Friday, January 23, 2015

ကိုရီးယားနှစ်နိုင်ငံ ဆွေးနွေးမည့်အစီအစဉ်ကို ပြန်လည်သုံးသပ်ဖွယ်ရှိဟု မြောက် ကိုရီးယား ခြိမ်းခြောက်


တောင်ကိုရီးယားဘက်မှ ဝါဒဖြန့် လေပူဖောင်းများ လွှတ်တင်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ကိုရီးယားနှစ်နိုင် ငံ တွေ့ဆုံဆွေးနွေးရေး အစီအစဉ်ကို မိမိတို့ ပြန်လည် စဉ်းစားနေပြီဟု မြောက်ကိုရီးယား အစိုးရက ခြိမ်းခြောက် ပြောကြားခဲ့သည်။
မြောက်ကိုရီးယားဘက်မှ ကူးပြောင်း ခိုလှုံလာသူ ပါ့ခ်ဆန်ဟော့ခ် သည် တောင်ကိုရီးယားရှိ အမေရိကန် လူ့အခွင့်အရေး ဖောင်ဒေးရှင်း တစ်ခုနှင့် ပူးပေါင်းပြီး မြောက်ကိုရီးယား ဆန့်ကျင်ရေး လက်ကမ်းစာစောင်များ ပါရှိသည့် လေပူဖောင်း တစ်သိန်းခန့်ကို နှစ်နိုင်ငံ နယ်စပ်အနီးမှ လွှတ်တင်ခဲ့သည်။

ယခုသီတင်းပတ် အစောပိုင်းက အကောင်အထည် ဖော်ခဲ့သည့် အဆိုပါ ကိစ္စကို မြောက်ကိုရီးယား အစိုးရ က ဒေါသထွက်နေပြီး အကျိုးဆက် အနေဖြင့် နှစ်နိုင်ငံ ခေါင်းဆောင်ပိုင်း တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်း ထားမှုကို ပြန်လည် စဉ်းစားနေပြီဟု သတိပေးခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားက မိမိတို့ကို ဆန့်ကျင်သည့် လက်ကမ်းစာစောင်များ ပါရှိသည့် လေပူဖောင်းများ လွှတ် တင်ခြင်းသည် ကြီးမားသော ရန်စလှုံ့ဆော်မှု တစ်ခုဟု ယူဆပြီး ကိုရီးယားနှစ်နိုင်ငံ ပြန်လည် ပေါင်း စည်းရေး ကဏ္ဍကို ထိပါးစေလိမ့်မည်ဟု အစိုးရ အာဘော်များကို ဖော်ပြနေသည့် KCNA သတင်းဌာနက ထုတ်လွှင့်ခဲ့သည်။

ထို့အပြင် လူပေလူတေ အချို့၏ ဝါဒဖြန့် လေပူဖောင်းများ လွှတ်တင်နေမှုကို တောင်ကိုရီးယား အစိုးရက ဆက်လက် ခွင့်ပြုထားပါက ပျက်စီးဆုံးရှုံးမှုများနှင့် ကြုံရလိမ့်မည်ဟု ခြိမ်းခြောက်ထားပြီး ယခုဖြစ်ရပ်ကို အမေရိကန်က ကြိုးကိုင် စီမံခြင်းဟုလည်း စွပ်စွဲခဲ့သည်။

နယ်စပ်ဒေသမှ ဝါဒဖြန့် လေပူဖောင်းများ လွှတ်တင်ခြင်းကို မြောက်ကိုရီးယား အစိုးရက တောက်လျှောက် ရှုတ်ချခဲ့ပြီး ယင်းတို့ကို အပြီးအပိုင် တားမြစ်ပေးရန် ယခုလအတွင်း တောင်ကိုရီးယားထံ တောင်းဆိုခဲ့သည်။

သို့သော်လည်း တောင်ကိုရီးယား အစိုးရကမူ ပြုပြင်ပြောင်းလဲရေး လှုပ်ရှားသူများအတွက် ဒီမိုကရေစီရေး အရ ယင်းကဲ့သို့ လုပ်ပိုင်ခွင့် အပြည့်ရှိကြောင်း အခိုင်အမာ ပြောဆိုထားသည်။

Ref: CNA
7Day Daily

No comments:

Post a Comment

My Blog List