Wednesday, January 21, 2015

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အား CNA သတင်းဌာနမှ တွေ့ဆုံမေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားချက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပတ်သက်သော အမေးအဖြေ ကဏ္ဍ


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၂ဝ၁၅ ခုနှစ် ဇန်နဝါရီ ၈ ရက်၌ CNA သတင်းဌာနအား လက်ခံတွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပတ်သက်သော သိရှိလိုသည်များ မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားခဲ့သည်များကို CNA သတင်းဌာနမှ ဇန်နဝါရီ ၁၉ ရက်တွင် ထုတ်နှုတ်၍ ထုတ်လွှင့်သွားခဲ့ပါသည်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးနှင့် ပတ်သတ်၍ ဖြေကြားချက် အပြည့်အစုံ အား အောက်ပါအတိုင်း ဖေါ်ပြ အပ်ပါသည်-

CNA - တည်ငြိမ်ရေးနှင့် ပတ်သက်ပြီးတော့ မကြာခဏ ပြောခဲ့ပါတယ်၊ မြန်မာနိုင်ငံက တည်ငြိမ် အေးချမ်းဖို့ အတွက် ဖေဖေါ်ဝါရီလမှာ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ် ရေးထိုး သွားမယ်လို့ ကြားရပါတယ်၊ အဲဒါ ဖြစ်နိုင်ခြေ ရှိပါသလား။

ဗိုလ်ချုပ်မှူးကြီး - ဒါကလည်း လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေ အပေါ်မှာလည်း တည်လိမ့် မယ်၊ သူတို့ တစ်ကယ် ငြိမ်းချမ်းရေး လိုချင်သလား၊ သူတို့တစ်ကယ် ငြိမ်းချမ်းရေး လိုချင်တယ် ဆိုရင်တော့ ငြိမ်းချမ်းရေး မရစရာ အကြောင်းမရှိဘူး၊ ကျွန်တော်တို့ သွားနေတာ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်း သွားနေတာ၊ ပါတီစုံ ဒီမိုကရေစီ လမ်းကြောင်းဟာ တရားဥပဒေနှင့် အညီ အေးအေးချမ်းချမ်း သွားရမယ့် ကိစ္စဖြစ်တယ်၊ ဒါကလည်း ပြည်သူက ရွေးချယ်တဲ့ လမ်းကြောင်း ဖြစ်တယ်၊ ဒါကြောင့် ကျွန်တော်တို့ကလည်း သူတို့ကို နေရာပေးပြီး တော့ဒီလမ်းကြောင်းပေါ် ရောက်အောင် ခေါ်နေတယ်၊ ကျွန်တော် တို့ အနေနဲ့လည်း လွန်ခဲ့တဲ့ ၂ဝ၁၄ ခုနှစ် သြဂုတ်လထဲမှာ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို လက်မှတ် ရေးထိုးနိုင်ဖို့ ကြိုးစားခဲ့ တယ်။

