အမျိုးသား ပညာရေး ဥပဒေနှင့် ပတ်သက်၍ ကျောင်းသားထု၏ တောင်းဆိုချက် များကို လျစ်လျူရှုခံထားရဟု ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ သတင်းနှင့်ပြန်ကြား ရေးကော် မတီမှ ကိုရဲရင့်ကျော်က မဇ္ဈိမကို ပြောသည်။
အဆိုပါဥပဒေအား ဆန့်ကျင်လျက်ရှိသည့် ကျောင်းသားထုကြီးက ရက်ပေါင်း ၆၀ အတွင်း ၎င်းတို့ တောင်း ဆိုချက်များကို အစိုးရနှင့် တာဝန်ရှိသူများက ညှိနှိုင်းရန် သဘောထား ကြေညာချက်ထုတ်ပြန် တောင်းဆို ထားရာ သတ်မှတ်ရက်ပြည့်ရန် ရက်သတ္တပတ် နှစ်ပတ် ခန့်သာ လိုတော့သော်လည်း မည်သည့်အကြောင်း ကြားမှုမှ မရှိဟု ၎င်းက ဆိုသည်။
“စာနဲ့လည်းမလာ၊ ဖုန်းနဲ့လည်းမလာဘူး။ ကျွန်တော်တို့ကို ဘယ်လောက်ထိ ဥပေက္ခာပြုလဲဆိုရင် မန္တလေး တက္ကသိုလ် ပတ်ဝန်းကျင်မှာ လှုပ်ရှားမှုလုပ်တော့ သက်ဆိုင်ရာရဲမှူးက စာရွက်ကပ်တာတော့ လုပ်ပါ။ စပ ရေးတော့ မမှုတ်ပါနဲ့လို့ ပြောတယ်။ အမျိုးသားပညာရေးနဲ့ ပတ်သက်ပြီး ဘယ်လို လုပ်လုပ်ဆိုတဲ့ သဘော ကြီး ဖြစ်နေတယ်” ဟု ကိုရဲရင့်ကျော်က ပြောသည်။
၎င်းတို့ ဆန္ဒထုတ်ဖော်မှုများနှင့် ပတ်သက်၍လည်း အမှုဖွင့်ထားသော်လည်း အရေးယူမှုမျိုး လုပ်ဆောင် ခြင်းမရှိဟု ၎င်းက ဆိုသည်။
အမျိုးသား ပညာရေး ဥပဒေ ဆန့်ကျင်ကန့်ကွက်သည့် ဆန္ဒထုတ်ဖော်ပွဲများကို နိုဝင်ဘာ ၁၄ ရက်တွင် မြို့တော်ခန်းမရှေ့မှ စတင်ခဲ့သည်။ ဆန္ဒထုတ်ဖော်မှု ၄ ရက် မြောက်နေ့ဖြစ်သည့် နိုဝင်ဘာ ၁၇ ရက်တွင် ဆန္ဒထုတ်ဖော်မှုများ ရပ်ဆိုင်းလိုက်ပြီး ထိုနေ့မှစတင်ပြီး အစိုးရနှင့် တာဝန်ရှိသူများမှ ရက်ပေါင်း ၆၀ အတွင်း သပိတ်မှောက် ကျောင်းသားများနှင့် လာရောက် စေ့စပ်ညှိနှိုင်းဆောင်ရွက်ရန် ကျောင်းသား များမှ တောင်း ဆိုထားခြင်း ဖြစ်သည်။
ပြဋ္ဌာန်းလိုက်သည့် အမျိုးသား ပညာရေး ဥပဒေတွင် ဗဟိုချုပ်ကိုင်မှုများ ပါဝင်နေခြင်း၊ ဒီမိုကရေစီ မဆန်ခြင်း၊ လူအခွင့်အရေး တန်တူညီမျှမှု မရှိခြင်း၊ ငြိမ်းချမ်းစွာ ပညာသင်ကြားခွင့်ကို အာမခံချက် မပေးနိုင်ခြင်း၊သမဂ္ဂ များ လွတ်လပ်စွာ ဖွဲ့စည်းခွင့် မရှိခြင်း စသည့်အချက်များ ပါဝင်နေသဖြင့် ကျောင်းသားများမှ ဆန္ဒထုတ်ဖော် ကန့်ကွက်နေကြခြင်း ဖြစ်သည်ဟုလည်း သဘောထား ထုတ်ပြန်ထားသည်။
အမျိုးသား ပညာရေး ဥပဒေကို ဆန့်ကျင် ကန့်ကွက်သည့် သပိတ်မှောက် ဆန္ဒထုတ်ဖော်မှုများ ရပ်ဆိုင်းထား ခဲ့သည့် ရက်ပေါင်း ၆၀ အတွင်း လူထုထောက်ခံမှုရရှိအောင် စည်းရုံးရေးနှင့် ၀ါဒဖြန့်ချိရေး လုပ်ငန်းများ၊ စာ တမ်းဖတ်ခြင်း၊ ဆွေးနွေးခြင်း လုပ်ငန်းများကို ဒီမိုကရေစီ ပညာ ရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ပြု လုပ်လျက် ရှိသည်။
ဒီမိုကရေစီ ပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီမှ ကိုအောင်မှိုင်းဆန်းက တောင်းဆိုထားသည့် ရက်ပေါင်း ၆၀ အတွင်း တုံ့ပြန်မှုမရှိပါက ရန်ကုန်မြို့တွင် လုပ်ဆောင်သည့် ဆန္ဒပြမှုထက် ပိုမိုကြီးမား ကျယ်ပြန့်သည့် လှုပ်ရှားမှုများကို လုပ်ဆောင်သွားမည်ဟုလည်း မဇ္ဈိမသို့ ပြောကြားခဲ့ဖူးသည်။
Mizzima - News in Burmese
No comments:
Post a Comment