Friday, January 23, 2015

ဆန်စပါးအမှု အာဏာအလွဲသုံးစားလုပ်ခြင်းမဟုတ်ဟု ယင်လပ်ပြော


ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လပ် ရှင်နာဝပ်က နိုင်ငံတွင်း အကြီးအကျယ် အရှုံးပေါ်စေခဲ့တဲ့ ဆန်စပါးကိစ္စမှာ အာဏာအလွဲသုံးစားလုပ်ဖို့ ဒါမှမဟုတ် လိမ်ညာဖို့ လုံးလုံးမရည်ရွယ်ခဲ့ဘူးလို့ အမျိုးသား ဥပဒေပြုလွှတ်တော် (NLA) ကို ဒီနေ့ အခိုင်အမာ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် လွှတ်တော်အဖွဲ့ဝင်တွေကိုလည်း တရားမျှတမှုကို ပေးဖို့ သနားခံခဲ့ပါတယ်။

ထိုင်းစစ်တပ်က ကြီးစိုးထားတဲ့ လွှတ်တော်ဟာ ဝန်ကြီးချုပ်ဟောင်း ယင်လပ်အပေါ် စွဲချက်တင်ကြားနာမှုကို ဇန်န၀ါရီ ၂၃ ရက်နေ့ မဲပေးမှာပါ။

ဒါဟာ ဘန်ကောက်နေ လူလတ်တန်းစား ကျောထောက်နောက်ခံပေးထားတဲ့ တော်ဝင်အသိုင်းအဝိုင်းနဲ့ ကျေးလက်ဆင်းရဲသားတွေကြား အထိခိုက်မခံတဲ့ တည်ငြိမ်မှုကို စမ်းသပ်ချက်လည်း ဖြစ်ပါတယ်။

တကယ်လို့ ပြစ်မှုထင်ရှားခဲ့ရင် ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ယင်လပ်ရှင်နာဝပ်ဟာ နိုင်ငံရေးမှာ ဆက်လက်ပါဝင်မှုကနေ ၅ နှစ်တားမြစ်ခံရမှာ ဖြစ်ပါတယ်။

မေလက အာဏာအလွဲသုံးစားလုပ်မှုနဲ့ ရာထူးက ဖယ်ရှားခံရတဲ့ ယင်လပ်ကို စွဲထားတဲ့ စွဲချက်ဖြစ်တဲ့ ဆန်စပါးအစီအစဉ်ဟာ ၂၀၁၁ ရွေးကောက်ပွဲကို အပြတ်အသတ်နိုင်ဖို့ ကူညီခဲ့တာပါ။

ဆန်စပါးအစီအစဉ်ကို ရပ်ဖို့ ကြိုးစားရမယ့်အစား တိုင်းပြည်အတွက် အကြီးအကျယ် ဆုံးရှုံးစေမယ့် မူဝါဒကို ဆက်ပြီး လုပ်ခဲ့ကြောင်း စွပ်စွဲခံထားရတယ်လို့ စွဲချက်တင်တဲ့ ကော်မတီအကြီးအကဲ အမျိုးသား အဂတိ လိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်နာ မင်းကြီး ဝီချာ မဟာခွန်က ပြောပါတယ်။

ယင်လပ်ကတော့ ဒီအမှုက နိုင်ငံရေးအရ စီစဉ်ချက်လို့ ပြောပြီး နိုင်ငံရေးကနေ တားမြစ်ချက်ဟာ သူ့ရဲ့ အခြေခံအခွင့်အရေးကို ချိုးဖောက်တာလို့လည်း ဆိုပါတယ်။

စစ်အာဏာသိမ်းအစိုးရခေါင်းဆောင် ဝန်ကြီးချုပ် ပရာယွတ်သ် ချန်အိုချာ ကတော့ လမ်းပေါ်အကြမ်းဖက် မှုတွေ ပြန်ဖြစ်မှာ စိုးရိမ်လို့ ယင်လပ်ကို ထောက်ခံသူတွေ ဒီသတင်းပတ်အတွင်း မြို့တော်ဘန်ကောက် အပြင်မှာ နေကြဖို့ တိုက်တွန်းထားပါတယ်။

ယင်လပ်ကိုထောက်ခံသူတွေကတော့ ဒီအမှုဟာ သြဇာကြီးတဲ့ ယင်လပ်လို့မိသားစုရဲ့ လွှမ်းမိုးမှုကို ကန့်သတ်ဖို့ စစ်အစိုးရရဲ့ ကျယ်ပြန်တဲ့ လုပ်ဆောင်ချက် အစိတ်အပိုင်းလို့ ပြောပါတယ်။

ထိုင်းနိုင်ငံဟာ စစ်ဥပဒေအုပ်ချုပ်မှုလက်အောက်မှာ ရှိနေဆဲဖြစ်ပြီး လူထုစည်းဝေးမှုကိုလည်း တားမြစ်ပိတ် ပင်ထားပါတယ်။

DVB

No comments:

Post a Comment

My Blog List