Thursday, January 22, 2015

ရန်ကုန်တိုင်းတွင် အဋ္ဌမတန်း အကြိုစာမေးပွဲ အောင်မြင်သူ လေးပုံတစ်ပုံသာရှိ


အစိုးရသစ်လက်ထက် ပညာရေးဝန်ကြီးဌာနက ပြင်ဆင်ပြောင်းလဲလိုက်သည့် စနစ်သစ်အရ တိုင်းအဆင့် က မေးခွန်းထုတ် စစ်ဆေးသော အဋ္ဌမတန်းစာမေးပွဲ အကြိုကို လွန်ခဲ့သော ဒီဇင်ဘာလခန့်က စစ်ဆေးခဲ့ရာ ရန်ကုန်တိုင်း တစ်တိုင်းလုံးတွင် အောင်ချက် ၂၅ ရာခိုင်နှုန်း (လေးပုံတစ်ပုံ)သာ ရှိခဲ့ကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက  ပြောကြားသည်။
အလားတူ စတုတ္ထတန်းအဆင့် ခရိုင်စစ်စာမေးပွဲတွင်လည်း အောင်မြင်သူ ၄၀ ရာခိုင်နှုန်းသာ ရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ကျရှုံးသူအများဆုံး ဘာသာများတွင် အင်္ဂလိပ်ဘာသာနှင့် သင်္ချာဘာသာတို့ ပါဝင်ပြီး မြန်မာဘာသာမှလွဲ၍ ကျန်ဘာသာရပ်များတွင်လည်း ကျရှုံးသူ များကြောင်း၊ ယင်းကြောင့် လာမည့် ဖေဖော်ဝါရီလတွင် ထပ်မံ စစ်ဆေးမည့် တတ်မြောက်စစ်ဆေးခြင်း စာမေးပွဲကြီးအတွက် အချိန်ပိုနှင့် စာကျက်ဝိုင်းများ တိုးမြှင့်သင် ကြားပေးရန် ညွှန်ကြားထားကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

“ယခင်နှစ်တွေကတော့ တစ်လစာ တစ်လကျက်ကြတာကိုး။ ဒီနှစ်မှ စာမေးပွဲ စနစ် ပြောင်းလိုက်တဲ့အခါ အစအဆုံး ကျက်မှတ်တဲ့သူ နည်းတာကြောင့် ဒီလို ဖြစ်သွားတာပါ” ဟု ၎င်းက ရှင်းပြသည်။

ဒီဇင်ဘာလက ကျင်းပသော အကြိုတတ်မြောက်မှု စစ်ဆေးသည့် စာမေးပွဲ များတွင် သတ်မှတ်ထားသော သင်ရိုးညွှန်းတမ်း အားလုံးကို ခြုံငုံမေးမြန်း ခဲ့သောကြောင့် ဖြေဆိုနိုင်သူ နည်းပါးခဲ့ခြင်း ဖြစ်ပြီး ယခင် က နိုဝင်ဘာလကုန် အထိ သင်ကြားပြီးသော သင်ခန်းစာများသာ မေးမြန်းမည်ဟု အခြေခံပညာဆရာ၊ ဆရာမများထံ အကြောင်းကြားထားကြောင်း ပညာရေး အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

“နိုဝင်ဘာလကုန်အထိက သင်ခန်းစာတွေပဲ မေးမယ်လို့ ပြောပေမယ့် ဒီဇင်ဘာလ သင်ရိုးထဲက ၁၁ မှတ်ဖိုးလောက် မေးလိုက်တဲ့ အခါကျတော့ အမှတ်ပြည့်ရမယ့် ကျောင်းသားက ၉၀ တောင် မပြည့်တော့ဘဲ နဂိုကတည်းက မရတဲ့ ကျောင်းသားဆို ပိုဆိုးသွားတာပေါ့” ဟု ရန်ကုန်မြို့တော်ရှိ အခြေခံပညာ အထက် တန်းကျောင်းမှ အလယ်တန်းပြ ဆရာမတစ်ဦးက The Voice သို့ ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၄-၂၀၁၅ ပညာသင်နှစ် အဋ္ဌမတန်း ကျောင်း သား၊ ကျောင်းသူ ၈၃,၀၀၀ ကျော်ရှိပြီး စတုတ္ထတန်းအဆင့် ကျောင်းသား၊ ကျောင်း သူ ၁၀၇,၀၀၀ ကျော် ရှိကြောင်း အမှတ် (၃) အခြေခံပညာဦးစီးဌာနမှ စုံစမ်းသိရှိရသည်။

မကြာမီ ဖေဖော်ဝါရီလ ၁၉ ရက်မှ ၂၆ ရက်နေ့အထိ နိုင်ငံတစ်ဝန်းလုံးတွင် တတ်မြောက်မှု စစ်ဆေးသော စာမေးပွဲ ထပ်မံကျင်းပသွားမည် ဖြစ်သည်။

The Voice Weekly

No comments:

Post a Comment

My Blog List