမ်းခဲ့သည်။

ထို့အပြင် အငြင်းပွားမှုများ ဖြစ်ပွားနေသော ဆန်စပါးဝယ်ယူရေး အစီအစဉ်တွင် ဝတ္တရားပျက်ကွက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ထိုင်းအကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေး အေဂျင်စီက ယင်းလပ်ကို စွပ်စွဲထား သည်။

ဆန်ဝယ်ယူရေး အစီအစဉ်တွင် မှားယွင်းမှုများ ပေါ်ပေါက်ခဲ့ခြင်းကြောင့် ဒေါ်လာ ၁၅ ဘီလီယံဖိုး ဆုံးရှုံး ခဲ့ကြောင်း ထိုင်းအမျိုးသား အကျင့်ပျက်လာဘ် စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန် ထားသည်။

ယင်းလပ်ကို စွပ်စွဲပြစ်တင်မည့် အမျိုးသား ဥပဒေပြု ညီလာခံကို စစ်အာဏာ သိမ်းမှု လုပ်ဆောင်ခဲ့သူများ က ရွေးချယ်ထားခြင်းဖြစ်သည်။ကြားနာမှုကို သောကြာနေ့တွင် စတင်မည်ဖြစ်ပြီး ယခုလကုန်ပိုင်းတွင် ဆုံးဖြတ်ချက်ချမှတ် မည်ဟု ဥပဒေပြု ညီလာခံက ပြောကြားသည်။

အပြစ်ရှိကြောင်း စုံစမ်းတွေ့ရှိပါက အစိုးရ ရာထူးထမ်းဆောင်ပိုင်ခွင့် ငါးနှစ် ပိတ်ပင်ခံရနိုင်သည်။

ထိုင်းစစ်အာဏာပိုင်များမှာ နိုင်ငံရေးတည်ငြိမ်အောင် လုပ်ဆောင်နိုင်သော်လည်း အရှေ့တောင်အာရှ၏ ဒုတိယမြောက် အကြီးမားဆုံး ထိုင်းစီးပွားရေးမှာ ပို့ကုန်ကျဆင်းမှု၊ ပြည်တွင်းဝယ်လိုအား ကျဆင်းမှုများ ကြုံတွေ့နေရပြီး ၂၀၀၉ ခုနစ် ပထမ ၉ လပတ်အတွင်း ၀ ဒသမ ၂ ရာခိုင်နှုန်းသာ တိုးတက်ခဲ့သည်။

ထို့အပြင် ဝန်ကြီးချုပ်ဟောင်း ယင်းလပ်အပေါ် တရားစွဲဆိုမှုသည် ယင်းလပ် မိသားစု၏ သြဇာလွှမ်းမိုးမှုကို တိုက်ဖျက်ရန် လုပ်ဆောင်ခြင်းဖြစ်သည်ဟု လေ့လာသုံးသပ်သူများက ပြောကြားထားပြီး ယင်းလပ် အပေါ် ထောက်ခံသူ များ၏ ဆန့်ကျင်မှုနှင့် ကြုံတွေ့နိုင်သည်ဟု သတိပေးထားသည်။

“ယင်းလပ် ဖယ်ရှားခံရရင် စစ်အစိုးရကို ခုခံမှု ပေါ်ပေါက်လာနိုင်ပါတယ်” ဟု ယင်းလပ်လိုလားသော အာဏာရှင် ဆန့်ကျင်ရေး ညီညွတ်သော ဒီမိုကရေစီတပ်ဦး ပြောရေးဆိုခွင့်ရှိသူ သာနာယူက ပြောကြား သည်။

ထိုင်းနိုင်ငံတွင်း ညမထွက်ရအမိန့် ထုတ်ပြန်ထားပြီး ဆန္ဒပြပွဲများ မလုပ်ရဟု ပိတ်ပင်ထားသော်လည်း အချို့သောလယ်သမားများနှင့် တက်ကြွလှုပ်ရှားသူများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြ ပွဲငယ် များကို ဆက်လက် လုပ်ဆောင် လျက်ရှိသည်။

The Voice Weekly

No comments:

Post a Comment

My Blog List