သို့သော် အကြောင်း အမျိုးမျိုးကြောင့် မရခဲ့ဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ တစ်ချို့နေရာတွေ မှာမဖြစ်နိုင်တဲ့ ပြော ဆိုမှုတွေ၊ တောင်းဆိုမှုတွေ ရှိတဲ့ အတွက်ကြောင့် ဒါတွေ ပြန်ပြီး ညှိနှိုင်းနေရတာ ရှိတယ်၊ တကယ်လို့သာ ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ တကယ်သူတို့ သွားချင်တဲ့ ဆန္ဒရှိတယ်၊ တိုင်းပြည်ပေါ်မှာလည်း စည်းစည်း လုံးလုံးနဲ့ ဖွံ့ဖြိုး တိုးတက်အောင် လုပ်ချင်တဲ့ စိတ်ဆန္ဒ ရှိတယ်ဆိုရင် သူတို့ရွေးစရာ ဒီလမ်းကြောင်းဆိုတာ သူတို့သိပါတယ်၊ ဒါကြောင့် ကျွန်တော့် အနေနဲ့က သူတို့ တစ်ကယ်လို့သာ ဒီလမ်းကြောင်း ပေါ်မှာလာမယ် ဆိုလို့ရှိရင် ကျွန်တော်တို့ အမြဲတမ်း အားလုံးကြိုဆို နေပါမယ်၊ အဓိက ကတော့ ဒီမိုကရေစီ စနစ်အပေါ်မှာ သူတို့ လက်ခံပြီးတော့မှ တစ်ကယ်ကို သူတို့ စိတ်ဆန္ဒနဲ့ လုပ်ဆောင်ဖို့ လိုပါတယ်၊ အခွင့်အရေး တစ်ရပ် အနေနဲ့ လုပ်ဆောင်မယ်ဆိုရင် တစ်ချို့ဟာ တွေမှာ ဥပဒေနှင့် မညီရင် ကျွန်တော်တို့ လုပ်လို့မရဘူး၊ ဥပဒေ နဲ့ပဲ သွားရမှာ ဖြစ်ပါတယ်၊ ကျွန်တော့် အနေနဲ့ကတော့ တကယ် မျှော်လင့်ထားတယ်၊ ကျွန်တော် အမျှော်လင့် ဆုံးက အဲဒါပဲ ဘာလို့လဲဆိုတော့ ကျွန်တော်တို့လည်း ကိုယ့်တိုင်းပြည်နဲ့ ပတ်သက်လာရင် အကောင်းဘက် ကိုပဲ အများကြီး သွားချင်ပါတယ်၊ အငြင်းပွားနေလို့ မဖြစ်ပါဘူး၊ အငြင်းပွားနေတာ တိုင်းပြည်ရဲ့ တိုးတက်မှုကို အများကြီး အနှောက်အယှက် ပေးပါတယ်၊ ဒါကြောင့် ကျွန်တော် တို့အနေနဲ့ အားလုံးကို တူညီတဲ့ စိတ်ဆန္ဒနဲ့ ပူးပေါင်းပြီးတော့မှ တိုင်းပြည်ကို ကောင်းအောင် လုပ်မယ်ဆိုတဲ့ စိတ်နဲ့ပဲ သွားဖို့က အဓိက ကျပါတယ်။

CNA - လက်နက်ကိုင် တပ်ဖွဲ့တွေက တပ်မတော်က ဒီငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အတွက်ကို အနှောင့် အယှက် သဘောမျိုး ဖြစ်စေတဲ့ ပစ်ခတ်မှု မကြာခဏ ဖြစ်တာကလည်း သူတို့ ဆွေးနွေးရေးကို အများကြီး အနှောင့်အယှက် ပိုဖြစ်စေပါ တယ်၊ ရှေ့ဆက်ပြီး ခြေလှမ်းတစ်လှမ်းတိုးဘို့ နောက်ကိုသုံးလှမ်း ပြန်ဆုတ် နေ သလို ဖြစ်နေပါတယ်။

ဗိုလ်ချုပ်မှူးကြီး - ကျွန်တော် ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ဖက်က မူဝါဒ ခြောက်ချက် ပေး ထားတယ်၊ နံပါတ် ၁ အချက် အမှန်တကယ် ငြိမ်းချမ်းရေး လိုချင်စိတ် ရှိရမည်။ သဘော တူညီထားမှုအပေါ် အမြတ်မထုတ်ရဘူး။ ပြည်သူလူထု အပေါ်မှာ ဝန်ထုပ်ဝန်ပိုး မဖြစ်ဖို့ နောက်ထုတ်ပြန်ထားတဲ့ တရား ဥပဒေတွေကို လိုက်နာဖို့ လိုတယ်။ ကျွန်တော်တို့ ကျင့်သုံးနေတဲ့ ဒီမိုကရေစီ စနစ်ကို လက်ခံပြီး ၂ဝဝ၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို လျှောက်လှမ်းနေတဲ့ လမ်းကြောင်း ပေါ်ကိုလိုက်ပါဖို့ ပြောထားတာ ရှိပါတယ်။ 

