Tuesday, January 06, 2015

ငြိမ်းချမ်းရေးစာချုပ် ရှေ့လလက်မှတ်ထိုးနိုင်ဖို့ ဦးသိန်းစိန် တိုက်တွန်း


လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေအကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးနိုင်ဖို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

နေပြည်တော် MICC 2 မှာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ တိုက်တွန်းလိုက် တာဖြစ်တယ်လို့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် ဥက္ကဌ ဦးခွန်မြင့်ထွန်းက ပြောပါတယ်။

"ငြိမ်းချမ်းရေးရဲ့ အခြေခံအုတ်မြစ်တွေကို ဒီအစိုးရသက်တမ်း အတောအတွင်းမှာ ခိုင်ခိုင်မာမာဖြစ်အောင် လုပ်နိုင်မှ နောင်တက်လာမယ့် အစိုးရတွေကျလို့ရှိရင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပိုပြီးတော့ အောင်အောင် မြင်မြင် ဖော်ဆောင်နိုင်မယ့် အကြောင်းပေါ့လေ၊ တစ်ပြည်လုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လာမယ့် ပြည်ထောင်စုနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ရေးထိုးနိုင်ဖို့၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်
ရေးဆိုတာကို သူ့အနေနဲ့ နှုတ်နဲ့ပြောတာမဟုတ်ဘဲနဲ့ အခိုင်အမာပြောဆိုတယ်ဆိုတဲ့အကြောင်း သမ္မတကြီး ကလည်း ပြောပါတယ်"

နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံအပြီးမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့ ခေါင်းဆောင်တွေဟာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံရာမှာ ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရရှိဖို့ အကောင် အထည်ဖော်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတော်သမ္မတနဲ့ တွေ့ဆုံတဲ့ပွဲကို ကရင်အမျိုးသားအစည်းအရုံး၊ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ၊ ရှမ်း
ပြည်ပြန်လည်ထူထောင်ရေးကောင်စီ၊ ပအိုဝ်းလွတ်မြောက်ရေးအဖွဲ့ချုပ်၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၂ ဖွဲ့က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ပါတယ်။

RFA Burmese

No comments:

Post a Comment

My Blog List