ဒီသဘောတူထားတဲ့ ကတိကဝတ်တွေကို လိုက်နာဖို့ဆိုတဲ့ နေရာမှာ ဒါတွေမျိုးစုံ ချိုးဖေါက် လာတာ တွေ့ရ တယ်။ ပြန်ကြည့်မယ်ဆိုရင် ပစ်ခတ်မှုရှိတဲ့ နေရာတွေ ရှိသလို ပစ်ခတ်မှု မရှိတဲ့ နေရာတွေ ရှိတယ်၊ ပစ်ခတ်မှု မရှိတဲ့ နေရာတွေက ဘာကြောင့် မဖြစ်လဲဆိုတော့ သူတို့ သဘောတူညီချက် တွေပေါ်မှာ အလေးထားတဲ့ အတွက်ကြောင့် ပြဿနာ မရှိဘူး၊ ပစ်ခတ်မှုရှိတဲ့ နေရာတွေ ကျတော့ သဘောတူညီမှုတွေ အပေါ် အလေးထား ပြီး လိုက်နာမှု မရှိတဲ့ အတွက်ကြောင့် ဖြစ်လာတဲ့ ပြဿနာတွေ ဖြစ်တယ်။ ဥပမာအားဖြင့် တစ်ချို့နယ်မြေ တွေမှာ ဝင်ပြီးတော့မှ ပြည်သူလူထုနှင့် အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ လုံခြုံရေးယူတဲ့ အဖွဲ့အစည်းတွေကို နှောင့် ယှက်တာတွေ လုပ်တာတွေ ရှိတယ်။ ဒါတွေကတော့ ကျွန်တော်တို့ ကာကွယ်ရမှာ ဖြစ်တယ်။ မကာကွယ်လို့ မရဘူး။ အဲတော့ ပစ်ခတ်မှုတွေ ဖြစ်တဲ့နေရာကို ကြည့်မယ်ဆိုရင် သူတို့ ဌာနချုပ်တွေမှာ တစ်ခုမှ မရှိဘူး။ ကျွန်တော်တို့ သူတို့ ဌာနချုပ်မှာ ဘာတစ်ခုမှ သွားမလုပ်ဘူး။ အတွင်းထဲမှာ ဆက်သွယ်ရေး လမ်းကြောင်း
တွေပေါ်မှာ၊ ဒါမှမဟုတ် အုပ်ချုပ်မှု အလှမ်းဝေးတဲ့ နေရာမှာ ဖြစ်နေတာကို ခင်ဗျား သတိပြုမိ လိမ့်မယ်။ ဒါကြောင့် သူတို့တွေနဲ့ ဒီဟာတွေပေါ်မှာ အလေးထား ဆောင်ရွက်မယ်ဆိုရင် အပစ်အခတ် ရပ်စဲရေးစာချုပ် လက်မှတ် ရေးထိုးနိုင်ဖို့ တစ်လှမ်းမဟုတ်ဘူး နှစ်လှမ်းမဟုတ်ဘူး သုံးလှမ်း မဟုတ်ဘူး အများကြီး ခုန်ကျော် ပြီး လှမ်းလို့ရတယ်။

CNA - သူတို့ပြောတာကတော့ သူတို့ဘက်က ဒီသဘော တူညီချက်ကို အလေးထား ပါတယ်၊ တပ်မတော် ဘက်ကသာ အလေး မထားတာပါ၊ တပ်မတော် ဘက်ကသာ သူတို့ရဲ့ပိုင်နက်ထဲကို ဝင်ရောက်လို့ ဖြစ်ရ တာပါတဲ့။
ဗိုလ်ချုပ်မှူးကြီး - ဒါသူတို့ ပြောတာပဲ။ အဲတော့ ပစ်ခတ်မှု မဖြစ်တဲ့ နယ်မြေတွေ အများကြီး ရှိတယ်။ အဲတော့ သူတို့ဘာမှ အသံမထွက်ပါဘူး။ ဘာမှ မပြောဘူး။ သူတို့လည်း ငြိမ်းချမ်းရေး သွားဖို့အတွက် သူတို့အား သန် နေ ကြတယ်။ တစ်နေ့ကမှ ကျွန်တော်နဲ့ တွေ့ပါတယ်၊ တွေ့တဲ့ အချိန်မှာလည်း သူတို့တွေ အနေနဲ့ ငြိမ်းချမ်းရေး တကယ်လိုချင်တဲ့ အကြောင်းကိုပဲ သူတို့ ပြောတယ်။ ကျွန်တော်ဆိုလို့ ရှိရင်လည်း အကြိမ်ကြိမ် အခါခါပေါ့၊ သူတို့ကိုလည်း တိုက်ရိုက် ပြော တာရှိတယ်။ တစ်ချို့ နေရာတွေမှာ ကျွန်တော်က သူတို့ သိအောင် ပြောတာလည်း ရှိတယ်။ တကယ့် ကျွန်တော်တို့ရဲ့ စိတ်အမှန်ကတော့ တိုင်းပြည် တည်ငြိမ်အေး ချမ်းဖို့ ကျွန်တော်တို့ လိုချင်တယ်။ ဒါကျွန်တော်တို့ရဲ့ စိတ်အမှန်ပဲ။

CNA - တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်ကို ရွေးကောက်ပွဲ မတိုင်ခင်မှာ ထိုးနိုင်ဖို့ ဘယ်လို မြင်ပါ သလဲ။

ဗိုလ်ချုပ်မှူးကြီး - ကျွန်တော့ ဘက်ကတော့ ထိုးနိုင်မယ်လို့ မျှော်လင့်ထားတယ်။ သို့သော် သူတို့ဘက်က အခြေအနေပေါ်လည်း အများကြီး တည်လိမ့်မယ်။ သူတို့ဘက်က ကျွန်တော်တို့ ဘက်နဲ့ ညှိနှိုင်းပြီးတော့မှ ရတဲ့ အချက်တွေဟာ ခိုင်ခိုင်မာမာ ဖြစ်လာပြီဆိုရင် သူတို့လည်း ဒီလမ်းကြောင်းပေါ်မှာ ပါလာမှာပါ။

CNA - ဆက်မေးမှာတော့ ဒီလမ်းကြောင်း မတိုင်ခင်မှာ ပင်စင် ယူမှာလား၊ ဒါမှမဟုတ် ဒီလို အခြေအနေတွေ ပြီးအောင် ဆောင်ရွက်ပြီးမှ ယူမှာလား။

ဗိုလ်ချုပ်မှူးကြီး - ကျွန်တော်တို့ စစ်မှုထမ်း၊ နိုင်ငံ့ဝန်ထမ်း ဥပဒေအရ အသက် ၆ဝ ပြည့်ရင် အငြိမ်းစား ယူပါ တယ်၊ အဲတော့ ကျွန်တော်အသက် ၆ဝ မပြည့်ခင် ဒီကိစ္စတွေ ပြီးမယ် မပြီးဘူး ဆိုတာတော့ အခြေအနေ အများကြီးအပေါ် မူတည်နေတယ်။ ကျွန်တော် ပင်စင် မယူခင် Cease Fire လက်မှတ် မထိုး ရသေးလို့ ကျွန်တော် ပင်စင်မယူဘူးလို့ သွားလုပ်လို့ မရဘူး၊ ဥပဒေ အတိုင်းပဲ သွားရမယ်။ ဥပဒေက ခွင့်ပြုတဲ့ အတိုင်းဘဲ သွားရမယ်။ ကျွန်တော် အသက် ၆ဝ မပြည့်ခင် ဖြစ်ရင်လည်း ဖြစ်သွားမှာပေါ့။ အသက် ၆ဝ ပြည့်သွားလို့ မဖြစ်ရင် လည်း တာဝန် ရှိတဲ့သူ ဆက်လုပ်လိမ့်မယ်။ ကျွန်တော်လည်း လုပ်နိုင်တဲ့ ကဏ္ဍကနေ ဝိုင်းကူ ပေးမှာပေါ့။ ကျွန်တော့် အနေနဲ့ကတော့ ကျွန်တော်ရှိတဲ့ အချိန်မှာ ဖြစ်ချင်တာပေါ့။

Senior General Min Aung Hlaing

No comments:

Post a Comment

My Blog List